တောင်ကိုရီးယားသမ္မတ ကိုယ်စားလှယ်လောင်းက မုဒိမ်းကျင့်ရန် ကြံစည်ခဲ့မှုကို ငြင်းဆို

မတ် ၃၁ ရက်က ဆိုးလ်တွင် သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရပြီးနောက် စကားပြောနေသော ဟောင်ယွန်းပျို (Photo : AFP)

တောင်ကိုရီးယားသမ္မတ ကိုယ်စားလှယ်လောင်း ဟောင်ယွန်းပျိုသည် သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်တွင် ချိန်းတွေ့ကာ မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့မှု အရှုပ်တော်ပုံကို ၀န်ခံခဲ့မှုအား မဲဆန္ဒရှင်များ၏ ဒေါသများ မြင့်တက်လာချိန်၌ ဧပြီ ၂၁ ရက်တွင် ငြင်းဆိုလိုက်ကြောင်း သိရသည်။

ရန်လိုကာ ပြဿနာရှာတတ်သည့် အစိုးရရှေ့နေမှ နိုင်ငံရေးသမား အဖြစ်သို့ ပြောင်းလာသူဖြစ်ပြီး ဖယ်ရှားခံလိုက်ရသော သမ္မတပက်ကွမ်ဟီး၏ ကွန်ဆာဗေးတစ် ကိုယ်စားလှယ်လောင်းဖြစ်သူ ဟောင်ယွန်းပျိုသည် ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သည့်အပြင် မိမိနှင့် လိင်မတူသူများကို ချိုးနှိမ်ပြောဆိုတတ်သည့် မှတ်ချက်များကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် နှိုင်းယှဉ်ခံရသူဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် ဟောင်က ဂုဏ်သိက္ခာမြင့်မားသော ကိုရီးယားတက္ကသိုလ် ပထမနှစ် ကျောင်းသားဘ၀ အမှတ်ရချက်များ ရေးသားခဲ့ရာ၌ သူ၏ ဘော်ဒါဆောင်မှ အခန်းဖော်တစ်ဦးက ၎င်းတို့ထံမှ လိင်စိတ်ကို နှိုးဆော်ပေးသည့်ဆေး ရရှိရန် အကူအညီ တောင်းခဲ့ပြီး သူကြိုက်နေသည့် မိန်းကလေး တစ်ဦးအားတိုက်မည့် ဘီယာထဲ ထည့်ခဲ့ကြောင်း ပါရှိခဲ့သည်။

ယင်းစာအုပ်ထဲတွင် ရေးသားချက်အရ အဆိုပါ သူငယ်ချင်းသည် ညသန်းခေါင်ယံအချိန်၌ အဆောင်သို့ ပြန်လာသည့်အခါ မျက်နှာ၌ ခြစ်ရာကုတ်ရာများဖြင့် ရှပ်အင်္ကျီမှာလည်း စုတ်ပြဲနေကြောင်း သိရသည်။

“သူကပြောတယ်။ ဆေးက အလုပ်မဖြစ်ဘူးတဲ့။ သူက ကောင်မလေးရဲ့ အ၀တ်အစားတွေချွတ်ဖို့ ကြိုးစားတဲ့အခါ ကောင်မလေးက ထလာပြီး အပြင်းအထန် ခုခံတယ်တဲ့။ သူ့ကို ကိုက်တဲ့အပြင် မျက်နှာကိုလည်း ကုတ်ဖဲ့တယ်” ဟု ဟောင်က ရေးသားခဲ့သည်။

“ဆေးက အစစ်ဆိုရင် အလုပ်ဖြစ်ရမယ်လို့ သူကယုံကြည်တယ်။ ကျွန်တော်တို့က ပြောလိုက်တယ်။ ဟုတ်တယ်၊ ဒါကအစစ်ပဲ။ တောတွေမှာ ၀က်တွေကို မိတ်လိုက်စေဖို့ ဒီဆေးကို သုံးလေ့ရှိတယ်။ ဒါက လူတွေမှာလည်း ထိရောက်တယ်လို့ ကျွန်တော်တို့က သူ့ကိုပြောလိုက်တယ်” ဟုလည်း ဟောင်က ရေးသားခဲ့သည်။

ဟောင်သည် နောက်ပိုင်း၌ ရာဇ၀တ်မှုများကို တရားစွဲဆိုသည့် အစိုးရရှေ့နေ ဖြစ်လာသည်။

ယင်းအဖြစ်အပျက်ကို နောက်ပြောင်ကျီစယ်မှုဟု ခေါ်ဆိုကာ “ဒီလို ကျီစားမှုက သိပ်ကိုမှားတာပဲ” ဟု ရေးသားခဲ့သည်။

“ကျွန်တော် အဲဒီအချိန်ကို ပြန်သွားလို့ရရင် အဲဒီလို စွန့်စားမှုမျိုးမှာ နောက်ဘယ်တော့မှ ပါတော့မှာ မဟုတ်ဘူး” ဟု ရေးသားခဲ့သည်။

သို့သော် သူ၏၀န်ခံချက်များသည် မေ ၉ ရက် သမ္မတရွေးကောက်ပွဲမတိုင်မီ ဒေါသထွက် အငြင်းပွားဖွယ်ရာ အချက်အချာကိစ္စ ဖြစ်လာသည်။

“လိင်ဆိုင်ရာပြစ်မှုက နောက်ပြောင်ကျီစယ်မှုလား။ ခင်ဗျားဟာ သမ္မတကိုယ်စားလှယ်လောင်းဖြစ်ဖို့ မထိုက်တန်ဘူး” ဟု အင်တာနက် အသုံးပြုသူ တစ်ဦးက ပို့စ်တင်ခဲ့သည်။

ဂျီအွန်ဆန်း တောင်ပိုင်းပြည်နယ်၏ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ခဲ့သူကို လစ်ဘာတီကိုရီးယားပါတီက ကျောထောက်နောက်ခံ ပြုပေးထားပြီး ယင်းသည် အယုံအကြည်မရှိ အဆိုတင်သွင်းခံရသော သမ္မတမှနေ၍ ၎င်း၏အမည်ကို ခွာထုတ်လျက် ပြောင်းလဲနိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

“သူ့လိုလူတစ်ယောက်က ဘယ်လို သမ္မတလောင်း ဖြစ်လာတာလဲ။ သူဟာ လိင်ဆိုင်ရာ ပြစ်မှုမှာ ပူးပေါင်းပါဝင်ခဲ့ပြီး အဲဒီအတွေ့အကြုံကို ကြွားပြီး ရေးလိုက်သေးတယ်။ ပြစ်မှုကျူးလွန်တဲ့ စိတ္တဗေဒကို လေ့လာဖို့ရာ သူကလူနာ ဖြစ်သင့်တယ်” ဟု ပြိုင်ဘက် ကွန်ဆာဗေးတစ်ပါတီမှ ကိုယ်စားလှယ်လောင်း ယိုးဆောင်မင်းက ဂျာနယ်လစ်များအား ပြောကြားခဲ့သည်။                                   

Ref : AFP