လာမည့်အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားက ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု စီအိုင်အေညွှန်ကြားရေးမှူး ပြောကြား

လာမည့်အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားက ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု စီအိုင်အေညွှန်ကြားရေးမှူး ပြောကြား
Published 31 January 2018

ဇန်နဝါရီ ၂၃ ရက်က ဝါရှင်တန်တွင် အခမ်းအနားတစ်ခု၌ မေးခွန်းဖြေကြားနေသော CIA ညွှန်ကြားရေးမှူး မိုက်ပမ်ပီယို (Photo: AP)

ယခုနှစ်တွင်ကျင်းပမည့် အမေရိကန်ရွေးကောက်ပွဲ၌လည်း ရုရှားက ဝင်ရောက်စွက်ဖက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ညွှန်ကြားရေးမှူး မိုက်ပမ်ပီယိုက ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ဖော်ပြခဲ့သည်။ ၎င်းတို့၏လှုပ်ရှားမှုများသည် အလွန်အမင်းလျော့ကျသွားသည်ကို မတွေ့ရကြောင်း ပမ်ပီယိုက ဘီဘီစီ၏ရုရှားအစီအစဉ်သို့ ပြောကြားခဲ့သည်။

ရုရှားတို့သည် ယင်းကဲ့သို့ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်ရန် ဆက်လက်ကြိုးပမ်းလာနိုင်ကြောင်း၊ သို့သော် အမေရိကန်သည် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲကို ကျင်းပနိုင်လိမ့်မည်ဟု ၎င်းကယုံကြည်ကြောင်း၊ ရုရှားက အမေရိကန်ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှုကြောင့် သက်ရောက်မှုသည် ကြီးမားလိမ့်မည်မဟုတ်ဟု ၎င်းက ပြောကြားခဲ့သည်။

ဒီမိုကရက်ကိုယ်စားလှယ်လောင်း ဟီလာရီကလင်တန်ကို အားလျော့စေပြီး ရီပက်ဘလီကင်ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်၏ အခွင့်အရေးများကို မြင့်တက်စေကာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို သြဇာလွှမ်းမိုးနိုင်ရန်အတွက် ကျယ်ပြန့်သောထောက်လှမ်းမှုဆိုင်ရာ ကြိုးပမ်းမှုလုပ်ဆောင်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ညွှန်ကြားခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများက ၂၀၁၆ ခုနှစ်ကုန်တွင် ကောက်ချက်ချခဲ့ကြသည်။ ယင်းကြိုးပမ်းမှုများတွင် ကလင်တန်၏မဲဆွယ်မှုအဖွဲ့မှ အီးမေးလ်များနှင့်မှတ်တမ်းများအား ဟက်ကာပြုလုပ်ခြင်း၊ ၎င်းအားသိက္ခာချရန် ရည်ရွယ်သောပို့စ်များနှင့် သတင်းများအား လူမှုမီဒီယာတွင် တင်ခြင်းအပြင် မဲစာရင်းမှတ်ပုံတင်သည့် စင်တာများနှင့် ရွေးကောက်ပွဲ အချက်အလက်စင်တာများကို ပစ်မှတ်ထားခြင်းတို့ ပါဝင်ခဲ့သည်။

မော်စကိုက ၎င်းရွေးကောက်ပွဲအနိုင်ရစေရန် ကူညီခဲ့သည်ဆိုသောအယူအဆကို ထရန့်က အကြိမ်ကြိမ်ပယ်ချခဲ့ပြီး ရုရှားနှင့် ၎င်း၏မဲဆွယ်အဖွဲ့အကြား လိမ်လည်ပေါင်းကြံမှုရှိနေကြောင်း စွပ်စွဲချက်များကိုလည်း သတင်းတုများဟု ၎င်းက ရှုတ်ချခဲ့သည်။

ရုရှားအား ပိတ်ဆို့အရေးယူမှုသစ်များ ချမှတ်ရန် ထရန့်အစိုးရက ငြင်းဆန်ခဲ့ပြီး အက်ဖ်ဘီအိုင် ဒုတိယညွှန်ကြားရေးမှူး အင်ဒရူးမက်ကာဘီက ရာထူးမှနုတ်ထွက်ခဲ့သည့် နေ့တွင်ပင် ပမ်ပီယို၏အင်တာဗျူးထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ ထရန့်မဲဆွယ်အဖွဲ့နှင့် ရုရှားအကြား လိမ်လည်ပေါင်းကြံမှုရှိကြောင်းကို စုံစမ်းစစ်ဆေးမှုတွင် စစ်ဆေးခံခဲ့ရသော အင်ဒရူးကာဘီသည် ဒီမိုကရက်ပါတီဘက်ယိမ်းသည်ဟု ထရန့်က စွပ်စွဲခဲ့သည်။

အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူးဟောင်း တစ်ဦးဖြစ်သော အထူးအစိုးရရှေ့နေရောဘတ်မူလာက ထရန့်သည် အထူးသဖြင့် ပြီးခဲ့သောနှစ်တွင် အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး ဂျိမ်းကိုမေအား ရာထူးမှထုတ်ပယ်ခဲ့ချိန်၌ ရုရှား၏ ဝင်ရောက်စွက်ဖက်မှုအကြောင်းအား စုံစမ်းစစ်ဆေးမှုအား ဥပဒေနှင့်မညီ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းရှိ၊ မရှိကို အဓိက အာရုံစိုက်စုံစမ်းစစ်ဆေးနေသည်ဟု ယုံကြည်ရသည်။ ရုရှားက မတ်လ သမ္မတရွေးကောက်ပွဲတွင် လွှမ်းမိုးနိုင်ရန်အတွက် ကရင်မလင်နှင့် ဆက်နွှယ်နေသော သူဌေးကြီးများကို အမေရိကန်က ပိတ်ဆို့အရေးယူလိမ့်မည်ဟု ရုရှားအစိုးရက ပြောကြားခဲ့သည်။

Most Read

Most Recent