မဟာမိတ်များ ဗုံးကြဲခံရပြီးနောက် အမေရိကန်က ဆီးရီးယားစစ်လေယာဉ်ကို ပစ်ချ

၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်က ပင်လယ်ကွေ့ရှိ အမေရိကန်လေယာဉ်တင်သင်္ဘော USS Dwight D. Eisenhower ပေါ်မှပျံတက်သွားသော F/A-18E Super Hornet တိုက်လေယာဉ်တစ်စင်း (Photo: AFP)

အမေရိကန် ဂျက်တိုက်လေယာဉ်တစ်စင်းသည် ဇွန် ၁၈ ရက်က ဆီးရီးယား စစ်လေယာဉ်တစ်စင်းအား ပစ်ချခဲ့သည်ဟု သိရသည်။ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းက အဆိုပါဆီးရီးယားတိုက်လေယာဉ်သည် ဆီးရီးယားထဲမှ IS အဖွဲ့ကိုနှိမ်နင်းနေသော ၎င်းတို့၏မဟာမိတ်များကို တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
    
ခြောက်နှစ်ရှိပြီဖြစ်သော ဆီရီးယားစစ်ပွဲသည် အရှိန်မြင့်တက်နေဆဲဖြစ်သည်နှင့်အညီ ပို၍လည်းရှုပ်ထွေးလာသည်။ အမေရိကန်တပ်ဖွဲ့နှင့် ၎င်းတို့၏မဟာမိတ်များသည် နိုင်ငံမြောက်ပိုင်းရှိ IS ခံတပ်ရာကာကို ထိုးစစ်ဆင်နေကြစဉ် ယင်းနေရာအနီး၌ ရုရှားက ကျောထောက်နောက်ခံပြုပေးထားသော ဆီးရီးယားအစိုးရတပ်ဖွဲ့များရှိနေသည်။
    
အီရန်ကလည်း ၎င်းတို့မြို့တော်တွင် ဖြစ်ပွားခဲ့သော IS လက်ချက် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဇွန် ၁၈ ရက်က ဆီးရီးယားအရှေ့မြောက်ပိုင်း ဒီအာအစ်ဇာပြည်နယ်ထဲမှ အကြမ်းဖက်စခန်းများကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်ကလည်း အခြေအနေများကို ပို၍ရှုပ်ထွေးစေသည်။
    
ရာကာမြို့ထဲမှ ဂျီဟတ်များကို တိုက်ခိုက်နေသော SDF တိုက်ခိုက်ရေးသမားများသည် ပြီးခဲ့သည့် သီတင်းပတ်က IS တို့၏ ခံတပ်ရာကာမြို့ထဲသို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ အဆိုပါ ရာကာတိုက်ပွဲထဲတွင် ဆီးရီးယားအစိုးရ တပ်ဖွဲ့ဝင်များမပါဝင်ပေ။ သို့သော် ဆီးရီးယားအစိုးရတပ်များသည် SDF တိုက်ခိုက်ရေးသမားများကို ရှောင်ကွင်းပြီး ရာကာအနောက်တောင်ပိုင်းရှိ နေရာတစ်ခုကို ထိုးစစ်ဆင်နေကြခြင်းဖြစ်သည်။ ဆီးရီးယား ဒီမိုကရက်တစ်အင်အားစု (SDF) ဆိုသည်မှာ အမေရိကန်က ကျောထောက်နောက်ခံပြုပေးထားသော ကာ့ဒ်၊ အာရပ်တိုက်ခိုက်ရေးသမားများ ညွန့်ပေါင်းအုပ်စုဖြစ်သည်။
    
“အခုမွန်းလွဲပိုင်းက ရာကာပြည်နယ်တောင်ပိုင်း ရီဆာဖာဒေသထဲမှာအကြမ်းဖက် IS အဖွဲ့အပေါ် စစ်ဆင်ရေးဆင်နွှဲနေကြတဲ့ ကျွန်တော်တို့ရဲ့ တိုက်လေယာဉ်တွေထဲကတစ်စင်းကို နိုင်ငံတကာညွန့်ပေါင်းအုပ်စုက လေယာဉ်တစ်စင်းက ပစ်မှတ်ထား တိုက်ခိုက်ထားခဲ့ပါတယ်” ဟု ဆီးရီးယားစစ်တပ်က ထုတ်ပြန်ခဲ့ပြီး ထိုကဲ့သို့ ပြောင်ပြောင်တင်းတင်း ကျူးကျော်ရန်စမှုကြောင့် စိုးရိမ်စရာ နောက်ဆက်တွဲဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးခဲ့သည်။
    
ထို့နောက် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က SDF တပ်ဖွဲ့ဝင်တို့အနီးသို့ ဗုံးကြဲခဲ့သည့် ဆီးရီးယားစစ်လေယာဉ်ကို ၎င်းတို့ပစ်ချခဲ့ကြောင်း အတည်ပြုခဲ့သည်။ “ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၃ မိနစ်က ဆီးရီးယားအစိုးရလေယာဉ် SU-22 ဟာ SDF တိုက်ခိုက်ရေးသမားတွေအနီးကို ဗုံးတွေကြဲချခဲ့ပါတယ်။ ဒါကြောင့် တိုက်ပွဲစည်းမျဉ်းတွေနဲ့ ညွန့်ပေါင်းမိတ်ဖက်အဖွဲ့တွေကို ကာကွယ်ပေးတဲ့အနေနဲ့ အဲဒီဆီးရီးယားလေယာဉ်ကို US F/A-18E Super Hornet လေယာဉ်က ချက်ချင်းပြန်ပစ်ချခဲ့ပါတယ်” ဟု ပူးပေါင်းရေးတပ်ဖွဲ့ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။
    
ထိုသို့မပစ်ချမီ နှစ်နာရီအလိုက ဆီးရီးယားအစိုးရ သစ္စာခံအင်အားစုတစ်စုသည် တာဘကာတောင်ပိုင်း ဂျာအေဒင်းရှိ SDF တိုကို့တိုက်ခိုက်ခဲ့သေးသည်ဟု ထိုထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့်  SDF တိုက်ခိုက်ရေးသမားများ ဒဏ်ရာရသွားသည့်အပြင် ထိုမြို့မှ SDF တို့ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။ ထို့ကြောင့် ညွန့်ပေါင်းလေယာဉ်သည် ဆီးရီးယားအစိုးရ သစ္စာခံတပ်ဖွဲ့တို့ကို အင်အားပြပြီး ဟန့်တားခဲ့ခြင်းဖြစ်သည်ဟု ညွန့်ပေါင်းအဖွဲ့ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြခဲ့သည်။
    
ယခုပစ်ချခံရသည့် ဆီးရီးယားစစ်လေယာဉ်သည် အမေရိကန်စစ်တပ်က ဆီးရီးယားနိုင်ငံထဲမှ IS တို့အား လေကြောင်းစစ်ဆင်ရေး စတင်ခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်း အမေရိကန်တို့ ပထမဆုံးပစ်ချခြင်းခဲ့ရသည့် ဆီးရီးယားလေယာဉ်ဖြစ်လာခဲ့သည်။

Writer: 
Ref: AFP