လန်ဒန်မြို့ ဗလီအနီး၌ လမ်းသွားလမ်းလာများအား ဗင်ကားဖြင့် ၀င်တိုက်ရာ တစ်ဦးသေဆုံး

လန်ဒန်မြောက်ပိုင်းတွင် လမ်းသွားလမ်းလာများအား ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွားခဲ့သည့်နေရာ၌ ဇွန် ၁၉ ရက်က တွေ့ရသော ရဲကားများ (Photo: AFP)

ဇွန် ၁၉ ရက်နံနက်အစောပိုင်းတွင် လန်ဒန်မြို့ ဗလီတစ်ခုအနီး၌ လမ်းသွားလမ်းလာများကို ဗင်ကားတစ်စီးက ၀င်တိုက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး အခြားရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းကို ၀န်ကြီးချုပ် ထရီဆာမေက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။
    
အသက် ၄၈ နှစ်အရွယ်ရှိ ဗင်ကားမောင်းသူကို လူထုက ၀ိုင်းဝန်းဖမ်းဆီးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
    
သန်းခေါင်ယံအချိန် ကျော်လွန်ပြီး နောက်မကြာမီ လန်ဒန်မြောက်ပိုင်း ဖင်းစ်ဘာရီပက်အနီး၌ ၀တ်ပြုပြီးနောက် ထွက်ခွာလာသူများကို ပစ်မှတ်ထားလျက် ယင်းကဲ့သို့ ကားဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မွတ်စလင်ခေါင်းဆောင်များက ပြောကြားခဲ့သည်။ မကြာသေးမီက မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားပါဝင်သည့် ပြစ်မှုများမြင့်တက်လာခြင်းနှင့် ယခုဖြစ်ရပ်ဆက်စပ်နေသည် ဟုဆိုသည်။
    
မျက်မြင်သက်သေတစ်ဦးဖြစ်သော အဗ္ဗဒီကာဒါဝါရာက ဗင်ကားသည် လူများအား တည့်တည့်ဝင်တိုက်ခြင်းဖြစ်ပြီး လူအချို့သည် လမ်းတစ်လျှောက် မီတာများစွာရှိသော အကွာအဝေးအထိ ပါသွားခဲ့ကြောင်း ပြောပြခဲ့သည်။
    
လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ယင်းသည် ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ဖြစ်ကြောင်း၊ ရာမာဒန်ဥပုသ်လအတွင်း ၀တ်ပြုပြီးထွက်လာသူ အများအပြားပါဝင်သည့် အပြစ်မဲ့လန်ဒန်မြို့သားများကို တမင်ရည်ရွယ်ကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
    
ထရီဆာမေက တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဆွေးနွေးရန် ဇွန် ၁၉ ရက်အနှောင်းပိုင်းတွင် အရေးပေါ်ဝန်ကြီးများ အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့သည်။
    
ယခုနှစ်အတွင်း လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့သော အစ္စလာမ္မစ်တိုက်ခိုက်မှုနှစ်ရပ် ဖြစ်ပွားခဲ့ရာ၌ မော်တော်ကားများဖြင့် လမ်းသွားလမ်းလာများကို ၀င်တိုက်ခြင်းအား အသုံးပြုခဲ့သည်။ တိုက်ခိုက်မှုတစ်ရပ်မှာ ယခုလအစောပိုင်းတွင် လန်ဒန်တံတားအနီး၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ခုဖြစ်သည့် မတ်လတိုက်ခိုက်မှုတွင် ကားမောင်းလာသည့်လူတစ်ဦးသည် ၀က်မင်စတာတံတားအနီး၌ လူအုပ်ကြီးကို ၀င်တိုက်ခဲ့ခြင်းဖြစ်သည်။
    
မျက်မြင်သက်သေတစ်ဦးဖြစ်သော အဗ္ဗဒယ်ရာမန်က အဆိုပါဗင်ကားသည် လူ ၁၀ ဦး သို့မဟုတ် ၁၅ ဦးခန့်ကို တမင်ရည်ရွယ်ကာ ၀င်တိုက်ခဲ့သည်ကို မြင်ခဲ့ကြောင်း ပြောပြခဲ့သည်။ ရာမန်က သူနှင့်အခြားလူတစ်ဦးတို့သည် မသင်္ကာသူကို လုံးထွေးသတ်ပုတ်လျက် မြေပေါ်သို့ဆွဲလှဲခဲ့ပြီး ရဲများမရောက်လာမီ မိနစ် ၂၀၊ ၃၀ ခန့် ထိန်းချုပ်ထားခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
    
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်၌ လူတစ်ဦး ပွဲချင်းပြီးသေဆုံးကြောင်းနှင့် ဒဏ်ရာရရှိသူရှစ်ဦးကို သီးခြားဆေးရုံသုံးခု၌ တင်ထားကြောင်း ဖော်ပြထားသည်။
    
အခြားလူနှစ်ဦးမှာမူ အသေးစားဒဏ်ရာများရရှိခဲ့ပြီး နေရာ၌ပင် ကုသမှုပေးခဲ့သည်ဟုဆိုသည်။ အဆိုပါဗင်ကားကိုမောင်းခဲ့သည့် အမျိုးသားယာဉ်မောင်းကိုလည်း ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် ဆေးရုံသို့ခေါ်ဆောင်ခဲ့ပြီး စိတ်ကျန်းမာရေး စမ်းသပ်စစ်ဆေးမှုများလည်း ပြုလုပ်မည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    
အပျော်တမ်းအဆင့် ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုတွင် နှုတ်ခမ်းချင်းတေ့ကာ လေမှုတ်သွင်းသည့် အသက်ကယ်ကုသမှုခံယူနေ သူတစ်ဦးအပါအ၀င် မြေပြင်ပေါ်လဲကျနေသည့် လူသုံးဦးထက်မနည်းကို တွေ့မြင်ရကြောင်း သိရသည်။

Writer: 
Ref: AFP