ကမ္ဘာ့သမုဒ္ဒရာများ၏ ၅၅ ရာခိုင်နှုန်းတွင် သင်္ဘောကြီးများက ငါးဖမ်းနေ

ကမ္ဘာ့သမုဒ္ဒရာများ၏ ၅၅ ရာခိုင်နှုန်းတွင် သင်္ဘောကြီးများက ငါးဖမ်းနေ
Published 25 February 2018

၂၀၁၇ ခုနှစ် မေ ၁ ရက်က တရုတ်အရှေ့ပိုင်း ကျန်စုပြည်နယ်ရှိ လျန်ယန်ကန်ဆိပ်ကမ်းအလွန်၌ ငါးဖမ်းသင်္ဘောများအား တွေ့ရစဉ် (Photo: AFP)

ကမ္ဘာ့သမုဒ္ဒရာများ၏ ထက်ဝက်ကျော်တွင် သင်္ဘောကြီးများက ငါးဖမ်းနေကြပြီး အထူးသဖြင့် တရုတ်မှ ငါးဖမ်းသင်္ဘောကြီးများက အများဆုံးနှင့် အဝေးဆုံး ဖမ်းဆီးနေကြခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ငါးဖမ်းမှု အလေ့အထကို ကျယ်ပြန့်စွာ သုံးသပ်ခဲ့သည့် လေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။ ငါးဖမ်းလုပ်ငန်းကို ခြေရာခံရန်အတွက် ဂြိုဟ်တုမှတစ်ဆင့် နောက်ယောင်ခံသည့် အချက်အလက်များကို ယခုအစီရင်ခံစာအတွက် အသုံးပြုခဲ့ပြီး ကမ္ဘာ့သမုဒ္ဒရာများ၏ ၅၅ ရာခိုင်နှုန်းတွင် ဧရာမငါးဖမ်းမှုများ ဆောင်ရွက်နေကြောင်း အစီရင်ခံစာက တွေ့ရှိခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး တရုတ်သည် ကမ္ဘာတွင် ငါးဖမ်းအများဆုံးဖြစ်ပြီး တရုတ်သင်္ဘောများသည် ၂၀၁၆ ခုနှစ်တွင် နာရီပေါင်း ၁၇ သန်း ငါးဖမ်းခဲ့သည်။ ဒုတိယ ငါးဖမ်းအများဆုံးဖြစ်သော ထိုင်ဝမ်က နာရီ ၂ ဒသမ ၂ သန်း ငါးဖမ်းခဲ့သည်။ တရုတ်ငါးဖမ်းသင်္ဘော ၂၅၀၀ ခန့်သည် အာဖရိကနှင့် တောင်အမေရိကအထိပင် သွားရောက် ငါးဖမ်းနေကြကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။

ကမ္ဘာ၏ အချို့နေရာများတွင် ဂြိုဟ်တုမှ မမြင်နိုင်သော နေရာများ ပါဝင်နေခဲ့သည်။ ထို့အတွက်ကြောင့် သမုဒ္ဒရာများတွင် ငါးဖမ်းနေမှုသည် ၇၃ ရာခိုင်နှုန်းအထိ မြင့်မားနိုင်ကြောင်း Science ဂျာနယ်တွင် ဖော်ပြခဲ့သော အစီရင်ခံစာက ထောက်ပြခဲ့သည်။ တရုတ်၊ စပိန်၊ ထိုင်ဝမ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ငါးဖမ်းသင်္ဘောများသည် သမုဒ္ဒရာအတွင်း၌ ငါးဖမ်းမှု၏ ၈၅ ရာခိုင်နှုန်းကျော်ကို ဆောင်ရွက်နေကြောင်း၊ ယင်းတို့အနက် ထက်ဝက်ကျော်သည် တရုတ်သင်္ဘောများဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ကမ္ဘာ့ငါးဖမ်းလုပ်ငန်းသည် ဒေါ်လာ ဘီလျံ ၁၆၀ တန်ဖိုးရှိသော လုပ်ငန်းဖြစ်ပြီး ကမ္ဘာတွင် ဖမ်းဆီးရမိသော ငါးများ၏ သုံးပုံတစ်ပုံနီးပါးသည် ရေရှည်တည်တံ့ ဖွံ့ဖြိုးသည့် အခြေအနေ မရှိနိုင်သည့် ရေပိုင်နက်များမှ ရယူမှုဖြစ်ကြောင်း အစီရင်ခံစာက ဖော်ထုတ်ခဲ့သည်။

“လူတွေ ကမ္ဘာ့သမုဒ္ဒရာတွေမှာ ငါးဖမ်းနေကြတာ နှစ်ပေါင်း ၄၂၀၀ လောက် ရှိပါပြီ။ ဒါပေမဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာလူတွေ ငါးဖမ်းနေကြသလဲဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အခု အမှန်တကယ် မသိသေးပါဘူး” ဟု ယင်းအစီရင်ခံစာကို ဦးဆောင်ရေးသားသူ ဒေးဗစ်ခရူစမာက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်း၌ ငါးဖမ်းဆီးမှုများ၏ အခြေအနေကို သိမြင်လိုပြီး ယခင်ကထက် ပို၍ရှင်းရှင်းလင်းလင်း သိမြင်မှုကို ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Golden Fish Watch ဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး ငါးဖမ်းလုပ်ငန်းကို ပထမဆုံးအချိန် ခြေရာခံ လေ့လာခဲ့ခြင်းဖြစ်ကြောင်း၊ ငါးဖမ်းပမာဏ များပြားလွန်းခြင်း ရှိ၊ မရှိနှင့် တရားမဝင် ငါးဖမ်းလုပ်ငန်းတို့နှင့် ပတ်သက်သည့် မေးခွန်းများကို မူဝါဒချမှတ်သူများက ဖြေရှင်းရာတွင် အထောက်အကူပြုရန် ရည်ရွယ်ကြောင်း ခရူစမာက ပြောကြားခဲ့သည်။ သမုဒ္ဒရာများတွင် ငါးဖမ်းမှုကို ယခုထက်ပို၍ ထိန်းထိန်းသိမ်းသိမ်းနှင့် ရေရှည်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အလိုအလျောက် အမှတ်အသားပြုစနစ် AIS ပါဝင်သော သင်္ဘောကြီးများမှ အချက်အလက်များကိုသာ လေ့လာခဲ့ခြင်းဖြစ်ပြီး ယင်းအချက်အလက်များကို ဂြိုဟ်တုမှတစ်ဆင့် ခြေရာခံနိုင်သည်။ ယင်းနည်းပညာက သင်္ဘောများ၏ ကိုယ်ပိုင်အထောက်အထား၊ တည်နေရာ၊ မောင်းနှင်မှုအရှိန်၊ အချိုးအကွေ့တို့ကို စက္ကန့်နှင့်အမျှ ခြေရာခံနိုင်သည်။ သင်္ဘောတိုးတိုက်မှုများကို ရှောင်ရှားရန်အတွက် ထိုနည်းပညာကို ရည်ရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ငါးဖမ်းသင်္ဘောများ၏ ဘီလျံနှင့်ချီသော AIS အချက်ပြမှုများကို စာရင်းပြုစုခဲ့ရာ ကမ္ဘာတွင် ငါးဖမ်းနေမှုသည် စိုက်ပျိုးရေးအတွက် အသုံးပြုနေသော မြေဧရိယာထက် လေးဆကျော်ပို၍ ကြီးမားနေကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတွင် ငါးဖမ်းမှုအတွက် အထူးထင်ရှားသော နေရာများသည် အတ္တလန္တိတ် အရှေ့မြောက်ဘက်နှင့် ပစိဖိတ်အနောက်မြောက်ဘက်တို့တွင်ရှိကြောင်း တောင်အမေရိကကမ်းလွန်နှင့် အနောက်အာဖရိကတို့တွင်လည်း ငါးဖမ်းမှုထူပြောသည့် နေရာများရှိကြောင်း ထိုအစီရင်ခံစာက ဆိုသည်။

British Columbia တက္ကသိုလ်မှ သမုဒ္ဒရာနှင့် ငါးဖမ်းလုပ်ငန်းသိပ္ပံ၏ ပါမောက္ခ ဒန်နီရယ်ပေါလေက ငါးဖမ်းလုပ်ငန်းနှင့်ပတ်သက်၍ ယခုအချက်အလက်များက မျှော်လင့်ထားသလောက် မရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ငါးဖမ်းရေယာဉ်ငယ်များသည် ကမ္ဘာတွင် ငါးဖမ်းမှု၏ အများစုဖြစ်ပြီး ကမ်းရိုးတန်းရေပြင်များတွင် ဖမ်းဆီးကြကြောင်း၊ သို့သော် ထိုငါးဖမ်းရေယာဉ်များတွင် ဂြိုဟ်တုခြေရာခံစနစ်မရှိကြောင်း သုတေသနတွင် မပါဝင်ခဲ့သော ပေါလေက ပြောကြားခဲ့သည်။

ယခင်နှစ်များက အနောက်အာဖရိကနှင့် ပစိဖိတ်တွင် တရားမဝင်ငါးဖမ်းမှုများကို စစ်ဆေးသိရှိရန် ဂြိုဟ်တုခြေရာခံစနစ် အသုံးပြုခဲ့ကြောင်း၊ ယင်းအချက်အလက်များက တရားမဝင်ငါးဖမ်းမှု လျော့ကျရေး အပြည်ပြည်ဆိုင်ရာဥပဒေများ ပုံဖော်ရာတွင် အနာဂတ်တွင် အထောက်အကူရနိုင်ကြောင်း ပေါလေက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent