ဂျပန်က ပိုမိုကောင်းမွန်သော ဂျီပီအက်စ်စနစ် ဖြစ်လာစေရန် တတိယမြောက် ဂြိုဟ်တု လွှတ်တင်

ဂျပန်က ပိုမိုကောင်းမွန်သော ဂျီပီအက်စ်စနစ် ဖြစ်လာစေရန် တတိယမြောက် ဂြိုဟ်တု လွှတ်တင်
Published 20 August 2017

သြဂုတ် ၁၉ ရက်က ဂျပန်တောင်ပိုင်းရှိ အာကာသစခန်းမှ H-IIA ဒုံးပျံအား လွှတ်တင်နေစဉ် (Photo: AP)

စမတ်ဖုန်းမြေပုံများ၊ ကားလမ်းညွှန်စနစ်များ၌ စင်တီမီတာအထိ တိတိကျကျ ဖော်ပြနိုင်စေရန်အတွက် ပထဝီတည်နေရာပြ ပြည်တွင်းစနစ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းနေသော ဂျပန်သည် သြဂုတ် ၁၉ ရက်က တတိယမြောက် ဂြိုဟ်တုကို လွှတ်တင်လိုက်ကြောင်း သိရသည်။

H-IIA ဒုံးပျံကို ဂျပန်တောင်ပိုင်းရှိ Tanegashima အာကာသစခန်းမှ ဒေသစံတော်ချိန် နေ့လယ်နှစ်နာရီခွဲ အချိန်က လွှတ်တင်လိုက်သည်ဟု ဂျပန်အာကာသ စူးစမ်းရှာဖွေရေး အေဂျင်စီ (JAXA) က ထုတ်ပြန်ခဲ့သည်။ ဒုံးပျံသည် ပစ်လွှတ်ပြီး မိနစ် ၃၀ အကြာတွင် Michibiki No.3 ဂြိုဟ်တုကို အာကာသထဲသို့ အောင်မြင်စွာ ပို့နိုင်ခဲ့သည်။

အမေရိကန် စစ်တပ်က စတင် ဒီဇိုင်းထွင်ခဲ့သော ဂြိုဟ်တုဖြင့် ပထဝီတည်နေရာပြ စနစ်များသည် လက်ရှိတွင် ကားလမ်းညွှန်မှအစ မိုဘိုင်ဖုန်းဖြင့် အင်တာနက်ရှာဖွေမှုအထိ အမျိုးမျိုးသော အသုံးချမှုများအတွက် ထောက်ပံ့မှုပေးနေသည်။

လက်ရှိတွင် အမေရိကန်၏ Global Positioning System (GPS) အပေါ် မှီခိုနေသော်လည်း ပြည်တွင်းစနစ် တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းနေသည့် ဂျပန်သည် ဂြိုဟ်တုလေးခုအထိ လွှတ်တင်ရန် စီစဉ်နေခြင်းဖြစ်သည်။ ပထမဆုံး ဂြိုဟ်တုကို ၂၀၁၀ ပြည့်နှစ်က ပတ်လမ်းထဲသို့ ပို့ခဲ့ခြင်းဖြစ်ပြီး ဒုတိယတစ်ခုကို ဇွန်လက လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ဂျပန်သည် GPS စနစ်ကို ကျယ်ကျယ်ပြန့်ပြန် အသုံးပြုဆဲ ဖြစ်သော်လည်း နိုင်ငံထဲမှ အထပ်မြင့်တိုက်များ၊ တောင်တန်းများက GPS အချက်ပြမှုများအတွက် အနှောင့်အယှက် ဖြစ်နေသဖြင့် နောက်ထပ် ထောက်ပံ့ရေး ဂြိုဟ်တုများကို ထပ်မံလိုအပ်နေခြင်း ဖြစ်သည်။

Ref: AFP