အိန္ဒိယတွင် ရထားလမ်းချော်၍ ၂၃ ဦး သေဆုံး

အိန္ဒိယတွင် ရထားလမ်းချော်၍ ၂၃ ဦး သေဆုံး
Published 20 August 2017

အိန္ဒိယမြောက်ပိုင်းတွင် သြဂုတ် ၁၉ ရက်က အမြန်ရထားတစ်စင်း လမ်းချော်သွားခဲ့ပြီး ၂၃ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အတွဲ ၁၄ တွဲပါရထားသည် ဥတာပရာဒေ့ရှ်ပြည်နယ် မူဇာဖာနာဂါ ခရိုင်အနီး၌ ရထားတွဲများ တိမ်းမှောက်သွားခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေး အလုပ်သမားများသည် ရထားတွဲများအတွင်းမှ လူများကို ဆွဲထုတ်ကယ်ဆယ်ခဲ့ရသည်။

ရထားတိမ်းမှောက်မှုဖြစ်ပွားသည့်နေရာ၌ ရောက်ရှိနေသော ရဲအရာရှိတစ်ဦးက ဒဏ်ရာရသူ ၅၀ ခန့်ကို ဆေးရုံသို့ ပို့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

သတ္တုဖြတ်စက်များနှင့် ကရိန်းများကို အသုံးပြုပြီး ပျက်စီးနေသော ရထားတွဲများအတွင်းသို့ ဝင်ရောက်ခဲ့ကြရကြောင်း နောက်ထပ်တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးအထူးကိရိယာများ နှင့် အနံ့ခံခွေးများ ပါဝင်သည့် ကယ် ဆယ်ရေးအဖွဲ့ကို ဗဟိုအစိုးရအဖွဲ့က အလျင်အမြန်စေလွှတ်ခဲ့ကြောင်း သိရသည်။

“လူ ၂၃ ဦး သေဆုံးခဲ့ပြီး လူ ဒါဇင်နှင့်ချီပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူ အများစုကို ဆေးရုံသို့ ခေါ်ဆောင်သွားနေပါတယ်” ဟု ဒေသဆိုင်ရာ ကျန်းမာရေး အရာရှိ ပီအက်မီရှရာက အေအက်ဖ်ပီကို ဖုန်းဖြင့် ပြောကြားခဲ့သည်။

ဓာတ်ပုံများနှင့် ရုပ်သံအပိုင်းများတွင် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသော ရထားတွဲများ၏ ပုံကို မြင်တွေ့ခဲ့ရပြီး လူများက ခရီးသည်များကို ကယ်ထုတ်ရန် ကြိုးပမ်းနေကြသည်ကိုလည်း တွေ့ခဲ့ရသည်။

ယခု မတော်တဆမှုသည် အိန္ဒိယ၏ လူဦးရေအများဆုံးပြည်နယ် ဥတာပရာဒေ့ရှ်တွင် နောက်ဆုံး ဖြစ်ပွားခဲ့သော မတော်တဆမှုကြီး ဖြစ်ခဲ့သည်။ ဆေးရုံတစ်ရုံတွင် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ကလေးများ ဒါဇင်ချီသေဆုံးခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာတွင် ဥတာပရာဒေ့ရှ်၌ ရထားမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ၏ ရထားကွန်ရက်သည် ကျယ်ပြောလှသောနိုင်ငံတွင် ခရီးဝေးသွားလာမှုအတွက် အဓိက ရွေးချယ်မှုဖြစ်နေဆဲဖြစ်သည်။ သို့သော်လည်း ရန်ပုံငွေသုံးစွဲမှုနည်းပါးပြီး ပြင်းထန်သော မတော်တဆမှုများ မကြာခဏဖြစ်ပွားသည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ဥတာပရာဒေ့ရှ်ပြည်နယ်တွင် အလားတူ ရထားမတော်တဆမှုကြောင့် လူ ၁၄၆ ဦး သေဆုံးခဲ့သည်။

အိန္ဒိယ၏ ရထားလမ်းများတွင် နှစ်စဉ် လူ ၁၅၀၀၀ နီးပါး သေဆုံးနေကြောင်း ၂၀၁၂ ခုနှစ် အစီရင်ခံစာတွင် အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။ အိန္ဒိယ၏ရထားလမ်းများ အဆင့်မြှင့်တင်ရန်အတွက် ငါးနှစ်အတွင်း ဒေါ်လာ ၁၃၇ ဘီလျံ ရင်းနှီး မြှုပ်နှံမည်ဟု ဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏ အစိုးရက ကတိပြုထားသည်။

 

 

 

Most Read

Most Recent