စတော့အိတ်ချိန်းနှင့် ပတ်သက်၍ ဦးစိုးသိန်းနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်းဖွင့်လှစ်ခဲ့တာ တစ်နှစ်ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။ စတော့အိတ်ချိန်း မဖွင့်လှစ်ခင်မှာ အနေနဲ့ ရန်ကုန်စတော့အိတ်ချိန်းနဲ့ ပတ်သက်တဲ့ အလားအလာတွေ၊ အခြေအနေတွေကို တွေ့ဆုံမေးမြန်းခဲ့ပြီး အခုတစ်နှစ်ပြည့်မြောက်သွားချိန်မှာလည်း စတော့အိတ်ချိန်း လက်ရှိအခြေအနေ၊ ဈေးကွက်မတည်ငြိမ် ဖြစ်ရတဲ့အကြောင်းရင်းတွေကို မေးမြန်းထားပါတယ်။ ဒီလိုမေးမြန်းမှုကို ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို စတော့အိတ်ချိန်း တည်ထောင်ရာမှာ ပါဝင်ကူညီခဲ့သူတစ်ဦးဖြစ်တဲ့ ဦးစိုးသိန်းနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

‘ပြည်သူတွေအနေနဲ့ ဈေးကွက်ရဲ့အန္တရာယ် (Risks) တွေကို သေချာနားလည် သဘောပေါက်ခြင်း မရှိခဲ့ကြပါဘူး

မေး။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလ၊ စတော့အိတ်ချိန်းစတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်ခဲ့ချိန်မှာ အရောင်းအ၀ယ်တွေ အားရစရာကောင်းပြီး နောက်ပိုင်းမှာတော့ အရောင်းအ၀ယ်တွေ ကျဆင်းသွားပြီး ပြည်သူတွေရဲ့ စိတ်ဝင်စားမှုမရှိတော့သလောက် ဖြစ်နေပါတယ်။ ဒီလိုဖြစ်ခဲ့ရတဲ့ အခြေအနေတွေအပေါ် သုံးသပ်ပေးပါ။

■ ဖြေ။ စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပေမယ့် အရောင်းအ၀ယ်စလုပ်ခဲ့တာက ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်မှဖြစ်ပါတယ်။ စာရင်းဝင် ကုမ္ပဏီကတစ်ခုတည်းပါ။FMI  ဖြစ်ပါတယ်။ ဒါကြောင့် စတော့အိတ်ချိန်းမှာ ရှယ်ယာရောင်းချပေးနိုင်တဲ့ ရောင်းအား (Supply) က တော်တော်နည်းတယ်လို့ ဆိုရမှာပေါ့ ။ အခြား တစ်ဖက်မှာကျတော့ ပြည်သူတွေက ဒီဈေးကွက်ကို အရမ်းစိတ်ဝင်စားနေကြတယ်။ ရင်းနှီးမြှုပ်နှံချင်ကြတယ်။ ရင်းနှီးမြှုပ်နှံနိုင်တဲ့ ငွေကြေးကလည်း အမြောက်အမြား အရန်သင့်ရှိနေကြတယ်။ ဒါတွေက ကောင်းတဲ့အချက်တွေပါ။ ဒါပေမဲ့ အားနည်းချက်က ဒီဈေးကွက်ရဲ့ သဘောသဘာဝကို မသိကြဘူး။ ဒီဈေးကွက်အပေါ် အကောင်းမြင်လွန်းကြတယ်။ ဈေးကွက်အပေါ် ကျိုးကြောင်းမဆီလျော်တဲ့ မျှော်လင့်ချက်တွေ မြင့်မြင့်မားမား ထားရှိခဲ့ကြတယ်။ ဥပမာအားဖြင့် စတော့ဈေးကွက်ကြီး နေ့ချင်းညချင်း ပေါ်ပေါက်ကြီးထွားလာပြီး ၀ယ်လိုက်ရောင်းလိုက်နဲ့ မြတ်စွန်းမှုတွေ ရှိလာမယ်လို့ထင်ခဲ့ကြတယ်။ စတော့ရောင်းဝယ်တဲ့အလုပ်ကို အသက်မွေးဝမ်းကျောင်း (Profession) အနေနဲ့ လုပ်ကိုင်ဖို့လောက်အထိ စဉ်းစားတဲ့လူတွေ အတော်များများရှိတယ် ။ ဒါက စတော့အရောင်းအ၀ယ်လုပ်ပြီး စီးပွားရှာဖို့ စဉ်းစားနေသူတွေ။ တချို့ကကျတော့လည်း ရောင်းလိုက်ဝယ်လိုက်လုပ်ဖို့ မဟုတ်ဘူး။ စတော့တွေမှာ ရင်းနှီးမြှုပ်နှံထားချင်သူတွေ အမြတ်ဝေစုတွေ နှစ်စဉ်ရမယ်။ စတော့တန်ဖိုးတွေတက်လာလို့ အကျိုးအမြတ်တွေရမယ်။ ဒီလိုစဉ်းစားကြတာ။ ဒါတွေက လက်တွေ့ဘ၀နဲ့ အတော်ကွာခြားတယ်။  ဒီအကြောင်းကို နောက်ပိုင်းမှာ ရှင်းပြပါမယ်။

အခုဒီမှာ ကျွန်တော် မီးမောင်းထိုးပြချင်တာက ဈေးကွက်ထဲမှာ ရောင်းအားနဲ့ဝယ်အား အချိုးမညီမှု အလွန်ကြီးမားခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုက စတော့အိတ်ချိန်းဖွင့်ပြီး နှစ်ပတ်အတွင်းမှာ ဈေးတွေက အဆမတန်တက်သွားတယ်။ တကယ်တော့ ဈေးကွက်မဖွင့်မီကတည်းက စာရင်းဝင်ဖြစ်မယ်လို့ ဗျာဒိတ်အပေးခံရတဲ့ အများပိုင်ကုမ္ပဏီတွေရဲ့ စတော့ဈေးနှုန်းတွေက အဆမတန် မြင့်တက်နေပြီဖြစ်ပါတယ်။ ဈေးကွက်အဖွင့်မှာ ဈေးနှုန်းလျှော့သတ်မှတ်ခဲ့ပေမယ့် ဈေးကွက်ဖွင့်ပြီး နှစ်ပတ်အတွင်း ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး အရောင်းအ၀ယ်ပမာဏကလည်း အလွန်များပြားခဲ့ပါတယ်။ နောက်ပိုင်းကျတော့ ဈေးနှုန်းနဲ့အရောင်းအ၀ယ် နှစ်ခုစလုံး ဆက်တိုက်ကျဆင်းသွားတော့တာပါပဲ။ အဲဒီလို ဈေးကွက်မတည်ငြိမ်မှု (Volatility) မျိုးကို ကျွန်တော်တို့ ကြုံခဲ့ကြရတာ။ အဲဒီအခြေအနေမှာ ဈေးကွက်မတည်ငြိမ်ဖြစ်မှုအပေါ် အကျိုးအမြတ် ရရှိသွားသူအချို့ရှိခဲ့ပေမယ့် နဖူးတွေ့ဒူးတွေ့ ဆုံးရှုံးခဲ့ကြရသူတွေက အများဆုံးဖြစ်ပြီး ဈေးကွက်အပေါ် စိတ်ပျက်သွားကြတယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ ဈေးကွက်က တဖြည်းဖြည်း အေးစက်သွားခဲ့တယ်။ စတင်တည်ထောင်စ ဈေးကွက်မှာ ဈေးကွက် မတည်ငြိမ်မှုတွေ ကြုံတွေ့ကြရတာ သဘာဝပါ။ ဒါပေမဲ့ ဒီလောက်အတိုင်းအတာအထိ ဈေးနှုန်းမတည်ငြိမ်မှုနှင့် ဆုံးရှုံးမှုတွေကတော့ ကြီးမားလွန်းပြီး ဈေးကွက်ဖွံဖြိုးတိုးတက်ရေးကို ထိခိုက်စေခဲ့တာအမှန်ပါပဲ။

မေး။ ဒီလိုရောင်းအားဝယ်အား မညီမမျှဖြစ်ပြီး ဈေးကွက်မတည်မငြိမ် ဖြစ်ရခြင်းရဲ့အကြောင်းရင်းက ဘာကြောင့်လဲဆရာ။

■ ဖြေ။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက ဆန္ဒစောပြီး စတော့အိတ်ချိန်းကို အလျင်စလို ဖွင့်လှစ်ခဲ့ခြင်းကြောင့်ပါ။ စတော့အိတ်ချိန်းတစ်ခု ချောချောမွေ့မွေ့ လည်ပတ်နိုင်လောက်တဲ့ ဈေးကွက်ရဲ့ အခြေခံတွေကို သေချာမတည်ဆောက်နိုင်သေးဘဲ ဈေးကွက်ကို ဖွင့်လှစ်ခဲ့တာပါ။ အခုအချိန်ထိအောင်လည်း ဈေးကွက်အခြေခံတွေက အားနည်းနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ရှယ်ယာရောင်းချမယ့် စာရင်းဝင် အများပိုင်ကုမ္ပဏီတွေ များများစားစားမရှိတာ၊ စာရင်းဝင်ဖြစ်လာဖို့ အလားအလာရှိတဲ့ အများပိုင်ကုမ္ပဏီအရေအတွက် နည်းပါးတာတွေက ဈေးကွက်ကို သက်ဝင်လှုပ်ရှားမှုရှိအောင် ထိန်းသိမ်းထားဖို့ ခက်ခဲစေခဲ့ပါတယ်။ စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၉ မှာဖွင့်လှစ်ခဲ့ပေမယ့် ပထမဆုံး စာရင်းဝင်ကုမ္ပဏီကို ၂၀၁၆ ခုနှစ် မတ် ၉ ရက်ကျမှလက်ခံနိုင်ခဲ့ပြီး အရောင်းအ၀ယ် စလုပ်ခဲ့တယ်။ ယခုအထိ (တစ်နှစ်ကျော်ကာလမှာ) လည်း စာရင်းဝင်ကုမ္ပဏီ သုံးခုသာရှိပါသေးတယ်။ စာရင်းဝင်ကုမ္ပဏီတွေရဲ့ အရွယ်ပမာဏကလည်း ခြုံပြောရရင် သိပ်မကြီးမားဘူး။ ဒီအချက်တွေက ဈေးကွက်ရဲ့ကြီးမားလှတဲ့ ၀ယ်လိုအားကို ရောင်းအားက ဘယ်လိုမှမျှတအောင် ထိန်းညှိမထားနိုင်ခဲ့ပါဘူး။

မေး။ ဒါက အဓိကအကြောင်းအရင်းလားရှင့်။ ဈေးကွက် မတည်မငြိမ်ဖြစ်ရတဲ့ နောက်ထပ်အကြောင်းရင်းတွေ ရှိပါသေးလား။

■ ဖြေ။ ရှိပါသေးတယ်။ နောက်အကြောင်းတစ်ခုက စတော့အိတ်ချိန်းကို သတ်မှတ်ထားတဲ့ရကမှာ ဖွင့်နိုင်အောင် တိုက်ရိုက်ဆောင်ရွက်ခဲ့ရတဲ့ လုပ်ငန်းစဉ်တွေထဲက တချို့လုပ်ငန်းစဉ်တွေကြောင့် ဈေးကွက်မတည်ငြိမ်မှုတွေ ပိုမိုကြီးမားစေခဲ့ပါတယ်။ ဥပမာအားဖြင့် စတော့အိတ်ချိန်းရဲ့ စာရင်းဝင်ကုမ္ပဏီခြောက်ခုကို ကြေညာခဲ့ခြင်းမျိုးပါ။ ဒါတွေက လုပ်ရိုးလုပ်စဉ် လုပ်ငန်းမဟုတ်ပါဘူး။ SEC က တိုက်ရိုက်ပတ်သက်ရမယ့် ကိစ္စလည်းမဟုတ်ဘူး။ စတော့အိတ်ချိန်းရဲ့ လုပ်ငန်းသက်သက်ပါ။ အကျိုးသက်ရောက်မှုက ဒီလိုကြေညာပြီးနောက်ပိုင်းမှာ စာရင်းဝင်သက်မှတ်ခံရတဲ့ ကုမ္ပဏီတွေရဲ့ စတော့ဈေးနှုန်းတွေ အဆမတန် တက်သွားခဲ့တာဖြစ်ပါတယ်။ ဒီလိုမသတ်မှတ်မီက FMI ရဲ့ စတော့ဈေးနှုန်းက တစ်စုကို ကျပ် ၂၅၀၀၀ လောက်၊ သီလ၀ါရဲ့ စတော့ဈေးနှုန်းက တစ်စုကို ၄၅၀၀၀ လောက် ရှိမယ်ထင်ပါတယ်။ ဒီလိုသတ်မှတ်ခံရတဲ့ နောက်မှာ FMI စတော့ဈေးနှုန်းက တစ်စုကို ကျပ် ၄၅၀၀၀ လောက်၊ သီလ၀ါရဲ့ စတော့ဈေးနှုန်းက တစ်စုကို ကျပ် ၈၀၀၀၀ လောက်အထိ တဖြည်းဖြည်းတက်သွားခဲ့ပါတယ်။ အဲဒီတော့ စတော့အိတ်ချိန်းမှာ စာရင်းဝင်အဖြစ် အရောင်းအ၀ယ်ပြုတဲ့ ပထမနေ့မှာကနဦး ဈေးသတ်မှတ်ရာမှာ အတော်လေး အခက်အခဲ ရှိခဲ့မယ်ထင်ပါတယ်။ ဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်နှစ်ချက်ကို တွေ့ရမှာဖြစ်ပါတယ်။ ပထမအချက်က စတော့အိတ်ချိန်းမှာ အရောင်းအ၀ယ်ပြုတဲ့ ပထမတစ်ပတ်အတွင်း အတက်ကြမ်းကြမ်းနဲ့ အမြင့်ဆုံးတက်ခဲ့တဲ့ ဈေးနှုန်းတွေက အဲဒီဈေးကွက်မတိုင်မီမှာ (Pre-Market) ဈေးနှုန်းတွေနဲ့ တစ်တန်းတည်းလောက် ရှိနေတယ်ဆိုတဲ့အချက်ပါ။ ဒါက ဈေးကစားတဲ့သူတွေ အသေအချာတွက်ဆပြီး အကျိုးအမြတ်ရယူသွားနိုင်တာ ဖြစ်ပါတယ်။ ဈေးကစားခြင်းဟာ ဒီဈေးကွက်ရဲ့ မရှိမဖြစ် လိုအပ်ချက်တစ်ရပ် သို့မဟုတ် လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ ဒုတိယအချက်က စတော့ဝယ်ယူသူအများစုက သာမန်စဉ်းစားတွေးခေါ်မှုတွေ ပျောက်ဆုံးသွားတယ်လို့ ယူဆပါတယ်။ ဈေးကွက်အပေါ် စိတ်လှုပ်ရှားမှု ကြီးမားလွန်းတာကြောင့် ဖြစ်တယ်။ ဈေးကွက်မတိုင်မီကာလ (Pre-Market) ဈေးနှုန်းနဲ့ စတော့အိတ်ချိန်းဈေးနှုန်း ကွာခြားမှုကြီးမားလွန်းတာကို သတိမပြုမိခဲ့ကြပါဘူး။ အဲဒါကို သတိမူမိကြမယ်ဆိုရင် ဈေးကွက်ရဲ့ မတည်ငြိမ်မှုက ဒီလောက်ကြီးမားမှာမဟုတ်သလို ဆုံးရှုံးမှုတွေကလည်း ဒီလောက်ရှိခဲ့ကြမှာ မဟုတ်ပါဘူး။ ယခုချိန်မှာတော့ စတော့ဈေးနှုန်းတွေက အဖွင့်ဈေးနှုန်းရဲ့အောက်ကို ရောက်နေပြီဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ အချက်တစ်ခုကို ပြောရမယ်ဆိုရင် ဒီဈေးကွက်နဲ့ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးမှု အတော်ကြီးအားနည်းခဲ့တယ်။ အသိပညာပေးမှု အစီအစဉ်တွေကို သိပ်ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်ခဲ့ဘူး။ ဆောင်ရွက်ခဲ့တဲ့ အစီအစဉ်တွေကလည်း ဈေးကွက်ဖြစ်မြောက်ရေးကို ဦးတည်တဲ့ အကျိုးအမြတ် ဘယ်လိုရှိနိုင်တယ်ဆိုတာတွေကိုပဲ ဇောင်းပေးခဲ့ကြတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ဈေးကွက်ရဲ့အန္တရာယ် (Risks) တွေကို သေချာနားလည် သဘောပေါက်ခြင်း မရှိခဲ့ကြပါဘူး။

မေး။ ဒါဆိုရင် ဈေးကွက်ကို အချိန်မတန်သေးဘဲ ဖွင့်ခဲ့တာကို အမှားတစ်ရပ်လို့ဆိုလိုတာလား။

■ ဖြေ။ ဈေးကွက်ကို အချိန်မတန်သေးဘဲဖွင့်ခဲ့တာ ပညာရပ်ပိုင်းဆိုင်ရာရှုထောင့် (Technical aspect) က ကြည့်ရင်တော့မှန်တယ်လို့ ကျွန်တော်မထင်ဘူး။ ဈေးကွက် ကမောက်ကမဖြစ်ပြီး ဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုလျော့နည်းသွားတယ်။ ဒီလိုဖြစ်သွားပြီဆိုရင် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု ပြန်ရအောင် တည်ဆောက်ရတာ ကြီးမားတဲ့စိန်ခေါ်မှုပါ။ ဒီဈေးကွက်ရဲ့ အရေးအကြီးဆုံး တာဝန်က ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးနိုင်ဖို့ပဲ။ ဒီအရေးအကြီးဆုံးတာဝန်ကို ကျွန်တော်တို့ မဆောင်ရွက်နိုင်ခဲ့ဘူး။ ဒါက အနုတ်လက္ခဏာလို့ ဆိုလို့ရတယ်။ ဒါပေမဲ့ မှားတယ်လို့လည်း ကျွန်တော်မပြော ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဘာပဲလုပ်လုပ် အိပဲ့အိပဲ့နဲ့။ စတော့အိတ်ချိန်းကို တည်ထောင်ဖို့ အစပျိုးဆောင်ရွက်ခဲ့တာ ၁၉၉၆ ခုနှစ်လောက်ကတည်းကပါ။ ဗီယက်နမ်ထက်စောပါတယ်။ ဗီယက်နမ်က ကျွန်တော်တို့ထက် နောက်ကျမှ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် အခုဆိုရင် ဈေးကွက်က အတော်လေးဖွံ့ဖြိုးနေပြီ။ ကျွန်တော်တို့ကတော့ အိပဲ့အိပဲ့နဲ့ ရှေ့မရောက်နိုင်ဘူး။ ဒီဈေးကွက် တည်ဆောက်ရေး ပြန်လည်အသက်သွင်းဖို့ ၂၀၀၈ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ လမ်းပြမြေပုံ (Road Map) အရ ၂၀၁၅ ခုနှစ် အောက်တိုဘာလောက်မှာ စတော့အိတ်ချိန်းကိုဖွင့်ရမှာ။ အဲဒီတော့ ဈေးကွက်အခြေခံတွေ မပြည့်စုံသေးပေမယ့် စတော့အိတ်ချိန်းကို သတ်မှတ်ထားတဲ့အတိုင်း ဖွင့်မယ်။ နောက်မှကြည့်ရှင်းမယ်။ စတော့အိတ်ချိန်းကို  ဖွင့်လိုက်ခြင်းအားဖြင့် နောက်ပိုင်းတိုးတက်ဖွံ့ဖြိုးမှုအတွက် မဖြစ်မနေဆောင်ရွက်ဖို့ တွန်းအားတစ်ရပ် ဖြစ်လာမယ်ဆိုတဲ့ သဘောနဲ့ ဆောင်ရွက်ခဲ့တာလို့ နားလည်လက်ခံလို့ရပါတယ်။ ဗီယက်နမ် စတော့အိတ်ချိန်းစဖွင့်တုန်းကလည်း သိပ်ပြီး အစကောင်းခဲ့တယ်လို့ မဆိုနိုင်ပါဘူး။ နောက်ပိုင်းတော့လည်း တဖြည်းဖြည်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် အခုအချိန်က အတိတ်က မှန်တာတွေမှားတာတွေကို အပြစ်သဘော ကြည့်တာမျိုးမဟုတ်ဘဲ ရှေ့မှာပိုမိုကောင်းမွန်အောင်လုပ်နိုင်ဖို့ သင်ခန်းစာတွေရယူတဲ့ အနေနဲ့ အတိတ်ကာလကို ပြန်သုံးသပ်ခြင်းမျိုး ဖြစ်သင့်ပါတယ်။ အခုအချိန်မှာတော့ ဒီစတော့အိတ်ချိန်းရဲ့ အနာဂတ်က ရှေ့ကို ဘယ်လိုဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ အချက်ပေါ်မှာသာ တည်ပါတယ်။

မေး။ ဒါဆိုရင်ဈေးကွက်က အေးစက်နေဦးမယ့်သဘောလား။

■ ဖြေ။ အမှန်ပါပဲ။ ဈေးကွက်ကအချိန်အတော် ကြာကြာအေးစက်နေဦးမှာ ဖြစ်ပါတယ်။ စနစ်တကျနဲ့ အားစိုက်ပြီး အချိန်ယူပြီး ပြန်လည်တည်မှသာ ဈေးကွက်ကပြန်လည်သက်ဝင် လှုပ်ရှားလာမှာဖြစ်ပါတယ်။ ဒီအမှန်တရားကို ကျွန်တော်တို့ လက်ခံကြဖို့လိုအပ်ပါတယ်။ ဒါက စိတ်ပျက်စရာတော့မဟုတ်ပါဘူး။ ဒီဈေးကွက်ရဲ့သဘာဝကိုက ဆူလွယ်နပ်လွယ် ဈေးကွက်မျိုးမဟုတ်ပါဘူး။ အချိန်ယူပြီး တည်ဆောက်ရတဲ့ ဈေးကွက်ဖြစ်တယ်ဆိုတာက ကျွန်တော် မကြာခဏပြောဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ စတော့ဈေးကွက်က ဖွံ့ဖြိုးနိုင်တဲ့ အလားအလာကောင်းတွေ ရှိတယ်ဆိုတာကို တစ်ကမ္ဘာလုံးက လက်ခံထားတာပါ။ တိုင်းပြည်ကျယ်ဝန်းတယ်။ အချက်အချာကျတယ်။ သယံဇာတပေါများတယ်။ ဒါတွေက ဈေးကွက်ကောင်းတစ်ခု ပေါ်ထွန်းနိုင်တဲ့လက္ခဏာ ကောင်းတွေပါ။ ဖြတ်လမ်းကမဟုတ်ဘဲ အခြေခံကျကျနဲ့ စနစ်တကျအချိန်ယူပြီး အားသွန်ခွန်စိုက် တည်ဆောက်ဖို့ပဲလိုအပ်တာပါ။

Writer: 
တင်ယုနွယ်