သရုပ်ဆောင် ပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း

ဆယ်ကျော်သက်အရွယ်တွင် ပရိသတ်များနှင့် စတင်မိတ်ဆက်ခဲ့ပြီးနောက် အနုပညာလုပ်ငန်းများအား ခေတ္တရပ်နားခဲ့ကာ ပညာရေးပြီးဆုံးချိန်တွင် အနုပညာလုပ်ငန်းများ တစ်ကျော့ပြန် လုပ်ကိုင်လာသူတစ်ဦးမှာ သရုပ်ဆောင် ပိုင်ဖြိုးသု ပင်ဖြစ်ပါသည်။ သရုပ်ဆောင် တစ်ဦးအဖြစ် ပြန်လည် မိတ်ဆက်ခဲ့သည့် ‘စိုင်းစိုင်းကိုချစ်တယ် ဇာတ်ကားမှစတင်ကာ ထူးခြားသည့် ဇာတ်ကောင်စရိုက်များအား ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးအဖြစ် ပရိသတ် သတိထားမိစေခဲ့သူဖြစ်ကာ အနုပညာပျိုးခင်း (၂) ၏ စင်တင်သရုပ်ဆောင် တစ်ဦးအဖြစ် ရွေးချယ်ခံထားရသူလည်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် အတွင်းတွင် ဇာတ်ကားအများအပြား လက်ခံရိုက်ကူးခွင့် ရရှိခဲ့ပြီးနောက် ကိုယ်ပိုင်ထုတ်လုပ်ရေး အနေဖြင့်လည်း ဇာတ်ကားများ ရိုက်ကူးရန် ပြင်ဆင်ထားသူ သရုပ်ဆောင် ပိုင်ဖြိုးသု နှင့်တွေ့ဆုံ၍ လတ်တလော ရိုက်ကူးမည့် ဇာတ်ကားနှင့် ပတ်သက်၍ ပြင်ဆင်ထားမှုများ၊ ကိုယ်ပိုင်ထုတ်လုပ်ရေး အနေဖြင့် ရိုက်ကူးရန် ပြင်ဆင်ထားသည့် ဇာတ်ကားများ စသည့် အနုပညာ အကြောင်းအရာစုံကို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - ကြယ်ဆိုတဲ့ ဇာတ်ကားလေးမှာ သရုပ်ဆောင်ဖြစ်ပုံလေး အရင်ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်ကားလေးက ဒါရိုက်တာကို အောင်ဇော်လင်းက လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ကြိုပြောထားတာ။ ဆရာမလွန်းထားထား ၀တ္ထုဆိုကတည်းက ၀မ်းသာစွာနဲ့ လက်ခံခဲ့တယ်။ ကာရိုက်တာကို သိခွင့်ရတော့လည်း ကိုယ်မလုပ်ဖူးသေးတဲ့ ကာရိုက်တာလေး ဖြစ်နေတော့ အရမ်းဝမ်းသာသွားတယ်။

မေး - ဒီဇာတ်ကားမှာ ဘယ်လိုဇာတ်ကောင် စရိုက်မျိုး သရုပ်ဆောင်ရမှာလဲ။

ဖြေ - ညီမရယ် အမေရယ် ပထွေးရယ်နဲ့ နေရတယ်။ ညီမတို့ သူငယ်ချင်းသုံးယောက်က လောကကြီးကို မကျေနပ်နေကြတဲ့ သူတွေပေါ့။ အဲဒီလို လူငယ်လေးတွေကို မြေတောင်မြှောက်ပေးမယ့်သူ တစ်ယောက်ရယ်ပေါ့။ ပရိသတ်တွေ အတွက်ကတော့ ခံစားမှုအသစ် ဖြစ်မယ်ထင်ပါတယ်။ ဇာတ်လမ်းကလည်း ဆန်းတယ်။ အပြင်မှာ ခင်သော်လည်း ရုပ်ရှင်ထဲမှာ မဆုံဖူးသေးတဲ့ သူတွေလည်း ဆုံခွင့်ရမယ့် ဇာတ်ကားဆိုတော့ ရင်ခုန်စရာ ကောင်းပါတယ်။ ပျော်ဖို့ကောင်းမယ်လို့လည်း ယုံကြည်ပါတယ်။

မေး - ၂၀၁၆ မှာ ဇာတ်ကားတွေ အများကြီး ရိုက်ခွင့်ရသလို ထူးခြားတဲ့ ဇာတ်လမ်းပုံစံလေးတွေလည်း သရုပ်ဆောင်ခွင့်ရတယ်။ ၂၀၁၆ က ထူးခြားတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်လို့ ဆိုနိုင်မလား။

ဖြေ - ၂၀၁၆ က ညီမအတွက် ကံကောင်းတဲ့နှစ်လို့ ပြောလို့ရပါတယ်။ ရုပ်ရှင်ကားကြီးဆိုရင်လည်း ထူးထူးခြားခြား ပုံစံလေးတွေ ရိုက်ကူးခွင့်ရတယ်။ အဲဒီအတွက်လည်း ဆရာ ဆရာမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့သာ ခေါ်မရိုက်ရင် ဒီလိုတွေ လုပ်ပြခွင့်လည်းရမှာ မဟုတ်ဘူးလေ။

မေး - ကိုယ်တိုင်လုပ်ခဲ့တဲ့ အနုပညာလုပ်ငန်းတွေမှာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရင် အားနည်းချက်နဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ - အရင်ဆုံး အားနည်းချက်တွေကို ပြောရမယ်ဆိုရင်တော့ ညီမက ဇာတ်ကောင်စရိုက်အရ ကောင်မလေး လှလှလေးတို့၊ မိုက်မိုက်လေးတို့ ပုံစံမျိုးလုပ်ရမယ်ဆိုရင် အဆင်မပြေဘူး။ ကိုယ့်ကိုယ်ကိုယ် မလှမှန်းလည်း သိတယ်။ မလှတာချည်းကို လှချင်ယောင် ဆောင်ရတာကို ရှက်ပြီးကြောက်နေရော။ အခြားအားနည်းချက်တွေလည်း အများကြီးပါပဲ။ အားသာချက်တွေကတော့ ဒီနှစ်ထဲမှာ လုပ်ခဲ့တဲ့ အလုပ်တိုင်းကို ကြိုးစားအားထုတ်မှုအပြည့်နဲ့ လုပ်ခဲ့နိုင်တယ်။ ထိခိုက်ဒဏ်ရာ ရတာတွေလည်း အများကြီးပဲ။ အရမ်းပင်ပင်ပန်းပန်း လုပ်ခဲ့ရတာတွေရှိတယ်။ အဲဒီလိုတွေရိုက်ရတာ ပျော်တယ်။ ညီမကို ပင်ပင်ပန်းပန်းခိုင်းရင် အရမ်းပျော်တာ။ အဲဒါလေးတွေကတော့ ကျေနပ်မိတာတွေပေါ့။

မေး - ဒီလောကထဲ စ၀င်တုန်းက ကိုသားကြီး (ဒွေး) လို အမူအရာကို စိတ်နှစ်ပြီး လုပ်နိုင်တာကို အားကျတယ်လို့ ပြောခဲ့ဖူးတယ်နော်။ အဲဒီလို ပြောင်မြောက်တဲ့ အနုပညာ ဖန်တီးနိုင်ဖို့က ဘာတွေလိုအပ်မယ်လို့ထင်လဲ။

ဖြေ - အများကြီး လိုအပ်ပါတယ်။ ညီမရှေ့မှာ မြင်ခဲ့တဲ့ စီနီယာတွေ အများကြီးရှိတယ်လေ။ အနုပညာပျိုးခင်းက ဆရာတွေကလည်း အများကြီးသင်ကြားပေးကြတယ်။ ညီမတို့ကတော့ လေ့လာသင်ယူနေရတဲ့ အချိန်လို့ပဲ ဆိုရမှာပါ။

မေး - ကိုယ်ပိုင်ထုတ်လုပ်ရေး တစ်ခုလုပ်ဖို့ ရှိတယ်ဆို။

ဖြေ - ကိုယ်ပိုင်ထုတ်လုပ်ရေး လုပ်တယ်ဆိုပေမယ့် ကြီးကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ပါဘူး။ အိမ်ကထုတ်ပေးတဲ့ ပိုက်ဆံနဲ့ လုပ်ရတာပါ။ ရုပ်ရှင်ကားတွေ အများကြီး ရိုက်နိုင်တာလည်း မဟုတ်ဘူး။ အဓိကတော့ ဗီဒီယိုဇာတ်ကားလေးတွေပဲ ရိုက်မှာပါ။ ဗီဒီယိုကျတော့ ပရိသတ်တွေနဲ့ မြန်မြန်ထိတွေ့နိုင်တယ်။ ညီမတို့ကျတော့လည်း ပရိသတ်နဲ့က ထိတွေ့ဖို့ ပိုလိုအပ်တယ်ဆိုတော့ ဗီဒီယိုတွေပဲ အဓိကရိုက်ကူး ဖြစ်ပါမယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အရှုံးခံပြီး ရိုက်သွားမှာပါ။

မေး - ကိုယ်ပိုင်ထုတ်လုပ်ရေး အနေနဲ့ ဘယ်လိုဇာတ်လမ်းမျိုးတွေ အဓိကရိုက်ကူးသွားမလဲ။

ဖြေ - ဇာတ်ကောင်စရိုက် အသားပေး ဇာတ်လမ်းလေးတွေ ရိုက်သွားမှာပါ။ တတ်နိုင်သလောက် အနုပညာအားဖြင့် ဇာတ်ကောင်စရိုက် ဆန်းဆန်းလေးတွေ၊ ကိုယ်မလုပ်ဖူးသေးတာတွေကို ရိုက်ကူးမယ့် စိတ်ကူးရှိပါတယ်။ ညီမလုပ်ချင်တဲ့ ဇာတ်ကောင်စရိုက်တွေလည်း ရှိတယ်။ အထူးစောင့်ရှောက်မှု လိုအပ်တဲ့ ကလေးတွေအတွက် ရည်ရွယ်တဲ့ ဇာတ်လမ်းမျိုးလေးတွေ ရှိတယ်။ ဇာတ်လမ်းကတော့ ပြင်ဆင်နေတုန်းပါ။ ရုပ်ရှင်ကားကြီး တစ်ကားတော့ ရိုက်ထားပြီးပြီ။ ဖေဖော်ဝါရီမှာ ဗီဒီယိုတစ်ကား ရိုက်ပါမယ်။ ဒါရိုက်တာကိုဏကြီးနဲ့ ရိုက်မယ်။ သရုပ်ဆောင်တွေကတော့ ဒါရိုက်တာစိတ်ကြိုက် ရွေးမှာပေါ့နော်။ ညီမတော့ ပါပါတယ်။ ညီမကတော့ မျက်မမြင် တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ။

မေး - ၂၀၁၇ အတွက် အနုပညာ အစီအစဉ်တွေရော ဘယ်လိုစီစဉ်ထားလဲ။

ဖြေ - အဓိကတော့ အနုပညာပျိုးခင်းက ဆရာတွေနဲ့အတူ ပါဝင်ခွင့်ရမယ့် ဇာတ်ကားတွေရှိတယ်။ အဲဒီဇာတ်ကားတွေမှာလည်း ဆရာတွေရဲ့ လမ်းညွှန်ချက်အတိုင်း လုပ်မှာပါ။ ဆရာတွေကို ပူဆာပြီးတော့လည်း ညီမထုတ်လုပ်ရးအနေနဲ့ ဇာတ်ကားတွေရိုက်ဖို့ ရက်ရဖို့လည်း ခွင့်တောင်းရမှာပေါ့။

မေး - Relationship လည်းတင်ထားပြီဆိုတော့ ပရိသတ်တွေကိုလည်း ပြောပြပါဦး။

ဖြေ - ညီမက ပြောလိုက်တယ်ဆိုတာက အသက်ကလည်း မငယ်တော့ဘူးလေ။ ရှိရဲ့သားနဲ့လည်း မရှိဘူးလို့ မပြောချင်ဘူးလေ။ ရိုက်စစ်စရာမလိုဘဲ ပြောတတ်တဲ့ အကျင့်လည်း ရှိတယ်။ မညာတတ်ဘူးဆိုတော့ ဒီအတိုင်းပဲ ပြောဖြစ်သွားတာ။

မေး - နှစ်ယောက်စလုံးက အနုပညာရှင်တွေဆိုတော့ အဓိကတူညီတဲ့ သဘောထားဆိုရင်ရော။

ဖြေ - အဓိကတော့ အနုပညာကိုချစ်တာပေါ့။

မေး - ၂၀၁၇ အတွက် ပရိသတ်ကို ဆုတောင်းပေးချင်တာများ ရှိမလား။

ဖြေ - ၂၀၁၇ မှာ ပရိသတ်အားလုံး ဖြစ်နေတာနဲ့ ဖြစ်ချင်တာ တစ်ထပ်တည်းကျပြီး ပျော်ရွှင်စိတ်ချမ်းသာပါစေ။

မေး - ၂၀၁၇ မှာ ညီမလေးအဖြစ်ချင်ဆုံး ဆန္ဒတွေဆိုရင်ရော။

ဖြေ - ပရိသတ်တွေရဲ့ မျက်စိထဲမှာ အသိအမှတ်ပြုလာပြီး ပရိသတ်အတွက် ကောင်းခြင်းတွေကို ဖန်တီးပေးနိုင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ချင်ပါတယ်။   

Writer: 
လင်းလင်းခိုင်