အေးမြတ်သူနှင့် တွေ့ဆုံခြင်း

အနုပညာသက်တမ်း ၁၀ နှစ်ကျော် ကာလအတွင်းတွင် အမြဲရွှင်လန်းတက်ကြွသည့် ဟန်ပန်၊ လှပဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်ပိုင်ဆိုင်မှုနှင့် အပြုံးချိုချိုများအား ပိုင်ဆိုင်ထားသူဟု ပရိသတ်လက်ခံ အားပေးထားသည့် သရုပ်ဆောင်တစ်ဦးမှာ မော်ဒယ်လ်သရုပ်ဆောင် အေးမြတ်သူပင်ဖြစ်သည်။ သရုပ်ဆောင် အေးမြတ်သူသည် ၂၀၁၆ ခုနှစ်အတွင်းတွင် ဇာတ်ကားအများအပြား လက်ခံရိုက်ကူးခွင့်ရရှိခဲ့ပြီး မအေးပွင့်မြင့်မြင့်စန်း လမ်းသုံးဆယ်၊ မေထုန်ရာသီဖွား၊ ငဘဇာတ်ကားများဖြင့် ပရိသတ်များကြားတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ၂၀၁၇ နှစ်ဆန်းတွင် စတင်ထုတ်လွှင့် ပြသလျက်ရှိသည့် ‘မနေ့ကဖြစ်သည် ရုပ်သံဇာတ်လမ်းတွဲတွင် ရဲအုပ်ခက်ခက်ခိုင်အဖြစ် ပါဝင်ထားသည့် သရုပ်ဆောင် အေးမြတ်သူနှင့် တွေ့ဆုံ၍ ဇာတ်လမ်းတွဲ ရိုက်ကူးမှု အတွေ့အကြုံနှင့် ၂၀၁၆ ခုနှစ်အတွင်း အနုပညာ လှုပ်ရှားမှုများအပေါ် သုံးသပ်ချက်များ၊ ၂၀၁၇ အတွက်ပြင်ဆင်ထားသည့် အနုပညာ အစီအစဉ်များအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး - အခုထုတ်လွှင့်နေတဲ့ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲက ပရိသတ်အရမ်း စိတ်ဝင်စားအားပေးနေကြတယ်။ ဒီဇာတ်လမ်းတွဲကို ရိုက်ကူးရတဲ့ အမှတ်တရတွေနဲ့ အားပေးခံရမှုအပေါ်ရတဲ့ ပီတိကိုလည်း ပြောပြပါဦး။

ဖြေ - ဒီဇာတ်လမ်းတွဲလေးကို စိတ်ဝင်စားအားပေးကြတယ်။ တွေ့တဲ့သူတိုင်းကလည်း တရားခံဘယ်သူလဲဆိုပြီး မေးကြတယ်။ ဒီလိုပရိသတ်ကြိုက်တဲ့ ဇာတ်လမ်းလေးမှာ ပါဝင်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ ဇာတ်လမ်းကိုကြိုက်တော့ ကိုယ့်ကိုပါတစ်ခါတည်း တွဲမြင်သွားတာပေါ့လေ။ ဒီဇာတ်လမ်းတွဲ ရိုက်တုန်းကတော့ အရမ်းပင်ပန်းပါတယ်။ အချိန်တွေရော ပင်ပန်းမှုတွေပါ အများကြီးပေးဆပ်ခဲ့ရတယ်။ ဒါရိုက်တာရော ထုတ်လုပ်သူနဲ့ အဖွဲ့သားတွေ အားလုံးကလည်း အကောင်းဆုံး ကြိုးစားခဲ့ကြတယ်။ အမှတ်တရဆိုရင်တော့ Night Scene တွေအများကြီး ရိုက်ရတယ်။ မိုးလင်းလို့ ရှုတင်ရပ်သွားတာပဲရှိတယ်။ ပြီးသွားတယ်ဆိုတာ မရှိဘူး။ အဲဒါကတော့ အမှတ်တရပါပဲ။ Character တွေလည်း မိတယ်လို့ပြောရမယ်။ သူ့ဇာတ်ရုပ်နဲ့သူက ကွက်တိကျနေတယ်ပေါ့လေ။ ပါဝင်တဲ့သူတွေ အားလုံးက လူငယ်တွေချည်းပဲ။ ကိုယ်က အသက်အကြီးဆုံးပေါ့။ လူငယ်တွေအားလုံး ၀ိုင်းဝန်းကြိုးစားထားတာလေး အရာထင်လာလို့ ပျော်ပါတယ်။ နောက်လည်း ဒီလိုဇာတ်လမ်း ကောင်းလေးတွေ ရိုက်ကူးခွင့်ရဖို့ မျှော်လင့်ပါတယ်။

မေး - ရဲအုပ်ခက်ခက်ခိုင် နေရာက သရုပ်ဆောင်ရတာ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ - ဒီကားမှာက Tempo အပြောင်းအလဲ သိပ်မရှိဘူး။ အကုန်လုံးကို မသင်္ကာဘူး။ တရားခံက လူတိုင်းဖြစ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ သရုပ်ဆောင်ရတယ်။ အဲဒီလိုအကြည့်မျိုး ဖြစ်အောင် ကြိုးစားရတယ်။ စကားပြောရင် ပြတ်သားဖို့အတွက်၊ အေးမြတ်သူက စကားပြောတာ မြန်တတ်တော့ နည်းနည်း ကြိုးစားရပါတယ်။

မေး - အခုရုပ်သံမှာ ထုတ်လွှင့်တော့ ပရိသတ် တစ်ယောက်အနေနဲ့ ပြန်ကြည့်ဖြစ်လား။

ဖြေ - ကြည့်ဖြစ်တယ်။ တီဗီမှာကြည့်ဖို့ မမီရင်တောင် Pyone Play ကနေ ပြန်ကြည့်ဖြစ်တယ်။ သဘောကျတယ်။ Scene တိုင်းက ရာခိုင်နှုန်း ၈၀ ပြည့်စုံပါတယ်။ တရားခံဘယ်သူလဲဆိုတာ ကိုယ်ကသရုပ်ဆောင်ဖြစ်လို့သာ သိနေတာလေ။ အပြင်မှာတွေ့တဲ့ သူတွေရော၊ သူငယ်ချင်းတွေကရော မေးကြတယ်။ အေးမြတ်သူကတော့ စိတ်ဝင်စားရင် ဆက်စောင့်ကြည့်ပါလို့ပဲ ပြောခဲ့ပါတယ်။

မေး - ဒီလိုမြန်မာဇာတ်လမ်းတွဲတွေအပေါ် စိတ်ဝင်စားမှုမြင့်လာတာက ရုပ်ရှင်လောကအတွက် ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ထင်လဲ။

ဖြေ - ကောင်းမွန်တဲ့ ပြောင်းလဲခြင်းဖြစ်မှာပါ။ ဗီဒီယိုတွေရိုက်ကူးမှု နည်းလာတဲ့ အခုလိုချိန်မျိုးမှာ ဇာတ်လမ်းတွဲတွေကို အရည်အသွေး ကောင်းကောင်းနဲ့ ရိုက်ကူးကြတယ်။ ပရိသတ်တွေလည်း အဆင်ပြေသလို အနုပညာရှင်တွေ၊ စက်မှုလုပ်သားတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာမယ်။ နောက်ပိုင်းဆို ရုပ်သံလိုင်းသစ်တွေလည်း အများကြီး ဖြစ်လာမယ်ဆိုတော့ အခွင့်အလမ်းကောင်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

မေး - ဇာတ်လမ်းတွဲအသစ် ထပ်ရိုက်ဖြစ်ဖို့ရှိမလား။

ဖြေ - နှစ်ခုသုံးခုလောက် ရိုက်ဖို့ရှိပါတယ်။ တစ်ခုကတော့ ဇန်န၀ါရီ ၁၅ ရက်လောက်မှာ စရိုက်ပါမယ်။ ထိုင်းဒါရိုက်တာ၊ ထိုင်းက စက်မှုအဖွဲ့သားတွေနဲ့ ထိုင်းမှာပဲ သွားရိုက်ရမှာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားပါတယ်။ သရုပ်ဆောင်တွေကတော့ မြန်မာသရုပ်ဆောင်တွေပါပဲ။ မင်းရာဇာ၊ ဘုဏ်းသိုက်နဲ့ တခြားသရုပ်ဆောင်တွေ အများကြီးပါပါမယ်။

မေး - ငဘဇာတ်ကားကလည်း ဇာတ်လမ်းကောင်း တစ်ခုဖြစ်နေတော့ အဲဒီမှာပါဝင်ခဲ့ရတဲ့ စိတ်ခံစားချက်ကိုလည်း ပြောပြပါဦး။

ဖြေ - ငဘဇာတ်ကားအတွက် လာငှားကတည်းက တာဝန်ကြီးမှန်း သိလိုက်ပါတယ်။ ၀တ္ထုကလည်း ဂန္ထ၀င်ဝတ္ထု၊ရှေ့မှာလည်း ရုပ်ရှင်ကားကြီး ရိုက်ခဲ့ဖူးတယ်။ ဦးကျော်သူဆိုတာကလည်း ပရဟိတသူရဲကောင်း၊ မကြီးစိုး (စိုးမြတ်သူဇာ) ကလည်း တကယ့်ဝါရင့် သရုပ်ဆောင်၊ သူတို့တွေနဲ့ တွဲဖက်သရုပ်ဆောင်ရမှာဆိုတော့ ကိုယ့်ကြောင့်သူတို့ အနှောင့်အယှက်ဖြစ်မှာ စိုးတယ်။ အဲဒီအတွက်အများကြီး ပြင်ဆင်ခဲ့ရပါတယ်။

မေး - ဘ၀လက်တွဲဖော်ရှာဖို့ အစီအစဉ်ရောရှိလား။

ဖြေ - အေးမြတ်သူ အိမ်ထောင်ပြုမှာပါ။ အိမ်ထောင်ပြုရမယ့် အရွယ်လည်းရောက်နေလို့ ကျော်တောင်နေပါပြီ။ ဇနီးကောင်းဘ၀ ခံယူချင်သလို မိခင်ကောင်း တစ်ယောက်လည်း ဖြစ်ချင်ပါတယ်။ တစ်ခုရှိတာက အသက်ကြီးလာတာနဲ့အမျှ ပိုစဉ်းစားလာတယ်။ အသက် ၃၀ ကျော်တဲ့ မိန်းမတစ်ယောက်အနေနဲ့ တစ်ခုခုမှားယွင်းသွားမှာစိုးလို့ အချိန်ယူ ဆုံးဖြတ်ရမှာပါ။

မေး - ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။

ဖြေ - လက်ရှိအချိန်အထိ အားပေးနေတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ အေးမြတ်သူက လိမ္မာတဲ့မင်းသမီး မဟုတ်ပါဘူး။ ဆိုးတဲ့ကြားက ပရိသတ်တွေ သွန်သင်တဲ့အတွက် ကောင်းတဲ့ဘက်ကို ရောက်လာပါပြီ။ အချိန်နည်းနည်းတော့ ထပ်ပေးပါလို့။ အေးမြတ်သူ ပြုပြင်နေပါတယ်လို့။ ၂၀၁၇ မှာ အေးမြတ်သူ လိမ္မာအောင်နေပါမယ်။

Writer: 
လင်းလင်းခိုင်