သံလွင်မြစ်ပေါ် တည်ဆောက်မည့် မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသည့် တမံအနိမ့်ဒီဇိုင်း Cascade အဆင့်ဆင့်ဖြင့် ဆောင်ရွက်ရန်နှင့် စီမံကိန်းအကောင်အထည်ဖော်ရန် မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမည်

ရေကာတာများ ဆောက်လုပ်ရန် စီစဉ်ထားသည့် သံလွင်မြစ် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများအနက် အကြီးဆုံး တည်ဆောက်မည့် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိနိုင်သော တမံအနိမ့် ဒီဇိုင်းပြန်လည်ရေးဆွဲရေး Cascade (ရေတံခွန်ငယ်) အဆင့်ဆင့်ဖြင့် ဆောင်ရွက်ရန်နှင့် အဆိုပါ စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် မြန်မာ- ထိုင်း- တရုတ်သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို လျှပ်စစ်စွမ်းအားဆိုင်ရာ ပူးတွဲကော်မတီ၏ တတိယအကြိမ် အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက မတ် ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်ကို မတ် ၂ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတွင် မြန်မာ-ထိုင်း လျှပ်စစ်စွမ်းအားဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးများ အစည်းအဝေးနှင့် ပူးတွဲလုပ်ငန်း ကော်မတီ အစည်းအဝေးများကျင်းပအပြီးတွင် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများကို နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေး၌ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန၀န်ကြီး H.E General အန်နန်တာာပွန်ကန် ဂျန်နာရတ် ဦးဆောင်သည့် ထိုင်းကိုယ်စားလှယ်အဖွဲ့နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးတို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နိုင်ငံမှ China Three Gorges Corporation၊ China Southern Power Grid၊ Power Construction of China၊ ထိုင်း နိုင်ငံမှ Electricity Generating Authority of Thailand International နှင့် မြန်မာနိုင်ငံမှ Myanmar's International Group of Entrepreneurs Co,Ltdတို့ ပူးပေါင်းလုပ်ဆောင်ကြမည်ဖြစ်ပြီး ထွက်ရှိလာသည့် ရေအားလျှပ်စစ်များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ရာခိုင်နှုန်း ၉၀ အထိ ခံစားခွင့်ရရှိမည်ဖြစ်ကာ ၁၀ ရာခိုင်နှုန်းသာ မြန်မာနိုင်ငံက ရရှိမည်ဖြစ်ကြောင်း သိရသည်။

“ စီမံကိန်းက ထွက်ရှိလာမယ့် လျှပ်စစ်ကို ထိုင်းက ၄၅ ရာခိုင်နှုန်း၊ တရုတ်က ၄၅ ရာခိုင်နှုန်းနဲ့ မြန်မာက ၁၀ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။ ဒါက အဆိုပြုထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်” ဟု စီမံကိန်းအား သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်လေ့လာချက်များပြုလုပ်မည့ှ်SMEC International Pty Ltd. မှ Ms. Maria Lorena Cleto က ပြောကြားသည်။

မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းအနီးတွင် ၁၉၉၆ ခုနှစ်နောက်ပိုင်း တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ဒေသခံများ ပြောင်းရွှေ့နေထိုင်မှုများရှိခဲ့ပြီး ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ထွက်ပြေးခဲ့သည့် စစ်ပြေးဒုက္ခသည် စုစုပေါင်းသည် သုံးသိန်းခန့်ရှိသောကြောင့် ယခုလက်ရှိအချိန်တွင် အဆိုပါနေရာအနီး၌ လူဦးရေ ငါးသောင်းခန့် နေထိုင်နိုင်ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်မှ စောသာဘိုးက ပြောကြားသည်။

မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း၏ ဆည်အမြင့်သည် ၂၄၁ မီတာမြင့်ကာ ၆၀၆ မီတာအမြင့်ရှိကြောင်း၊ ရေလှောင်ဧရိယာသည် ၆၄၁ စတုရန်းကီလိုမီတာ ရေအမြင့် ၃၉၅ မီတာနှင့် ရေထိန်းနံရံမှ အပေါ်ပိုင်း ခန့်မှန်းခြေ ၃၈၀ ကိလိုမီတာခန့် ကျယ်ပြန့်နိုင်ပြီး သံလွင်မြစ်ပေါ် တည်ဆောက်မည့် စီမံကိန်းများအနက် အကြီးဆုံးဆည်နှင့် အရှေ့တောင်အာရှတွင် အမြင့်ဆုံးဆည် ဖြစ်လာမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၁၀၀ ထွက်ရှိမည်ဖြစ်သည်။

ကီလိုမီတာ ၂၈၂၀ ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံးမြစ်များတွင် အဆင့် ၂၆ နေရာ၌ သတ်မှတ်ခြင်းခံထားရသော သံလွင်မြစ်ပေါ်တွင် ရေကာတာခြောက်ခု တည်ဆောက်မည်ဖြစ်သော်လည်း အမှန်တကယ် လုပ်ဆောင်ရန်စီစဉ်သည့် ရေကာတာများနှင့် စီမံကိန်းများမှာ ခြောက်ခုမှ ကိုးခုအကြား ရှိနေကြောင်း သိရသည်။ အဆိုပါ စီမံကိန်းများကြောင့် စီမံကိန်းများတည်ရှိရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်သာမက သံလွင်မြစ်အောက်ပိုင်းရှိ မွန်ပြည်နယ်တွင်ပါ ဆိုးကျိုးများစွာ ခံစားရနိုင်ကြောင်း စောသာဘိုးက မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်၏ သုတေသနများကို ကိုးကား၍ ဆိုသည်။

အဆိုပါစီမံကိန်းများတွင် ပါဝင်သော ကုမ္ပဏီများမှာ တရုတ်နိုင်ငံမှ Hanergy Holding Comapany၊ Hydrochina Corporation၊  China Three Corporation၊ China Datang Over Seas Investment၊ Sinohytro၊ ထိုင်းနိုင်ငံမှ EGAT International Co,Ltd မြန်မာနိုင်ငံမှ ခရိုနီကုမ္ပဏီများဖြစ်သည့် ရွှေတောင်၊ Asia World နှင့် IGE ကုမ္ပဏီများမှ ပါဝင်တည်ဆောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်က သတင်းထုတ်ပြန်ထားသည်။

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းများ ရပ်တန့်ပေးရန် ရှမ်း၊ ကရင်၊ ကရင်နီနှင့် မွန်ပြည်နယ်အတွင်းမှ ဒေသခံ ၆၁၀၀၀ ဦးနှင့် လူမှုအဖွဲ့အစည်း ၁၃၁ ဖွဲ့မှ လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်းများအား ရေကာတာစီမံကိန်း အကောင်အထည်ဖော်နေသည့် ကုမ္ပဏီများ၊ တရုတ်နှင့် ထိုင်းသံရုံးများ၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်က ဒေသခံများ ကိုယ်စား အိတ်ဖွင့်ပေးစာနှင့်တကွ ပူးတွဲပေးပို့ထားသည်။  

Writer: 
ဖြိုးဝေ