ပြည်တွင်း သတင်းများ

ယခုနှစ် ခြောက်လအတွင်း ပြည်တွင်း၌ လူကုန်ကူးခံရသူ ၂၁၁ ဦး ရှိလာပြီး ၂၀၁၄ ခုနှစ် နှစ်ဝက်ကျော်ကာလ လူကုန်ကူးခံရမှု ပမာဏထက် နှစ်ဆကျော် ပိုများ

၂၀၁၅ ခုနှစ် ဇန်န၀ါရီမှ ဇွန်အတွင်း ပြည်တွင်း၌ လူကုန်ကူးခံရသူ ဦးရေ ၂၁၁ ဦးအထိ ရှိလာခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဇွန်အထိ လူကုန်ကူးခံရသူ ဦးရေ ပမာဏထက် နှစ်ဆကျော် ပိုများလာခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဌာနချုပ်မှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ လူကုန်ကူးခံရသူ ဦးရေမှာ ၂၀၁၄ ခုနှစ် နှစ်ဝက်ကာလအတွင်း ၉၇ ဦးသာ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ဝက်ကာလ၌ နှစ်ဆကျော် ပမာဏဖြစ်သည့် ၂၁၁ ဦးအထိ ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကာ လူကုန်ကူးခံရသူ အများစုမှာ တရုတ်မယားအဖြစ် အများဆုံး အရောင်းခံနေရကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ မဲစာရင်းနှင့် ပတ်သက်၍ နေပြည်တော်၌ ဆွေးနွေးညှိနှိုင်းမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ဇူလိုင် ၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ မဲစာရင်းနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် NLD ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်၊ ဦးဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်တို့ ပါဝင်မည်ဖြစ်ကြောင်း NLD ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ကျောင်းသားများကို အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့် ကြားမှပင် 7 July အခမ်းအနား သမဂ္ဂမြက်ခင်းပြင်၌ ပြုလုပ်မည်

ကျောင်းသားများကို အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့် ကြားကပင် တကသများက ဦးဆောင်ပြီး ဆဲဗင်းဇူလိုင် အခမ်းအနားကို သမဂ္ဂမြက်ခင်းပြင်၌ ပြုလုပ်သွားမည်ဟု တကသ ကျောင်းသားများထံမှ သိရသည်။

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း၌ မြန်မာ-ထိုင်း နှစ်နိုင်ငံအပြင် ဂျပန်နိုင်ငံ ပါဝင်လာမည့် MOI အား မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုး

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများတွင် ဂျပန်နိုင်ငံ ပါဝင်လာမည့် Momorandum of Intent (MOI) အား မဲခေါင်-ဂျပန် ထိပ်သီးအစည်းအ၀းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရရှိသည်။

ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌသည် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း လုပ်ငန်းများတွင် ဂျပန်နိုင်ငံ ပါဝင်လာမည့် Momorandum of Intent (MOI) အား လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်ယူဆောင်သွားခဲ့ပြီး မြန်မာ-လက်ရှိကျင်းပနေသည့် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေး ကျင်းပနေသည့် ဇူလိုင်  ၄ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

ပဋိပက္ခဆီ မရောက်ဖို့ ပြေလည်မှုဆီ ချဉ်းကပ်ရမည့်ကျပ် ၃၆၀၀ ၀ိရောဓိ

လုပ်ခလစာနှင့် ပတ်သက်၍ အလုပ်သမားများ ၂၀၁၄ ခုနှစ် မေ ၁ ရက်က ဆန္ဒပြကြစဉ် (ဓာတ်ပုံ-ကြည်နိုင်)(အပေါ်)၊ တစ်ရက်ကျပ် ၃၆၀၀ သတ်မှတ်ပါက စက်တင်ဘာတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်ကြမည်ဖြစ်ကြောင်း လက်ထောင်ပြနေသည့် အထည်ချုပ် လုပ်ငန်းရှင်များကို ဇူလိုင် ၂ ရက်က တွေ့ရစဉ် (အောက်)

တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပါက စက်တင်ဘာတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များ လက်ထောင်ဆန္ဒပြုနေစဉ်

လပွတ္တာမြို့နယ် အတွင်းရှိ နေထိုင်စရာ အတည်တကျ မရှိသေးသော နာဂစ်ဒုက္ခသည်များ မဲစာရင်းများ ကြည့်ရှုပြုပြင်ရန် အခက်အခဲများ ဖြစ်ပေါ်

လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာ ၁၃ ရွာတွင် နေထိုင်နေရသည့် နေထိုင်စရာ အတည်တကျ မရှိသေးသော နာဂစ်ဒုက္ခသည်များနှင့် သုံးမိုင်မြို့သစ်တွင် ၀င်ရောက်နေထိုင်နေသည့် နာဂစ်ဒုက္ခသည်များ၏ မဲစာရင်းများ ကြည့်ရှုပြုပြင်ရန်အတွက် အခက်အခဲ ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေး၏ ဖုန်းဆက်သွယ်ပြောဆိုခများ ဆွေသဟာ အစီအစဉ်တွင် တစ်မိနစ် ၂၃ ကျပ်အထိ ဇူလိုင် ၈ ရက်မှ စတင်လျှော့ချမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖုန်းဆက်သွယ် ပြောဆိုခများကို ဇူလိုင် ၈ ရက်မှ စတင်၍ တစ်မိနစ်လျှင် ၂၃ ကျပ်အထိ MPT ၏ ဆွေသဟာ အစီအစဉ်တွင် လျှော့ချသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ တက္ကသိုလ်ဝင်တန်း မအောင်မြင်သည့် ကျောင်းသားကျောင်းသူများအား ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ တက္ကသိုလ်ဝင်တန်း မအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ ၇၀ ကျော်ကို ဇူလိုင် ၄ ရက်က ကော့မှူးမြို့နယ်ရှိ Ho-spitality and Catering Training Academy(HCTA) ဟိုတယ်လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းကျောင်း၌ တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီး ကျောင်းသားများ၏ ပညာရေးအတွက် အကူအညီပေးမှု လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲတွင် ပါဝင်သည့် ကျောင်းသားကျောင်းသူများ၏ ပြောကြားချက်အရ သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အခမဲ့သင်ကြားပေးသည့် ဟိုတယ်လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းကျောင်းသို့ ယခုနှစ် လျှောက်ထားသူ ၁၈၀ ကျော်အနက် ၁၂၀ ခန့် ရွေးချယ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ စတင်ဖွင့်လှစ်ခဲ့သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း အခမဲ့ သင်ကြားပေးနေသည့် Hospitality and Catering Training Academy (HCTA) ဟိုတယ်လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းကျောင်းသို့ ယခု ၂၀၁၅ ခုနှစ် သင်တန်းကာလအတွက် လျှောက်ထားသူ ၁၈၀ ကျော်အနက် ၁၂၀ ခန့် ရွေးချယ်သွားမည်ဖြစ်ကြောင်း အဆိုပါ သင်တန်းကျောင်းမှ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်၏ အစီအစဉ်ဖြင့် ရွှေပြည်သာမြို့နယ်တွင် အခန်း ၁၀၀ ကျော်ပါဝင်မည့် အငှားအိမ်ရာ ဆောက်လုပ်နေ

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်တွင် အခန်း ၁၀၀ ကျော် ပါဝင်မည့် အငှားအိမ်ရာ ဆောက်လုပ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယင်းအငှားအိမ်ရာမှာ မူလက တန်ဖိုးနည်းအိမ်ရာအဖြစ် ဆောက်လုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် အိမ်ငှားခ မတတ်နိုင်သူများအတွက် ရည်ရွယ်၍ အငှားအိမ်ရာအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအိမ်ရာသည် ရွှေပြည်သာမြို့နယ် စက်မှုလမ်းမကြီး အနီးတွင် တည်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အစီအစဉ်ဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ရာတွင် ရှစ်ခန်းတွဲ လေးထပ်တိုက် လေးလုံးခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မူဆယ်ဆန်ဈေးကွက်တွင် အရောင်းအ၀ယ် အေးနေသော်လည်း မန္တလေးဆိပ်ကမ်းမှတစ်ဆင့် မူဆယ်သို့ နေ့စဉ် ဆန်တင်ပို့လျက်ရှိ

မူဆယ်ဆန်ဈေးကွက်တွင် မြန်မာ့ဆန်ဈေးနှုန်း လျော့ကျကာ အရောင်းအ၀ယ် အေးနေသော်လည်း မန္တလေးဆိပ်ကမ်းမှတစ်ဆင့် မူဆယ်ဈေးကွက်သို့ နေ့စဉ် တင်ပို့လျက်ရှိကြောင်း မန္တလေး ဆန်ကုန်သည်များထံမှ သိရသည်။

မူဆယ်ဈေးကွက်၌ ဗီယက်နမ်ဘက်မှ ဆန်ဝင်ရောက်မှုများကြောင့် ဈေးနှုန်းများလျော့ကျကာ အရောင်းအ၀ယ် အေးလျက်ရှိပြီး မြန်မာဆန်ဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၁၅၀၀ ခန့်အထိ လျော့ကျလျက်ရှိကြောင်း သိရသည်။

နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု မြင့်တက်လာခြင်းကြောင့် မန္တလေး-မင်းကွန်းသွား ရေယာဉ်များ ထပ်မံတိုးချဲ့မည်

မန္တလေးမြို့ မရမ်းခြံ ဆိပ်ကမ်းမှတစ်ဆင့် ဧရာဝတီမြစ်ကို ဖြတ်သန်းကာ မင်းကွန်းဘက်သို့ သွားရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများ တစ်နှစ်ထက်တစ်နှစ် များပြားလာသည့်အတွက် ယခုနှစ် ခရီးသွားရာသီတွင် ရေယာဉ်များ ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့နေ လူဦးရေ၏ ရာခိုင်နှုန်း ၂၀ ခန့်သည် ရန်ကုန်မြို့တော် စည်ပင်က နေ့စဉ်ပေးဝေသော ရေကို မရရှိဟု ဆို

ရန်ကုန်မြို့ လူဦးရေ၏ ရာခိုင်နှုန်း ၂၀ ခန့်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက နေ့စဉ်ပေးဝေနေသောရေကို မရရှိကြောင်း မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းတွင် ဖော်ပြချက်အရ သိရသည်။

ရန်ကုန်မြို့တွင် နေ့စဉ် ရေဂါလန် သန်း ၂၀၀ ခန့် ဖြန့်ဖြူးပေးဝေနေပြီး ရေအသုံးပြုမှု အနေဖြင့် ၀င်ငွေမြင့်သည့် မိသားစုများသည် နေ့စဉ် တစ်ဦးလျှင် ဂါလန် ၃၀ ခန့်၊ ၀င်ငွေအလယ်အလတ်ရှိသည့် မိသားစုများ၏ ရေသုံးစွဲမှုမှာ နေ့စဉ် တစ်ဦးလျှင် ဂါလန် ၂၀ ခန့်၊ ၀င်ငွေနည်းသော မိသားစုများသည် လူတစ်ဦးလျှင် ၁၅ ဂါလန်ခန့် သုံးစွဲကြကြောင်း ယင်းစီမံကိန်းတွင် ဖော်ပြထားသည်။

အစိုးရ၀န်ကြီးဌာန ၃၁ ခုရှိနေရာ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ထပ်နေသည့်အတွက် အစိုးရယန္တရားကို ပိုမိုကျစ်လျစ်ကောင်းမွန်အောင် ပြုပြင်ဖွဲ့စည်းရန် လိုအပ်ကြောင်း ရသုံးမှန်းခြေဆိုင်ရာအကြံပြုသုံးသပ်ချက်စာတမ်းတွင် ဖော်ပြ

 
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် (နြ) တွင် ဘတ်ဂျက်လိုငွေ ငါးရာခိုင်နှုန်းအထက်ရှိ နေမည်ဖြစ်ပြီး လက်ရှိတွင် အစိုးရ၀န်ကြီး ဌာန ၃၁ ခုရှိနေကာ အဆိုပါဝန်ကြီးဌာနများ ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ထပ်နေသည့် အတွက် အစိုးရယန္တရားကို ပိုမိုကျစ်လစ် အောင် ပြုပြင်ဖွဲ့စည်းရန်လိုအပ်ကြောင်း ရန် ကုန်မြို့ရှိ တော်ဝင်နှင်းဆီတွင် ထုတ်ပြန် လိုက်သည့် ရသုံးမှန်း ခြေဆိုင်ရာအကြံပြုစာ တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
 

တိုက်ပွဲဖြစ်ပွားခဲ့သည့် အာရှလမ်းမတွင် ဂိတ်တစ်ခုတည်းထားရှိရန် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အစိုးရတို့ ဇူလိုင် ၇ ရက်တွင် တွေ့ဆုံမည်ဟု KNU တာဝန်ရှိသူတစ်ဦး ပြောကြား

တိုက်ပွဲများဖြစ်ပွားခဲ့သည့် မြ၀တီ- အာရှလမ်းမပေါ်တွင် ဂိတ်တစ်ခုတည်း ထားရှိရန် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အစိုးရတို့ ဇူလိုင် ၇ ရက်တွင် ဆက်လက်တွေ့ဆုံသွားမည်ဖြစ်ကြောင်း KNU မှ အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောလှထွန်းက ဇူလိုင် ၄ ရက်က ရန်ကုန်မြို့၊ မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့သော ကရင်အမျိုးသားအကြို ညီလာခံသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
 
“အာရှလမ်းမနဲ့ ပတ်သက်ပြီးတော့  ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကို ကရင်ပြည်နယ်အစိုးရက လာမယ့်ဇူလိုင် ၇ ရက်မှာ ဆွေးနွေးဖို့ရှိပါတယ်”ဟု ပဒိုစောလှထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးမည်

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း ၈၀၀ ကျော် ထုတ်ချေးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ 
 
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ ဂျပန် ယန်း ဘီလျံ ၉၉ ဒသမ ၈၅ (အမေရိကန်ဒေါ်လာ ၈၁၂ ဒသမ ၃၅ သန်း) ကို ချေးငွေအဖြစ် ထုတ်ချေးရန် ဇူလိုင် ၄ ရက်က ကတိပေးခဲ့ကြောင်း သိရသည်။ 
 

ဘားအံမြို့နယ် အိန္ဒဲကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌ၏ ရုပ်အလောင်းအား ပြန်လည်တူးဖော်ပြီး ကော့သင်းရှူးကျေးရွာ သုသာန်တွင် မီးသင်္ဂြိုဟ်

ဘားအံမြို့နယ် အိန္ဒဲကျေးရွာ၌ သေနတ်ဖြင့် ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌ အလောင်းအား ဇူလိုင် ၃ ရက်တွင် မြေမြုပ်ခဲ့ပြီး ကရင်ရိုးရာထုံးစံအရ ပြန်လည်တူးဖော်ကာ ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီက ကော့သင်းရှူး ကျေးရွာသုသာန်တွင် ပြန်လည်မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
 

ယခုနှစ် နှစ်ဝက်အတွင်း လူငယ်များ အုပ်စုဖွဲ့လူသတ်မှုနှင့် အခြားရာဇ၀တ်မှု ကျူးလွန်သည့်ဖြစ်စဉ် ၅၆ မှုရှိလာပြီး အများစုမှာ ငွေကြေးလိုအပ်မှုကြောင့် ကျူးလွန်နေကြခြင်းဟု ဆို

၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအတွင်း လူငယ်များ အုပ်စုဖွဲ့လူသတ်မှုကျူးလွန်ခြင်း နှင့် အခြားရာဇ၀တ်မှုများ ကျူးလွန်သည့်ဖြစ်စဉ်များမှာ ၅၆ မှုအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
 
ယင်းကဲ့သို့ ဆယ်ကျော်သက်လူငယ်များ အပါအ၀င် ၂၀ ၀န်းကျင် လူငယ်များ ပြစ်မှုကျူးလွန်နေကြခြင်းမှာ ငွေကြေးလိုအပ်မှုများကြောင့် အများဆုံးကျူးလွန်နေခြင်း ဖြစ်ကြောင်း သိရသည်။
 

ပန်းတောင်းမြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ကျပ် ၂၁၉ သန်းဖြင့် တည်ဆောက်ခဲ့သည့် ရွှေတံငါတံတား ဖွင့်လှစ်ပြီး နှစ်လအကြာတွင် ကျိုးကျသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်

ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ရွှေတံငါချောင်းတံတား ကျိုးကျခဲ့ရာ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
 

ခရီးသည် ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်း

မန္တလေးတိုင်းဒေသကြီးအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး  တံတားဦးအ၀ိုင်းတွင် မေ ၃၁ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍  ခရီးသည်ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းကို ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
 

တရားမ၀င် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခြင်းကို တွေ့ရှိပါက လက်နက်များအက်ဥပဒေ ပုဒ်မအရ အရေးယူမည်ဖြစ်ပြီး တရားမ၀င် ကိုင်ဆောင်ပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

တရားမ၀င် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခြင်း တွေ့ရှိပါက ၁၈၇၈  ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမ၀င် လက်နက်ကိုင်ဆောင်ထားပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ဇူလိုင် ၄ ရက်ထုတ်  အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြခဲ့သည်။
 

ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကသို့ လွှဲ၍ အမှိုက်သိမ်းခတိုးမြှင့်မည့် အစီအစဉ် မြို့နေလူထု ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူသဖြင့် အစီအစဉ်ရပ်ဆိုင်း

ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကသို့ လွှဲပြောင်း၍ အမှိုက်သိမ်းဆည်းခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အပေါ် ရန်ကုန်မြို့နေလူထု၏ ဆန္ဒသဘောထား ကောက်ခံရာ ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူသဖြင့် လွှဲပြောင်းမည့်အစီအစဉ် အားရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
 

အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ညီလာခံတွင် ကျန်းမာရေးဝန်ထမ်းများ အပါအ၀င် ၂၄ နှစ်အောက်လူငယ်များ အခမဲ့တက်ရောက်ခွင့်ပြုရန် စီစဉ်

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပမည့် အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာညီလာခံတွင် ကျန်းမာရေးဝန်ထမ်းများအပါအ၀င် အသက် ၂၄ နှစ်အောက် လူငယ်များအား အခမဲ့တက်ရောက်နိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း သိရသည်။
 
ယင်းညီလာခံတွင် နိုင်ငံတကာအသီးသီးမှ ပညာရှင်များ၊ လူငယ်များ တက်ရောက်မည်ဖြစ်ကာ မြန်မာနိုင်ငံမှလူငယ်များအတွက်လည်း ယင်းညီလာခံတက်ရောက်ရန် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ကာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အဖွဲ့မှ ကုန်ကျစရိတ်များအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
 

ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၃၄ ခုကို လိုင်စင်ချထားပေးခဲ့ပြီး Network Facilities နှင့် Application Service လိုင်စင်တို့ အများဆုံးပါဝင်

ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၃၄ ခုကို လိုင်စင်ချထားပေးခဲ့ပြီး  Network Facilities နှင့် Application Service လိုင်စင်တို့ အများဆုံးပါဝင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
 
မေလနှင့် ဇွန်လအတွင်း၌ ပြည်တွင်း ပြည်ပ နည်းပညာကုမ္ပဏီ ရှစ်ခုကို လိုင်စင်ချထားပြီး လိုင်စင်ရရှိသည့် နည်းပညာကုမ္ပဏီအများစုမှာ ပြည်တွင်းကုမ္ပဏီ ပိုမိုများသည်ဟု သိရသည်။
 

Pages