ရန်ကုန်မြို့၌ အများပိုင်ယာဉ်လိုင်းစနစ် စတင်ချိန်တွင် ခရီးစဉ်လမ်းကြောင်းများ မသိသည့် ပြည်သူများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်အလိုက် စေတနာ့ဝန်ထမ်းများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖိတ်ခေါ်

ရန်ကုန်မြို့၌ ဇန်န၀ါရီ ၁၆ ရက် အများပိုင်ယာဉ်လိုင်းစနစ် စတင်ချိန်တွင် ခရီးစဉ် လမ်းကြောင်းများ မသိသည့် ပြည်သူများကို ကူညီပေးနိုင်ရန်အတွက် မြို့နယ်အလိုက် စေတနာ့ဝန်ထမ်း (Volunteers) များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖိတ်ခေါ်ထားကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်တွင် စတင်မည့် ရန်ကုန်မြို့၏ အများပိုင်ယာဉ်လိုင်းစနစ် နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်သဉ္ဇာမျိုးတို့နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်များ ဇန်န၀ါရီ ၁၀ ရက်က တွေ့ဆုံရာတွင် ယင်းကိစ္စကို ထည့်သွင်းပြောကြာခဲ့ခြင်း ဖြစ်သည်။

အဆိုပါစနစ်စတင်သည့် ဇန်န၀ါရီ ၁၆ ရက်မှစ၍ငါးရက်မှ တစ်ပတ်ခန့်ကာလအထိ ခရီးစဉ်လမ်းကြောင်းများ မသိသည့် ပြည်သူ များကို ကူညီပေးရန် စေတနာ့ဝန်ထမ်း (Volunteers) များအသုံးပြုရန်ဖြစ်ပြီး လုပ်ချင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်များရှိ လွှတ်တော်ကိုယ်လှယ်များမှတစ်ဆင့် တင်ပြရန်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“အစိုးရအဖွဲ့က Volunteers ကိစ္စလည်း ပြောတယ်။ ကိုမင်းကိုနိုင်တို့အဖွဲ့ကတော့ ကူညီမယ်လို့ ပြောတယ်။ တခြားကျောင်းသားလေးတွေပါတဲ့ အဖွဲ့ အဲလိုမျိုးလေးတွေက ကူညီပေးဖို့ သူတို့လည်း အဖွဲ့တွေလိုက်ပြီး ချိတ်ဆက်နေတယ်ပေါ့။ သူတို့က အင်္ကျီလေးတွေ ဆင်တူဝတ်ပေးပြီး လက်ပတ်ကလေးတွေနဲ့ လမ်းညွှန်စာအုပ်ကလေးတွေနဲ့ ရှင်းပြမယ်။ လူအရမ်းများတဲ့ ကားမှတ်တိုင်တွေမှာ  ရှင်းပြနိုင်ဖို့ ပုံစံမျိုးလည်း သူတို့ပြောတယ်။ ဒါပေမဲ့ အဲဒီ Volunteers ကိစ္စက ရှင်းတဲ့သူတွေကို Training တော့မဟုတ်ဘူး။ သေချာရှင်းပြနိုင်အောင်လို့ Volunteers သေချာရှင်းပြနိုင်ဖို့ အတွက်ကို အချိန်နည်းနေတော့ အစ်မနည်း နည်းစိတ်ပူတယ်” ဟု  ကျောက်တံတား မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

“၁၆ ရက်ကစပြီး ၅ ရက် တစ်ပတ်လောက်အထိ Volunteers တွေ အများကြီးသုံးမယ်။ သက်ဆိုင်ရာ မြို့နယ်တွေကနေ ကူညီချင်တဲ့ Volunteers တွေက သက်ဆိုင်ရာ ကားမှတ်တိုင်တွေမှာ အစိုးရအဖွဲ့က တီရှပ်တွေပေးမယ်။ နောက်လမ်းညွှန် Guidebook တွေပေးမယ်။ Volunteers တွေက သူတို့မြို့နယ် အလိုက်မှာ တစ်မှတ်တိုင်ကိုတစ်ယောက်နှုန်း ထားနိုင်မယ်ဆိုရင်လည်းပဲ တစ်မှတ်တိုင် တစ်ယောက်နှုန်းနဲ့ လမ်းညွှန်ပေးမယ်။ အချို့မသွားတတ်တဲ့သူတွေကို လမ်းညွှန်ပေးမယ်။ လူသိပ်မရှိဘူးဆိုရင်လည်း နှစ်မှတ်တိုင် တစ်ယောက်နှုန်းနဲ့ ထားဖို့ အစိုးရအဖွဲ့က ကျွန်တော်တို့ကို မေတ္တာရပ်ခံထားတယ်။ ဒါလေးတွေကို ကူညီပေးဖို့။ ကျွန်တော်တို့ကလည်း သက်ဆိုင်ရာမဲဆန္ဒနယ်ထဲက Volunteers တွေပါဝင်ချင်တယ်ဆိုရင် ကိုယ့်မြို့နယမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးပါ။ လွှတ်တော်ကိုယ်စားလှယ်တွေက သောကြာနေ့ အစိုးရအဖွဲ့နဲ့ပြန်တွေ့ပြီးရင် ကျွန်တော်က နေတစ်ဆင့် ပြန်တင်ပြပေးမယ်။  အဓိကလမ်းကြောင်း မသိတဲ့သူတွေကို လမ်းညွှန်ကူညီပေးဖို့ပါ။ အရေအတွက် အကန့်အသတ်မရှိဘူး။ ကူညီနိုင်တဲ့သူများရင်တော့ ပိုကောင်းတာပေါ့” ဟု အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောကြားသည်။

ဇန်န၀ါရီ ၁၆ ရက် (လာမည့် တနင်္လာနေ့) တွင် စတင်မည့် အများပိုင်ယာဉ်လိုင်းစနစ် ခရီးစဉ်လမ်းကြောင်းများအား ပြည်သူများ သိရှိနိုင်ရန်အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့က သက်ဆိုင်ရာ မြို့နယ်ကိုယ်စားလှယ်များကို လာမည့်သောကြာနေ့တွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက  စနေနှင့် တနင်္ဂနွေနေ့များတွင် သက်ဆိုင်ရာမြို့နယ်များ၌  လက်လှမ်းမီသလောက် ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။                     

Writer: 
ကျော်ထင်