သီတဂူဆရာတော်ကြီး၏ နှစ် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ်ထားရှိမည့် ကြေးပိဿာချိန် ၈၀၀၀ ကျော်ရှိ ကြေးခေါင်းလောင်းကြီးကို လူအင်အား၂၀၀ ခန့်ဖြင့် တစ်ညတည်းအပြီး သွန်းလောင်း

ဇန်န၀ါရီ ၁၀ ရက်က မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာအနီးရှိ တံတိုင်းရှည် သာစည်ရွာသစ်၌ လူအင်အား ၂၀၀ ခန့်ဖြင့် ကြေးသွန်းလောင်းနေစဉ် (ဓာတ်ပုံ-အောင်သူ)

သီတဂူဆရာတော်ကြီး၏ နှစ် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ထားရှိမည့် ကြေးပိဿာချိန် ၈၀၀၀ ကျော်ရှိ ကြေးခေါင်းလောင်းကြီးကို ဇန်န၀ါရီ ၁၀ ရက်က မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာအနီးရှိ တံတိုင်းရှည် သာစည်ရွာသစ်၌ တစ်ညတည်းအပြီး ကြေးသွန်းလောင်းမှု ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ခေါင်းလောင်းကြီးကို စစ်ကိုင်းမြို့ရှိ သီတဂူအကယ်ဒမီ ၀ိပဿနာရိပ်သာတွင် ထားရှိမည်ဖြစ်ပြီး ကြေးသွန်းလောင်းစဉ်က တမ္ပ၀တီအရပ်ရှိ ကြေးသွန်းပညာရှင် ၂၀၀ နီးပါးဖြင့် ၀ိုင်းဝန်း ကြေးသွန်းလောင်းခဲ့ကြောင်း၊ ကြေးရည် သွန်းလောင်းနိုင်ရန်အတွက် ကြေးကျိုသည့် ဖို၂၂  ဖို အသုံးပြုပြင်ဆင်ခဲ့ရကြောင်း သိရသည်။

“ကြေးလောင်းဖို့အတွက် ကြေးပိဿာ ချိန် ၁၀၀၀၀ ကျော်လောက် ကြိုတင်ကြေးရည် ကျိုထားရတယ်။ ကြေးကျိုဖို့နဲ့ ကြေးရည်လောင်းဖို့အတွက် တမ္ပ၀တီ အရပ်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် ကြေးသွန်း ပညာရှင်တွေကို အကူအညီတောင်းရတယ်။ အခုလိုထုထည်ကြီးမားတဲ့ ကြေးခေါင်းလောင်းကြီးကို သွန်းလောင်းတယ်ဆိုရင် တစ်ဦးတစ်ယောက် တစ်ဖွဲ့တည်းနဲ့ လုပ်ဆောင်လို့မရဘူး။ အားလုံး စည်းစည်းလုံးလုံးနဲ့ စုဖွဲ့လုပ်နိုင်မှ ပြီးမြောက်အောင်မြင်တယ်။ ကိုယ့်အလှည့်လာကူသလို တခြားသူတွေ အခုလို ထုထည်ကြီးမားတာကို သွန်းလောင်းရင်လည်း ကိုယ်ကသွားကူရပါတယ်” ဟု ကြေးသွန်းလောင်းရာတွင် ပါဝင်သည့် ကြေးသွန်း ပညာရှင်တစ်ဦးက ဆိုသည်။

“အခုကြေးရည် သွန်းလောင်းပြီးထားတဲ့ ခေါင်းလောင်းကြီးက မြေကြီးထဲမှာပဲ ရှိသေးတယ်။ နောက်တစ်ပတ် ၁၀ ရက်လောက်ဆိုရင် ကျင်းထဲကနေ တူးဖော်ပြီး အချောကိုင် လုပ်ငန်းဆောင်ရွက်ရမယ်။ ပြီးရင် အရောင်တင် လုပ်ငန်းတွေနဲ့ စာတန်းထိုးတာတွေ ဆက်လုပ်ဖို့ ကျန်ပါသေးတယ်” ဟု ကြေးခေါင်းလောင်းကြီးအား တာဝန်ယူသွန်းလောင်းသည့် ကြေးသွန်းပညာရှင် ဦးအောင်သန်းမော်က ပြောကြားသည်။

၎င်းခေါင်းလောင်းကြီးသည် ကြေးပိဿာ ချိန် ၈၀၀၀ ကျော်ရှိပြီး အမြင့်ရှစ်ပေနှင့် အောက်ခြေအ၀အကျယ် ၆ ပေ၂ လက်မရှိပြီး လောကနန္ဒာ ကြေးခေါင်းလောင်းပုံစံဖြစ်ကြောင်း၊  ယခုသွန်းလောင်းမည့် ကြေးခေါင်းလောင်းကြီးမှာ တမ္ပ၀တီအရပ်ရှိ ကြေးသွန်းပညာရှင်များ သွန်းလောင်းခဲ့သည့် ခေါင်းလောင်းကြီးများအနက် တတိယမြောက်ကြေး ပိဿာချိန်အများဆုံးနှင့် အကြီးဆုံးခေါင်းလောင်းကြီးဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ တမ္ပ၀တီအရပ်မှ ကြေးသွန်းပညာရှင်များ အနေဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အိန္ဒိယမွမ်ဘိုင်းတွင် ဦးဂိုအင်ကာ တည်ထားသည့် ရွှေတိဂုံပုံစံတူ ဘုရားရှိ ကြေးပိဿာချိန် ၁၀၀၀၀ ကျော်ခေါင်းလောင်းကြီးနှင့် ဒုတိယအလုံးမှာ မွန်ပြည်နယ် ကမ၀က်မြို့ရှိ ကြေးပိဿာချိန် ၅၀၀၀ ကျော်ခေါင်းလောင်းကြီး၊ ၂၀၁၅ ခုနှစ် မတ်လပိုင်းက တနင်္သာရီတိုင်း ထားဝယ်မြို့ ရွှေတောင်စား စေတီတော်မြတ်ကြီးတွင် ထားရှိမည့် ကြေးပိဿာချိန် ၁၀၀၀၀ ကျော်ခေါင်းလောင်းကြီးတို့အား သွန်းလောင်းနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ တမ္ပ၀တီအရပ်သည် အမရပူရခေတ်မှစ၍ ကြေးသွန်းလက်မှု ပညာရပ်များ စတင်ထွန်းကားခဲ့ပြီး ယင်းခေတ်ကာလက အမရပူရမြို့ အစွန်မြောက်ဘက်တွင် ကြေးသွန်းလုပ်ငန်းများ တစ်စုတည်း လုပ်ကိုင်ခဲ့ကြရာမှ ရတနာပုံခေတ်တွင် ကြေးသွန်းလုပ်ငန်းများ ဆက်လက်ထွန်းကားခဲ့ပြီး မြို့၏တောင်ဘက်အစွန် ယခုတမ္ပ၀တီအရပ်တွင် ယနေ့ခေတ်တိုင် ကြေးသွန်းလက်မှု ပညာရပ်များကို လက်ဆင့်ကမ်း သင်ယူရင်း ရိုးရာမပျက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Writer: 
အောင်သူ၊ ဟေမာန်ဦး