ဒဂုံတောင်မြို့နယ်တွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသော တရားခံပြေးမှာ လွတ်မြောက်သွားခဲ့ပြီး ၎င်းထွက်ပြေးသည့် ယာဉ်ကို ကျည်ဆံရာများဖြင့်တွေ့ရှိ

Photo : Yangon Police

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရဲတပ်ဖွဲ့က  သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသော မူးယစ်ဆေးဝါးမှု၊ လုယက်မှုများ ကျူးလွန်ထားသည့် တရားခံပြေးမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး ၄င်းမောင်းနှင်သွားသည့် ယာဉ်ကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ကျည်ဆံရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက် ည နေ ၆ နာရီခွဲ အချိန်ခန့်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းမှ မယ(ပ) ၁၃/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ /ကျင့် ၅၁၂၊ လမ်းမတော်မြို့မ ရဲစခန်းမှ (ပ)၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄/ကျင့် ၅၁၂ အမှုမှ တရားခံပြေးဖြစ်သူ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ နဂါးလေး (ခ) အောင်နိုင်မြင့်(၃၄)နှစ် ဆိုသူမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၀)ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဖရားလမ်းဆုံ အနီးရှိ ကားဝပ်ရှော့တစ်ခုသို X-TRAIL အမျိုးအစားယာဉ်ဖြင့် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာရဲ တာဝန်ရှိသူများမှ သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ဖမ်းဆီးစဉ် နဂါးလေး (ခ) အောင်နိုင်မြင့် ဆိုသူမှာ ၄င်းမောင်းနှင်သည့်ယာဉ်ဖြင့် ရဲတပ်ဖွဲ့၏ မော်တော်ယာဉ်များကိုတိုက်ပြီး မောင်းနှင်ထွက်ပြေး သွားသည့်အတွက် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ခဲ့သော်လည်း ၄င်းမှာ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

ယင်းသို့ လွတ်မြောက်သွားသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးခဲ့ရာ  ယင်းနေ့ ည ၉ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့ နယ်၊ ကျည်စုအနောက်ရပ်ကွက်၊ လယ်ကွင်း အလယ်မြေသား လမ်းပေါ်တွင် နဂါလေး(ခ)အောင်နိုင်မြင့် မောင်းနှင်သွားသည့်ယာဉ်အား ကားစက်နှိုးလျက်၊ ကားမီးများဖွင့်လျက် ဟွန်းသံများမြည်လျက် ရပ်တန့်ထားသည်ကို တွေ့ရှိခဲ့ရသည့်အတွက် ကားအတွင်းသို့ စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ ယာဉ်မောင်းဘေးရှေ့တံခါး ယာဘက်လိုင်နာစပ်တွင် ကျည်ဆံရာတစ်ချက်၊ ရှေ့တံခါးအလယ်တွင် ကျည်ဆံရာတစ်ချက်၊ ကားနောက်ခန်း ယာဘက်တံခါးဘောင်တွင် ကျည်ဆံရာတစ်ချက်  ကားနောက်မှန်တွင် ကျည်ဆံရာ တစ်ချက်နှင့် ယာဉ်၏ရှေ့ဘီးယာဘက် တာယာကြေ၊ ရှေ့လေအိပ်နှစ်လုံးပွင့် ယာဘက်ရှေ့/နောက် ဘေးမှန်ကွဲ၊ ကားဝဲဘက်နောက် ဘေးမှန်ကွဲ၊ ဘောနက်ပွန်းနှင့် နောက်ခန်းထိုင်ခုံ ပေါ်မှ ခေါင်းစွပ်အနွေးထည် အကျီ တစ်ထည်၊ ရှပ်အကျီ င်္လက်ရှည်တစ်ထည်နှင့် ဖိနပ်တစ်ရံတို့အား တွေ့ရှိခဲ့ရပြီး  နဂါးလေး(ခ)အောင်နိုင်မြင့် ကိုတွေ့ရှိခဲ့ခြင်း မရှိဘဲ ၎င်းမှလွတ်မြောက်နေဆဲသာ ဖြစ်သည့်အတွက် ဆက်လက် ဖမ်းဆီးရမိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           

Writer: 
သန့်ဇင်ကျော်