အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်တစ်ရပ်ကို စတင်နိုင်ခဲ့ပြီး သုံးလတစ်ကြိမ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကားတင်သွင်းမှုများကို အစိုးရချင်း ချိတ်ဆက်၍ သက်သာသည့် ဈေးနှုန်းဖြင့် ၀ယ်ယူသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ဖေဖော်ဝါရီ ၁၇ ရက်ကပြုလုပ်သည့် YBS အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် တစ်လပြည့် သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)

အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်သစ်တစ်ရပ်ကို စတင်နိုင်ခဲ့ပြီး သုံးလတစ်ကြိမ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သည့် YBS တစ်လပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ၊ ယာဉ်ပိုင်ရှင်တွေ အခုပြောင်းလဲမယ့် ကုမ္ပဏီစနစ်ကို ပြည်သူကို မျက်နှာမူပြီး ပြည်သူ့အတွက်ဆိုတဲ့ အသိနဲ့ လိုက်ပါဖို့ ဖြစ်ပါတယ်။ မလိုက်ပါနိုင်ဘူးဆိုရင် ကျန်ခဲ့နိုင်ပါတယ်။ ကျွန်တော်တို့က သုံးလတစ်ကြိမ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဒုတိယလှုပ်ရှားမှု ဒုတိယလှိုင်းကတော့ ကားတွေအားလုံးကို အဆင့်မြှင့်တင် ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က ဘတ်စ်ကားများ ဂျီပီအက်စ် တပ်ဆင်ခြင်း၊ Yangon Payment Service တစ်ခုကို စတင်သွားမည့် အကြောင်းနှင့် ဘတ်စ်ကားစနစ်တွင် ပါဝင်နေသည့် ကုမ္ပဏီများအားလုံး အမှတ်ပေးဇယားထဲ ၀င်ရမည့်အကြောင်း၊ YBS ပါဝင်နေသည့် စပယ်ယာအများစု အနေနှင့် မှတ်တိုင်များတွင် ၀န်ဆောင်မှုပေးသည့်စနစ် စတင်ကျင့်သုံးမည့်အကြောင်း ပြောကြားသည်။

“စနစ်တစ်ခုကို ပြောင်းလဲလိုက်နိုင်ပြီလို့ ပြောလို့ရပါတယ်။ အဆင့်မြှင့်တင်ဖို့ အပိုင်မှာတော့ ကုမ္ပဏီတွေ ဖြစ်ဖို့ရယ်၊ ကားတွေကို အသစ်တွေ ဖြစ်ဖို့ဖြစ်ပါတယ်။ ကားအသစ်တွေပဲ ပြေးဆွဲဖို့ ဆုံးဖြတ်ထားပါတယ်။ တိုင်းဒေသကြီး အစိုးရဘက်ကလည်း ဘဏ္ဍာငွေ လျာထားပါတယ်။ အစိုးရပုံစံတစ်ခုနဲ့ ဆောင်ရွက်မှာ မဟုတ်ပါဘူး။ ကုမ္ပဏီပုံစံတစ်ခုနဲ့ပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ နိုင်ငံတော်ကနေပါဝင်တဲ့ အထူးအက်ဥပဒေနဲ့ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီပုံစံမျိုးအဖြစ် တိုင်းဒေသကြီးအစိုးရ ကိုယ်စားပြုတဲ့သူတွေက ပါဝင်သွားမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ ဘတ်စ်ကား ၇၀၀ တင်သွင်းခွင့်ရသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ဘဲ ကားတင်သွင်းမှုများကို အစိုးရချင်းချိတ်ဆက်ကာ သက်သာသည့်ဈေးနှုန်းဖြင့် ၀ယ်ယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“နိုင်ကျဉ်းတွေ ကား ၇၀၀ ဆိုရင် ဒီလူတွေ တအားဝမ်းသာသွားမယ်။ သူတို့ မရရှာဘူး။ နိုင်ကျဉ်းတွေက ဘာမှမရရှာပါဘူး။ သူတို့ဘာသူတို့ အလှူပေးဖို့ပဲ လိုက်ကြိုးစားနေတဲ့ သူတွေပါ။ ကားအစီး ၇၀၀ လောက်တင်သွင်းဖို့တို့၊ ဘာတို့ တင်သွင်းဖို့ဆိုတဲ့ အခြေအနေမျိုးလည်း သူတို့စဉ်းစားတဲ့ထဲမှာတောင် ရှိပုံမရပါဘူး။ ဒါပေမဲ့ အမည်ဖျက်လိုတဲ့ အစုအဖွဲ့တွေကနေ နိုင်ငံရေး အကျဉ်းသားတွေကနေ အကျိုးထူး အခွင့်အရေး ရနေတယ်ဆိုတဲ့ အခြေအနေမျိုး မြင်နိုင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောကြားသည်။

“ကားဝယ်ဖို့ ကုမ္ပဏီတွေ အကုန်လုံးကို ခေါ်စစ်နေပါတယ်။ ခေါ်စစ်ပြီးရင် အစိုးရချင်း ၀ယ်မှာဖြစ်ပါတယ်။ အသက်သာဆုံးဖြစ်ရမယ်၊ ပစ္စည်းကလည်း အကောင်းဆုံးဖြစ်ရမယ်။ အာမခံကလည်း နှစ်နှစ်လောက်ပါရမယ်။ အကြွေးလည်း ပေးနိုင်ရမယ်။ အဲဒီနည်းနဲ့ ၀ယ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် နိုင်ငံအတွက် ၀ယ်မယ့်ပစ္စည်း ဖြစ်လို့ပါ။ ပြည်သူ့ပိုက်ဆံမို့ပါ။ ကျွန်တော် အဲဒီအတိုင်းလုပ်မှာပါ။ ဘယ်ကုမ္ပဏီ၊ ဘယ်ဈေး အဲဒီဈေး လိုက်ပတ်ရှာ လုံးဝမရစေရဘူး။ ကျွန်တော်တို့က ပြောပါတယ်။ ကျွန်တော်တို့ရဲ့ အပြောင်းအလဲ ၀င်ကူညီပါ။ တခြားလူတစ်ယောက်က အဲဒီဈေးနဲ့သွားဝယ်ရင် ရောင်းမှာမဟုတ်ပါဘူး။ အဲဒီလိုဖြစ်အောင် ကြိုးစားနေတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က များများလို ချင်ပါတယ်။ ကျွန်တော့်ရဲ့ မျှော်မှန်းချက်က ကားအစီး ၃၀၀၀ ဖြစ်ပါတယ်။ ကုမ္ပဏီတွေထဲမှာ ကားအစီး ၃၀၀၀ နဲ့ နောက်ထပ်လက်ရှိ ကျင့်သုံးနေတဲ့ ကောင်းတဲ့ကားတွေနဲ့ ပေါင်းစပ်ပြီး ကုမ္ပဏီပုံစံသွားမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

လက်ရှိတွင် YBS ၌ ဘတ်စ်ကားအစီး ရေ ၃၅၀၀ ဖြင့် ပြေးဆွဲနေပြီး ဘတ်စ်ကားများတွင် ဟောင်းနွမ်း၍ ယာဉ်အသစ်များဖြင့် အစားထိုး လဲလှယ်ရမည့် ယာဉ်ရာခိုင်နှုန်း ၂၀ ခန့်ရှိကြောင်း သိရသည်။