ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်နိုင်မည့် အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာကို တိုးကြိတ်ဝယ်ယူ မှုများကြောင့် အချင်းများမှု၊ မူးလဲမှုများ ဖြစ်ပေါ်

ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ ၀ယ်ယူရန် တန်းစီနေသူများကို မတ် ၂၀ ရက်က တွေ့ရစဉ်

ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နိုင်မည့် EPS-TOPIK ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာကို တိုးကြိတ်ဝယ်ယူမှုများကြောင့် ၀ယ်ယူသူအချင်းချင်း စကားများမှု၊ မူးလဲမှုများ ဖြစ်ပေါ်နေကြောင်း မတ် ၂၀ ရက်တွင် လျှောက်လွှာ ၀ယ်ယူသူများနှင့် အနီးရှိ ဈေးရောင်းချသူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ EPS-TOPIK ကိုရီးယားဘာသာစကား အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာကို မြောက်ဒဂုံမြို့နယ် (၄၃) ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ပင်လုံခန်းမတွင် မတ် ၂၀ ရက် မှ ၂၂ ရက်အထိ သုံးရက်ရောင်းချမည်ဖြစ်ကြောင်း၊ မတ် ၂၃ ရက်နှင့် ၂၄ ရက်တွင် ရောင်းချထားသည့် လျှောက်လွှာများကို ပြန်တင်ရမည်ဖြစ်ကြောင်း သိရသည်။

“မနက်ကတည်းကလာပြီး တန်းစီနေတာပါ။ ညနေ ၃ နာရီမှရတယ်။ အခုဟာက စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာပါ။ အဲဒီလျှောက်လွှာကို ဒီနေ့ကစပြီး သုံးရက်ရောင်းတာပါ။ ၂၃ ရက်ကျရင် ဖောင်ကိုပြန်တင်ရမယ်။ ကိုရီးယားက သွားရမလားတောင် မသိသေးဘူး။ သွားဖို့ကို စာမေးပွဲဖြေရတယ်။ အဲဒီစာမေးပွဲဖြေဖို့ လျှောက်လွှာတောင် အခုလို တိုးကြိတ်ပြီး ၀ယ်နေရတယ်။ အရမ်းစိတ်ပျက်ဖို့ ကောင်းပါတယ်။ လာဝယ်တဲ့သူတွေ အချင်းချင်း စကားများကြတာလည်း ခဏ ခဏပဲ။ တချို့စိတ်မရှည်တဲ့ လူတွေဆို နောက်ကနေ ကျောက်ခဲလေးတွေနဲ့ ပစ်ပေါက်ပြီး ဆဲဆိုကြတာတွေလည်းရှိတယ်” ဟု EPS-TOPIK ကိုရီးယားဘာသာစကား အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာ လာရောက်ဝယ်ယူသူ တစ်ဦးက ဆိုသည်။

လျှောက်လွှာ ရောင်းချနေသည့် အခြေအနေနှင့် ပတ်သက်၍ လျှောက်လွှာလာဝယ်သည့် တောင်ဥက္ကလာပမြို့နယ်နေသူ တစ်ဦးက “လျှောက်လွှာရောင်းတာ စည်းစနစ်မကျဘူး။ ကျွန်တော်ဆိုရင် မနက်တည်းက တန်းစီပြီး စောင့်နေတာ ညနေထိ အလှည့်မရောက်သေးဘူး။ လျှောက်လွှာရောင်းတဲ့ ကောင်တာနားမှာလည်း လူတွေက တိုးကြိတ်ဝယ်ယူနေရတယ်။ အဲဒီလိုတိုးကြိတ် ၀ယ်ယူရတဲ့အတွက် အချင်းချင်း စကားများတာတွေ တွေ့နေရတယ်။ တကယ်ဆိုရင် ကိုယ့်အလှည့်ကျနဲ့ စနစ်တကျ တန်းစီပြီးတော့ တန်းစီတာကို စည်းစနစ်တကျ ထိန်းကွပ်ပေးမယ့်လူတွေ ရှိသင့်တယ်” ဟု ပြောကြားသည်။

ယင်းကဲ့သို့ ၀ယ်ယူရသည့် EPS-TOPIK ကိုရီးယားဘာသာ စကားအရည်အချင်းစစ်  စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာကို ၂၄ ဒေါ်လာပေး၍ ၀ယ်ယူရပြီး မတ် ၂၀ ရက်တွင် လျှောက်လွှာလာရောက် ၀ယ်ယူသူလူဦးရေ သောင်းချီရှိကြောင်း သိရသည်။

“ဒီနေ့ လာဝယ်တဲ့သူတွေ သောင်းချီရှိတယ်။ လျှောက်လွှာတွေကို ပြည်နယ်နဲ့ တိုင်းအလိုက် ခွဲမရောင်းဘဲနဲ့ အခုလို ရန်ကုန်မှာပဲ ရောင်းတော့ တိုးကြိတ်ဝယ်ယူရတာတွေ ဖြစ်ပေါ်နေတာပါ။ ကျွန်တော်ဆိုရင် မနက်ခုနစ်နာရီခွဲတည်းက လာစောင့်နေတာ။ အဲဒီကတည်းက အနီးမှာရှိတဲ့ ဆိုင်တွေမှာ လူတွေက ပြည့်နေတယ်။ လျှောက်လွှာရောင်းတဲ့ခန်းမ ဖွင့်တာနဲ့ အပြေးအလွှား တိုးကြိတ်ဝင်ရတာပါ။ အချင်းချင်း အပြန်အလှန် အချင်းများကြတာတို့ရှိတယ်။ ဒီနေ့ဆိုရင် လူအုပ်ကြားထဲမှာ တစ်ယောက် မူးလဲသွားတာ ရှိပါတယ်” ဟု လျှောက်လွှာလာရောက် ၀ယ်ယူသူတစ်ဦးက ပြောကြားသည်။

လျှောက်လွှာ စတင်ရောင်းချသည့် မတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် Facebook စာမျက်နှာ၌ လျှောက်လွှာရောင်းချသည့် ၀င်းအတွင်း အဖွဲ့လိုက် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပွားခဲ့သည်ဟု ဓာတ်ပုံများနှင့်တကွ ပျံ့နှံ့ခဲ့သည်။

ယင်းသို့ ပျံ့နှံ့ခဲ့မှုနှင့်ပတ်သက်၍ ဒဂုံမြောက် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက “ကျွန်တော်တို့က လုံခြုံရေး လာယူတာပါ။ အထဲမှာကတော့ လျှောက်လွှာဝယ်တဲ့သူတွေ အော်ဟစ်ပြီး ၀ယ်တဲ့သူတွေနဲ့ ဆူညံနေတယ်။ Facebook ပေါ်မှာ တက်နေတာကတော့ မြင်ရတယ်။ ဒါပေမဲ့ သူတို့က ခနလေးဖြစ်ပြီး လူစုကွဲသွားတယ် ထင်တယ်။ အရမ်းအကြီးကြီးဖြစ်တာ မဟုတ်လောက်ပါဘူး။ အကြီးအကျယ် ဖြစ်ရင်တော့ ကျွန်တော်တို့ သိမှာပါ။ လက်ရှိအချိန်အထိတော့ စခန်းမှာ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လာတိုင်တဲ့သူတော့ မရှိသေးပါဘူး” ဟု ပြောကြားသည်။

 

Writer: 
မင်းသိန်းနိုင်၊ သီဟ