ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ခြေတွင် မြေပြိုမှုကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ယာယီပြတ်တောက်ခဲ့

တီးတိန်မြို့နယ် ကနေဒီတောင်ခြေတွင် မြေပြိုမှုဖြစ်ပွား နေသည်ကို ရှင်းလင်းနေစဉ် (ဓာတ်ပုံ - ASKMT)

ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ခြေတွင် မြေပြိုမှုကြောင့် အိန္ဒိယ- မြန်မာနယ်စပ် ကုန်သွယ်ရေး ဖြစ်သော ရိဒ်ခေါရ်ဒါ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ယာယီပြတ်တောက် ခဲ့သည်ဟု သိရသည်။

အဆိုပါ မြေပြိုကျမှုသည် ကလေး- တီး တိန်-ရိဒ်လမ်းမကြီးပေါ်တွင်ဖြစ်ပြီး ချင်းပြည်နယ် တီးတိန်မြို့နယ် ဆိုဇန်ကျေးရွာ အနီးတွင်ဖြစ်ပြီး မတ် ၁၉ ရက်ညပိုင်းမှစတင်၍ မြေပြိုမှုကြောင့် လမ်းပိတ်ဆို့နေပြီး မတ် ၂၀ ရက် ညနေပိုင်းတွင် လမ်းပြန်ပွင့်မည်ဟု တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်က ပြောကြားသည်။

“ကနေဒီ တောင်ခြေမှာ မြေပြိုတာ အခုပွင့်တော့မှာပါ။ မြေပြိုတာ မနေ့က မတ် ၁၉ ရက် ည ၈ နာရီ လောက်ကစပြီး မြေပြိုခဲ့တာပါ။ ဆိုဆန်ကျေးရွာ အထက်ဘက်မှာ ဖြစ်တာပါ။ အဲဒီနားလေးက လမ်းကျဉ်းတယ် ကျောက်ဆောင်များတဲ့ နေရာမှာ။ တီးတိန်မြို့နယ် ဆိုဆန်ကျေးရွာနဲ့ နှစ်ဖာလုံလောက် ဝေးပါတယ်။ မြေပြိုတာက ကနေဒီတောင်ခြေလမ်းခွဲနဲ့ ဆိုဆန်ကျေးရွာကြားမှာပါ။ စက်ကြီးလေးစီးနဲ့ လမ်းပွင့်အောင် ဆောင်ရွက်နေပါတယ်။ ကားတွေ အဲဒီနားလေးမှာတင် ပိတ်ဆို့နေကြတာပါ။ လမ်းကလည်း အခုလုပ်နေတာ ခဏနေရင် ပွင့်တော့မယ်လို့ သိရပါတယ်” ဟု မတ် ၂၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က တီးတိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်က ဆိုသည်။

အဆိုပါ နေရာသည် ကနေဒီတောင်ခြေတွင် တည်ရှိပြီး ယခင်လမ်းမှာ လမ်းကျဉ်းမြောင်းမှုကြောင့် လမ်းသားများ ချဲ့ထွင်နေသော နေရာဖြစ်ပြီး စက်ကြီးများနှင့် လုပ်ကိုင်လျက်ရှိသောနေရာ ဖြစ်သည်ဟု သိရသည်။

“အဲဒီနေရာက ကနေဒီတောင်ခြေ ကျောက်များတဲ့ တောင်ကြောပါ။ ယန္တရားကြီးတွေနဲ့ လမ်းချဲ့နေတာပါ။ လောလောဆယ်တော့ ကလေးမြို့ကနေ တီးတိန်၊ တွန်းဇံ၊ ရိဒ် နယ်စပ်ကုန်သွယ်ရေးတွေကို သွားတဲ့ကားတွေ သွားမရဘူး။ စက်ကြီးတွေရှိတော့ လမ်းက အမြန်ပွင့်မှာပါ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ လမ်းပိုင်းသည် အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး ရိဒ်ခေါရ်ဒါနယ်စပ်နဲ့ ကလေးမြို့ကိုလည်း ဆက်သွယ်ထားသော လမ်းပိုင်းတစ်ခု ဖြစ်သည်ဟု သိရသည်။

 

Writer: 
အောင်သူထွန်း