မကွေးတိုင်းအတွင်း မြစ်များတစ်လျှောက် ကျေးရွာပေါင်း ၁၀၀ ကျော်ခန့် ကမ်းပြိုမှုများ ကြုံတွေ့နေရပြီး ယခုနှစ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် ကမ်းပြိုကာကွယ်ရေး စီမံကိန်းများ ရာခိုင်နှုန်း ၇၀ ခန့် ပြီးစီး

ကမ်းပြိုမှုများကြုံတွေ့နေရသည့် မင်းဘူးမြို့နယ်အတွင်း ကျေးရွာတစ်ရွာကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီ နှင့် ချင်းတွင်းမြစ်များတစ်လျှောက် ကျေးရွာပေါင်း ၁၀၀ ကျော်ခန့် ကမ်းပြိုမှုများ ကြုံတွေ့နေရပြီး ယခုနှစ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် ကမ်းပြိုကာကွယ်ရေး စီမံကိန်းများအနက် စီမံကိန်းနှစ်ခု လုံးဝပြီးစီးထား၍ စီမံကိန်းအားလုံး၏ ရာခိုင်နှုန်း ၇၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း တိုင်းမြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီမှူး ဦးဇော်လွင်ထံမှ သတင်းရရှိသည်။

မကွေးတိုင်း ရေစကြိုမြို့နယ်တွင်း ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကျေးရွာပေါင်း ၁၀ ရွာကျော်တွင် လည်းကောင်း၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ပခုက္ကူ၊ စလင်း၊ ပွင့်ဖြူ၊ ရေနံချောင်း၊ မင်းဘူး၊ စကု၊ မင်းလှ မြို့နယ်များအတွင်း ကျေးရွာပေါင်း ၉၀ ကျော် ခန့်တွင်လည်းကောင်း ကမ်းပြိုမှုများ ကြုံတွေ့နေရကြောင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် စလင်းမြို့နယ်အတွင်း၌ ကျေးရွာပေါင်း ၂၀ ကျော်ခန့် ကမ်းပြိုမှုကြုံတွေ့ နေရပြီး ကျေးရွာသုံးရွာသည် ရွာလုံးကျွတ် ပြောင်းရွှေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကမ်းပြိုမှုများအနက် လုပ်ငန်းဆောင်ရွက်ရန် အဆင်ပြေနိုင်မည့်နေရာများအား ကာကွယ်ရန်နှင့် ရေလမ်းကြောင်း ကောင်းမွန်ရေး ဆောင်ရွက်ရန်အတွက် မကွေးတိုင်း မြစ်ချောင်းဖြိုးဌာနသို့ တိုင်းဒေသကြီး အစိုးရဘတ်ဂျက်မှ ကျပ် ၃၁၇၆ ဒသမ ၁၅ သန်းနှင့် နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေ (ပြည်ထာင်စုဘတ်ဂျက်) မှ ကျပ် ၉၈၁ သန်း ချထားပေးခဲ့ကြောင်း ယင်းဘတ်ဂျက်ငွေများဖြင့် မကွေးတိုင်းအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၁၀ ခုနှင့် ရေလမ်းကြောင်း ကောင်းမွန်ရေး လုပ်ငန်းတစ်ခုကို့ ဆောင်ရွက်လျက်ရှိကြောင်း တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအနီး ရေကာတည်ဆောက်ရေး လုပ်ငန်းသည် တရုတ်ကုမ္ပဏီက မြစ်ချောင်းဖြိုးဌာနသို့ သီးသန့်လုပ်ငန်း အပ်နှံခြင်း ဖြစ်ကြောင်း ဦးဇော်လွင်ထံမှ သိရသည်။

“ကျွန်တော်တို့ရွာတွေက မုန်းချောင်းနဲ့ ဧရာဝတီမြစ်ဆုံတဲ့နေရာ အောက်ဘက်ဆိုတော့ နှစ်စဉ်လည်း ကမ်းပြိုခဲ့ပါတယ်။ အရင်နှစ်ကစပြီး မြစ်ကြောင်းဖြိုးဌာနက ကမ်းပြိုကာကွယ်ဖို့ ရေကာတွေရိုက်သွားတော့ နည်းနည်းတော့ သက်သာလာပါတယ်။ ၂၀၁၅ ခုနှစ်ကစပြီး မိုးတွင်းဆို ရေကြီးလိုက် ရေတက်ချိန် ကျချိန်တိုင်း ကမ်းပြိုလိုက်ဆိုတော့ တောင်သူတွေလည်း အတော်လေး အထိနာနေပါတယ်” ဟု ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာမှ ကိုဇော်ဇော်က ပြောကြားသည်။

“ကျွန်တော်တို့ အခုနှစ်ဘတ်ဂျက်ငွေနဲ့ အရေးအကြီးဆုံး ဆောင်ရွက်သင့်တဲ့ နေရာတွေရယ်၊ လုပ်ငန်းလည်း ဆောင်ရွက်နိုင်မယ့် နေရာတွေရယ်မှာ ကမ်းပြိုကာကွယ်ရေးနဲ့ ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေပါတယ်။ အခုဆို မင်းလှခံတပ်နားက ရေကာနဲ့ သနပ်ကုန်းကျေးရွာနားက ရေကာတွေက ရာနှုန်းပြည့်ပြီးစီးနေပါပြီ။ ကျန်တဲ့ လုပ်ငန်းခွင်တွေကို ရေပြန်မတက်မီကာလအတွင်း အပြီးသတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု မကွေးတိုင်းမြစ်ကြောင်းဖြိုး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးဇော်လွင်က ပြောကြားသည်။

မကွေးတိုင်းအတွင်း ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်မည့် နေရာများတွင် မင်းလှမြို့ ခံတပ်အနီး၊ စလင်းမြို့နယ် ဘိုကုန်း၊ ကျူတော၊ တလင်းကြီးကုန်းကျေးရွာများအနီး၊ ပွင့်ဖြူမြို့နယ် သနပ်ပင်စုနှင့် သံကိုင်းကျေးရွာများအနီး၊ မင်းဘူးမြို့နယ် နိဗ္ဗာန်ကျွန်းကျေး ရွာအနီး၊ ပခုက္ကူမြို့နယ် ကျွန်းညိုကြီးနှင့် ကျပ်တန်းကုန်းကျေးရွာများ အနီး၊ ရေစကြိုမြို့နယ် နန်းဦး၊ ငမျှာကြီး၊ မြေတောင်ကျေးရွာများအနီးနှင့် ရေစကြိုမြို့ ထင်းတန်းရပ်ကွက်အနီးတို့ ပါဝင်ကြောင်း မန်းချောင်းရေတိုက်စားမှုကြောင့် ကမ်းပြိုနေသည့် မင်းဘူးမြို့နယ် အလံပါယ်ကျေးရွာအနီးတွင်လည်း ရေကာ တည်ဆောက်ရေးလုပ်ငန်းများ စတင်နေကြောင်း ဦးဇော်လွင်ထံမှ သတင်းရရှိသည်။

Writer: 
အောင်သူငြိမ်း