အမြန်လမ်းတွင် ခရီးသည် ၄၉ ဦး တင်ဆောင်လာသော မှန်လုံယာဉ်တစ်စီး လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိကာ တံတားအကာနံရံအား ၀င်တိုက်မှုဖြစ်ပွား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၉ မိုင် အနီးတွင် ဧပြီ ၂၁ ရက် နံနက်အစောပိုင်းက မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသော ခရီးသည်တင် မှန်လုံယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိကာ၊ တံတားအကာနံရံအား ၀င်တိုက်၍ ရပ်တန့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၁ ရက် နံနက် ၅ နာရီခွဲခန့်က ဘောနီအမြန်လမ်းမကြီး ရဲစခန်းအပိုင်၌ ယာဉ်ပေါ်တွင် ခရီးသည် ၄၉ ဦး လိုက်ပါလျက် ယာဉ်မောင်း ဦး---- ၆၄ နှစ်(ဘ) ဦး---- မင်္ဂလာလမ်း၊ နွယ်ခွေစံပြကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 7D/---- ရွှေရည်ဖူးပွင့် EXPRESS ဖြူနီကျားရောင် မော်တော်ယာဉ်အား အမြန်လမ်းမကြီးအတိုင်း မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာစဉ်၊ မိုင်တိုင်အမှတ် ၅၉ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံ အကြားသို့အရောက် ယာဉ်မောင်း အိပ်ငိုက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား တိုက်မိပြီးနောက် တံတားအကာ နံရံအား ဆက်လက်တိုက်မိပြီး ခေါင်းပိုင်းမှာ တံတားအောက်သို့ ထိုးကျလု အခြေအနေတွင် ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။

“ဖြစ်တာက ယာဉ်မောင်းအိပ်ငိုက်ပြီးတော့ လမ်းလယ်ကျွန်းပေါ် တက်သွားပြီးတော့ တံတားနဲ့ တိုက်သွားတာပါ၊ တံတားအောက် ကျတော့မယ်၊ သူက တံတားလက်ရန်း မဟုတ်ပဲနဲ့ တံတားအောက်ကို မကျအောင် ကာထားတဲ့နံရံနဲ့တိုက်တာ၊ အဲ့လိုတိုက်ပြီး ရပ်သွားတာ၊ ခရီးသည်တွေက ဒဏ်ရာရတာ တစ်ယောက်မှ မရှိပါဘူး ကားကလည်း အများကြီး မပျက်စီးသွားဘူး၊ ယာဉ်လိုင်းက ရွှေရည်ဖူးပွင့် ယာဉ်လိုင်းပါ” ဟု ဘောနီအမြန်လမ်းမကြီး ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ ဘောနီအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်ဇော်မျိုးပိုင်ပါ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ လ/ထဦးစီးမှူး ရန်မျိုးအောင်ပါ အဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်လိုက်ပါသူ ကျား ၃၄ ဦး၊ မ ၁၅ ဦး၊ စုစုပေါင်း ၄၉ ဦးတို့မှာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ ရွှေရည်ဖူးပွင့် မှန်လုံယာဉ်မှာလည်း ၀ဲ/ယာ ရှေ့မီးကွဲ၊ ရှေ့ဘန်ဘာကျိုးပဲ့၊ ယာဘက်ရှေ့ အတက်အဆင်းတံခါး ကျိုးပဲ့ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်း ဦးမောင်အေးအား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ်ကျော်မျိုးသူမှ တရားလိုလုပ် အမှုဖွင့် တိုင်တန်းခဲ့သောကြောင့် ဘောနီအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၂/၂၀၁၇၊ ပြစ်မှုပုဒ်မ၊၂၇၉ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Writer: 
ဇော်ဝင်းချစ် (တောင်ငူ)