ပြည်တွင်း၌ ငွေပေးချေမှုများ၏ ၉၅ ရာခိုင်နှုန်းမှာ ငွေသားဖြင့်သာ ပေးချေနေဆဲဖြစ်

ပြည်တွင်း၌ ငွေပေးချေမှုများ၏ ၉၅ ရာခိုင်နှုန်းမှာ ငွေသားဖြင့်သာ ပေးချေနေကြဆဲဖြစ်ကြောင်း Visa မြန်မာမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ငွေသားဖြင့်သာ ပေးချေခြင်းမှာ နိုင်ငံတော်အတွက် ကုန်ကျစရိတ် ပိုမိုများပြားစေပြီး အခြားအခက်အခဲများလည်း ဖြစ်ပေါ်စေကြောင်း ၎င်းက ပြောကြားသည်။

“၉၅ ရာခိုင်နှုန်းသော ငွေပေးချေမှုတွေဟာ ဒီမှာတော့ ငွေသားနဲ့ပဲ ပေးချေတာတွေ ဖြစ်နေပါသေးတယ်။ ငွေပေးချေရာမှာ ငွေသားကိုပဲ သုံးစွဲတယ်ဆိုတာက ကုန်ကျစရိတ် ပိုများစေပါတယ်။ ငွေစက္ကူအဟောင်းတွေကို အသစ်လဲပေးရတာမျိုးတွေရှိတယ်။ ငွေပေးချေဖို့အတွက် ငွေအထုတ်အသွင်း လုပ်တဲ့အခါ တစ်နေရာပြီးတစ်နေရာ သွားလာရတာမျိုးတွေ ရှိမယ်။ ဒါတွေက ကုန်ကျစရိတ်ကို မြင့်တက်စေပါတယ်။ နောက်ပြီးတော့ ငွေသားနဲ့ ပေးချေတာတွေက ဘယ်လောက်ပေးလို့ ပေးနေမှန်း မသိတော့ အခွန်ကောက်ဖို့လည်း ခက်တယ်။ ePayment ကတော့ ငွေပေးချေမှု ပမာဏကို တိုင်းတာနိုင်တယ်။ ဒါ့အပြင် လာဘ်ပေးလာဘ်ယူတွေကိုလည်း တားဆီးနိုင်တယ်။ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ လာပြီဆိုရင် ဒီနိုင်ငံရဲ့ ငွေပေးချေမှုစနစ်နဲ့ အနေအထားတွေကို အရင်ကြည့်ပါတယ်။ ePayment ရှိမှ လွယ်ကူမြန်ဆန်မှုရှိမှာ ဖြစ်သလို တစ်ခုခုဆို ပြန်စစ်ဆေးနိုင်တာ၊ နောက်ကြောင်း ပြန်ကြည့်တာမျိုးတွေကိုလည်း ပြုလုပ်နိုင်ပါတယ်” ဟု Visa မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် Debit Card, Credit Card နှင့် Prepaid Card များကို သုံးစွဲမှု ရှိလာသော်လည်း အများအားဖြင့် ငွေသားဖြင့် ပေးချေခြင်းကိုသာ သုံးစွဲမှုများပြားနေသေးကြောင်း သိရသည်။

သုံးစွဲသူများ အနေဖြင့်လည်း နည်းစနစ်များကို ရင်းနှီးကျွမ်းဝင်မှု အားနည်းခြင်း၊ လုံခြုံစိတ်ချရမှုအပေါ် စိုးရိမ်မှုများ ရှိနေခြင်း စသည်တို့ကြောင့် တွင်ကျယ်မှု အားနည်းနေသေးကြောင်း သိရသည်။

“လိုက်နာရမယ့် အချက်တွေကို တိတိကျကျ လိုက်နာဖို့လိုပြီး လွဲချော်မှုတွေ ဖြစ်လို့ မရပါဘူး။ ကျသင့်တာက ၁၀၀ ပဲဖြစ်ရမှာကို ဖြတ်ယူသွားတာ ၁၀၀၀ ဖြစ်နေတာမျိုး ဖြစ်လို့မရပါဘူး။ မြန်ဆန်ပြီး စိတ်ချရမယ်ဆိုတဲ့ စနစ်တစ်ခုဖြစ်ဖို့ လိုပါတယ်။ Risk တွေကို တတ်နိုင်သမျှ လျှော့ချသွားရမယ်။ ယုံကြည်စိတ်ချရတဲ့ Brand တစ်ခု ဖြစ်လာမှလည်း ပိုခိုင်မာအားကောင်းလာမှာ ဖြစ်ပါတယ်” ဟု Visa မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“ePayment နဲ့ ကတ်စနစ်တွေရဲ့ အားသာချက်က ထုတ်ပေးလိုက်တဲ့ Credit ကတ်တစ်ခုမှာ ဘာပစ္စည်းပဲ ၀ယ်လို့ရမယ်ဆိုတာမျိုး သတ်မှတ်ပေးလိုက်လို့ ရတယ်။ ဒါက အစိုးရ ၀န်ကြီးဌာနတွေမှာဆိုရင် တော်တော်အဆင်ပြေစေမှာပါ။ ထောက်ခံချက်၊ ခွင့်ပြုချက် ရယူဖို့ အချိန်ကုန်ကြန့်ကြာတာတွေ သက်သာသွားစေမယ်။ ePurchasing ကတ်ဆိုရင် အစိုးရ ၀ယ်ယူဖြည့်တင်းရေးကတ် အနေနဲ့ သုံးတာပေါ့။ Charge ကတ်ဆိုရင် လကုန်တာနဲ့ အကြွေးတွေကို အပြည့်ပေးရတယ်။ Credit ကတ်ကျတော့ လကုန်တဲ့အခါ အပြည့်ပေးချင်လည်း ရတယ်။ မပေးသေးလည်း ရတယ်။ အတိုးတော့ ရှိနေမှာပေါ့။ ဒီလိုမျိုး လိုအပ်ချက်အလိုက် နည်းလမ်းအသွယ်သွယ် အသုံးပြုလို့ရတယ်” ဟု Visa မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Writer: 
နေမျိုးထွန်း