ဖားကန့်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ဥရုချောင်း ရေလျှံတက်မှုဖြစ်ပွားပြီး ဖားကန့်မြို့ပေါ်ရပ်ကွက် လေးခုနှင့် လုံးခင်းကျေးရွာအုပ်စု ရေနစ်မြုပ်မှုဖြစ်ပွား

ဖားကန့်မြို့တွင် ဥရုချောင်းရေ လျှံတက်မှုကြောင့် ရေနစ်မြုပ်မှု ဖြစ်ပွားနေသည်ကို ဇွန် ၁၈ ရက်က မွန်းလွဲပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)

ဖားကန့်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ဥရုချောင်း ရေလျှံတက်မှုဖြစ်ပွားပြီး ဇွန် ၁၈ ရက် နံနက်အစောပိုင်းမှ စတင်ကာ ဖားကန့်မြို့ပေါ်ရပ်ကွက် လေးခုနှင့် လုံးခင်း ကျေးရွာအုပ်စုတို့ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန် ၁၇ ရက် ညဥ့်ဦးပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းလာခြင်းကြောင့် ဇွန် ၁၈ ရက် နံနက် ၁ နာရီခန့်တွင် ဖားကန့်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များ၌ ရေ၀င်နစ်မြုပ်မှုဖြစ်ပွားလာခဲ့ကြောင်း၊ ယခုကဲ့သို့ ရေ၀င်နစ်မြုပ်မှုမှာ ဇွန်လအတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ဇွန် ၁၆ ရက်တွင် မြို့ပေါ်ရပ်ကွက်အချို့၌ ရေ၀င်နစ်မြုပ်ခဲ့ခြင်းဖြစ်ကာ ခဏအတွင်း ရေပြန်လည် ကျသွားခဲ့ကြောင်း သိရသည်။

“ဒီနှစ်မှာ ရေနှစ်ခါကြီးသွားပါပြီ။ ဒါက အကြီးဆုံးပါပဲ။ ပထမ တစ်ခါက ချက်ချင်း ပြန်ကျသွားတာ။ ဒီအချိန်ကတော့ နှစ်စဉ်နှစ်တိုင်း ကြီးနေတဲ့အချိန်ပါပဲ။ မနှစ်ကကြီးတဲ့ရေထက်တော့ ဒီနှစ်က နည်းနည်းလေးတော့လျော့ သေးတယ်။ ခြောက်လက်မလောက် လျော့နေသေးတယ်။ စံချိန်တင် မဟုတ်သေးပါဘူး။ ဒါပေမဲ့ အထက်ပိုင်းမှာ မိုးကျလာရင်တော့ စံချိန်က ကျော်ကိုကျော်သွားနိုင်တယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြို့မရပ်ကွက်မှ ဦးအောင်သိန်းက ပြောကြားသည်။

ဇွန် ၁၇ ရက် ညဥ့်ဦးပိုင်းမှ စတင်ကာ ရွာသွန်းသည့်မိုးကြောင့် ဖားကန့်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် မြို့မရပ်ကွက်၊ အေးမြသာယာရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင်ရပ်ကွက်တို့ ရေနစ်မြုပ်ခဲ့ပြီး လုံးခင်းကျေးရွာအုပ်စုတွင် ရပ်ကွက် (၂)၊ (၃)၊(၄)တို့ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

“ရေနစ်မြုပ်တာက ဖားကန့် မြိုပေါ်လေး ရပ်ကွက်နဲ့ လုံးခင်းကျေးရွာဖြစ်ပါတယ်။ လုံးခင်းကျေးရွာမှာက ရပ်ကွက်သုံးခု ရေနစ်ပါတယ်။ အိမ်ခြေအားဖြင့် သုံးရာကျော်နစ်ပါတယ်။ ဖာကန့်မြို့ပေါ်ကတော့ စာရင်းမတက်လာသေးပါဘူး။ ဒါပေမဲ့ အိမ်ခြေတစ်ထောင်ဝန်းကျင်လောက်တော့ ရှိနိုင်ပါတယ်။ ဖားကန့်မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရှစ်ပေလောက်အထိ ရေနစ်ပါတယ်။ အခုအချိန်မှာ ရေနစ်မြုပ်တဲ့ ရပ်ကွက်နေသူတွေအတွက် မြို့နယ်အစီအစဉ်နဲ့ ဖားကန့်မြို့ပေါ်မှာ ထမင်းထုပ် ၁၂၅၀၊ လုံးခင်းမှာတော့ကျေးရွာ အစီအစဉ်နဲ့ထမင်းထုပ် ၁၀၀၀ ဝေပေးပါတယ်။ လက်ရှိမှာတော့ မဏိဇေယျုံဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပါတယ်။ ရေအတက်အကျပေါ်မူတည်ပြီး ဆက်လုပ်သွားမှာပါ” ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးမှူး ဒေါ်နီလာမြင့်က ပြောကြားသည်။

ဖားကန့်မြို့တွင် ဥရုချောင်းရေလျှံတက်မှုကြောင့် နှစ်စဉ်နှစ်တိုင်း ရေနစ်မြုပ်မှုဖြစ်ပွားလျက်ရှိကြောင်း၊ ရေနစ်မြုပ်ခြင်း၏ အဓိကအကြောင်းရင်းမှာ ဥရုချောင်းအတွင်း စွန့်ပစ်မြေစာများ စီးဝင်ပိတ်ဆို့လာသည့်အတွက် ချောင်းတိမ်ကောမှု ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းသို့ပိတ်ဆို့မှုအတွက် မြေစာပြန်လည်ဆယ်ယူခြင်းများ လုပ်ဆောင်နေသော်လည်း ဥရုချောင်းအတွင်း နုန်းအနည်အနှစ်များ ဆက်လက် ပို့ချမှုရှိနေသည့်အတွက် မြေစာဆယ်ယူခြင်းလုပ်ငန်းမှာ တွင်ကျယ်မှု မရှိကြောင်း သိရသည်။

Writer: 
အောင်ဟိန်းမင်း (ဖားကန့်)