ပြည်တွင်း သတင်းများ

ရခိုင်ဒေသအနှံ့ မိုးကြီးရေလျှံမှုကြောင့် ရေလမ်းနှင့် ကားလမ်းများ ပျက်စီးခဲ့ပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ပို့ကုန်များရပ်ဆိုင်းနေ

မိုးရွာရေလျှံမှုများကြောင့် ရေလမ်း၊ မော်တော်ကားလမ်းများ ပျက်စီးခဲ့ရသဖြင့် မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ပို့ကုန်များ ရပ်ဆိုင်းနေပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေးကဏ္ဍတွင် အကျဘက်သို့ ဦးတည်လာနေကြောင်း သတင်းရရှိသည်။

“မိုးက တအားရွာတော့ မယူမြစ်မှာရေလျှံတယ်။ ဘူးသီးတောင်-မောင်တောကား လမ်းကလည်း မြေပြိုလို့  ခဏခဏပျက်နေတယ်။ ပုစွန်ကလည်း ဘင်္ဂလားဒေ့ရှ်ကိုမသွားတော့ ကုန်သွယ်မှုက အကျဘက်မှာရှိနေတယ်။  အခုမိုးရွာတော့ ဘာမှမပို့ရဘူး။ ကုန်သွယ်မှုက ရပ်နေတယ်” ဟု မောင်တောနယ်စပ် ကုန်သည်တစ်ဦးဖြစ်သူ ဦးထွန်းဝင်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ ၇၅ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး မည်သည့်ကတ်မျှ မကိုင်ဆောင်သူ ၁၁ သိန်းကျော်ရှိရာ လူဦးရေ၏ ၂၁ ရာခိုင်နှုန်းအထိ ရှိနေ

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ ၇၅ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး မည်သည့်ကတ်မျှ မကိုင်ဆောင်သူ ၁၁ သိန်းကျော်ရှိရာ လူဦးရေ၏ ၂၁ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရသည်။

၂၀၁၄ ခုနှစ် မတ် ၂၉ ရက်တွင် ကောက်ယူထားသော သန်းခေါင်စာရင်းအရ မန္တလေးတိုင်းဒေသကြီးအတွင်း မည်သည့်ကတ်မျှ မကိုင်ဆောင်သူဦးရေမှာ ၁၁၀၄၂၂၈ ဦးရှိပြီး တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ၏ ၂၁ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဖားကန့်-မိုးကောင်း လမ်းပိုင်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ

ဖားကန့်-မိုးကောင်း လမ်းပိုင်းရှိ ဆိုင်းဖရာ ကျေးရွာအနီးတွင် ဇွန်၂၉ ရက်က ခရီးသည်တင်ယာဉ်တစ်စီး လက်နက်ဖြင့် ပစ်ခတ်ခံခဲ့ရကာ ကားပေါ်တွင် လိုက်ပါလာသော ခရီးသည်များထဲမှ တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ် မေလကုန်အထိ ဖွဲ့စည်းမှတ်ပုံတင်ထားသည့် ကုမ္ပဏီစုစုပေါင်း ၄၉၀၇၄ ခုရှိကြောင်း အမျိုးသားစီမံကိန်း ဒုတိယ၀န်ကြီး ပြောကြား

၁၉၈၈-၁၉၈၉ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ် မေလကုန်ထိ ဖွဲ့စည်းမှတ်ပုံတင်ထားသည့် ကုမ္ပဏီ စုစုပေါင်း ၄၉၀၇၄ ခုရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက ဇွန် ၂၉ ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ဆည်မြောင်းနှင့် လျှပ်စစ်များသည် စီမံကိန်းကို စတင်ဆောင်ရွက်နိုင်သည်မှတစ်ပါး ပီပီပြင်ပြင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ ကော်မတီ သုံးသပ်

ဆည်မြောင်းနှင့် လျှပ်စစ်များသည် စီမံကိန်းကို စတင်ဆောင်ရွက်နိုင်သည်မှတစ်ပါး ပီပီပြင်ပြင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာတွင် သုံးသပ်ထားသည်။

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှု စီမံကိန်းများရေးရာ ကော်မတီတို့၏ စီမံကိန်းများအား ကွင်းဆင်းစစ်ဆေးချက်များအပေါ် အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

သံတွဲမြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်သဖြင့် ဒါဝကျေးရွာတွင် နေအိမ် ၉၀ ကျော် ပျက်စီးကာ ကျပ်သိန်း ၁၅၀ ဖိုး ဆုံးရှုံး

သံတွဲမြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်ခဲ့သဖြင့် ဒါဝကျေးရွာတွင် နေအိမ်  ၉၀ ကျော် ပျက်စီးခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၅၀ ဖိုးရှိကြောင်း သံတွဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

အဆိုပါ ဒါဝကျေးရွာကို ဇွန် ၂၇ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင် ၀င်ရောက်တိုက်ခတ် ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၉၁ လုံး ပြိုပျက်ခဲ့ကြောင်းနှင့် လူဦးရေ ၃၀၀ ခန့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတွင် ယာယီခိုလှုံ ခဲ့ရကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးရေလျှံမှုကြောင့် တောင်ကုတ်မြို့ဆေးရုံရှိ လူနာများအား အရေးပေါ်ရွှေ့ပြောင်း ကုသခဲ့ရပြီး လူနေအိမ်များနှင့် ဈေးဆိုင်ခန်း ၂၀ ကျော် ရေထဲမျောပါ ဆုံးရှုံး

ရခိုင်ပြည်နယ်တွင်း မိုသည်းထန်စွာ ရက်ဆက်ရွာသွန်းခဲ့ခြင်းကြောင့် မြို့နယ်အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ တောင်ကုတ်မြို့ရေကြီးမှုတွင် ပြည်သူ့ဆေးရုံမှ လူနာများအား အမ္မာရာမဘုန်းတော်ကြီးကျောင်းတွင် အရေးပေါ်ရွှေ့ပြောင်း ဆေးကုသခဲ့ရပြီး ရေဘေးသင့် ဒုက္ခသည်တချို့မှာ နီးစပ်ရာ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်တွင် အကောင်အထည်ဖော်နေသော စီမံကိန်းများကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှု အားနည်းပြီး စီမံကိန်း၏ ရာခိုင်နှုန်း ၂၀ ခန့်သာ ပြီးစီးအောင် အကောင်အထည် ဖော်နိုင်သည်ကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အကြံပေးအဖွဲ့

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော် ဘတ်ဂျက်များကို စီမံကိန်းများအတွက် သုံးစွဲမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ကို လေ့လာကြည့်ပါက ပွင့်လင်းမြင်သာမှု အားနည်းပြီး ရာခိုင်နှုန်း ၂၀ လောက်သာ ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အကြံပေးအဖွဲ့မှ ဇွန် ၂၉ ရက် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသည့် ၂၀၁၄-၂၀၁၅ ဘတ်ဂျက်လေ့လာ စောင့်ကြည့်ရေး အစီရင်ခံစာအား ရှင်းလင်းတင်ပြ ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားသည်။

မန္တလေးမြို့၌ သေနတ်များနှင့် သေနတ်အပိုင်းအစများ ဖမ်းဆီးရမိသည့် နေအိမ်နှင့် အခြားအိမ်တစ်ခုတွင် သေနတ်နှစ်လက် ထပ်မံတွေ့ရှိ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် သေနတ်များနှင့် သေနတ်အပိုင်းအစများ ဖမ်းဆီးရမိသည့် နေအိမ်တစ်ခုနှင့် အခြားအိမ်တစ်အိမ်တွင် ဇွန် ၂၈ ရက် ညပိုင်းက သေနတ်နှစ်လက် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ဇွန် ၂၈ ရက်တွင် လိုင်စင်မရှိဘဲ သေနတ်များ ကိုင်ဆောင်မှုနှင့် အရေးယူခံရသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့နေထိုင်ရာ အိမ်ဖြစ်သော ချမ်းအေးသာစံမြို့နယ် ၈၂ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြား နေအိမ်ကို ည ၈ နာရီခန့်က ဆက်လက်ရှာဖွေရာ လေသေနတ်တစ်လက်ကို တွေ့ရှိခဲ့သည်။ ထို့နောက် အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေရပ်ကွက်၊ လမ်း ၈၀၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ နေအိမ်ကို ဆက်လက်ရှာဖွေရာ သေနတ်တစ်လက်ကို တွေ့ရှိခဲ့သည်။

မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းမိသူ ၇၀၀ ကျော်မှ လှေစီးဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား မိုင်တိုင် (၃၇) စခန်းမှ တောင်ပြိုလက်ဝဲမြို့ ယာယီစခန်းသို့ ပြောင်းရွှေ့ပြီး ဖြစ်သော်လည်း အုပ်စုလိုက် ထပ်မံထွက်ပြေးနေသဖြင့် လုံခြုံရေးတိုးမြှင့်

မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းမိသူ ၇၀၀ ကျော်မှ လှေစီးဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား မိုင်တိုင် (၃၇) စခန်းမှ တောင်ပြိုလက်ဝဲမြို့ ယာယီစခန်းသို့ ပြောင်းရွှေ့ပြီး ဖြစ်သော်လည်း အုပ်စုလိုက် ထပ်မံထွက်ပြေးနေသဖြင့် လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ခေါ်ယူခြင်း မရှိသေးသဖြင့် တောင်ပြိုလက်ဝဲမြို့ ယာယီစခန်းမှ  လှေစီးဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးဦး ဇွန် ၂၇ ရက်က ထွက်ပြေးခဲ့ပြီး နောက်တစ်နေ့ ထပ်မံထွက်ပြေး ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ ထွက်ပြေးသူ စုစုပေါင်း ၁၀ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

မဟာသန္တိသုခကျောင်းတိုက် အမှုနှင့် ပတ်သက်၍ ပယ်ချခံရသည့် မေးခွန်းများ အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြင်ဆင်တင်သွင်းထားမှုကို ကြားနာရာ တရားလိုမလာ၍ ထပ်မံချိန်းဆို

မဟာသန္တိသုခကျောင်းတိုက် အမှုနှင့် ပတ်သက်၍ တာမွေတရားရုံးတွင် ပယ်ချခံရသည့် မေးခွန်းများကို အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြင်ဆင်တင်သွင်းရာ တရားလို ဦးစိန်မော် လာရောက်ခြင်းမရှိသဖြင့် ရုံးချိန်းအား ထပ်မံချိန်းဆိုခဲ့ကြောင်း ဇွန် ၂၉ ရက် အရှေ့ပိုင်းခရိုင် တရားရုံးချိန်းမှ သိရသည်။

ယင်းသို့ တရားလို ဦးစိန်မော် လာရောက်ခြင်း မရှိသည့်အတွက် ၂၀၁၅ ဇူလိုင် ၉ ၇က်တွင် ယင်းပြင်ဆင်တင်သွင်းမှုနှင့် ပတ်သက်ကာ နှစ်ဖက်အပြီးသတ် ကြားနာမှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ခုနှစ် ပြည်ထောင်စု ရသုံးမှန်းခြေ ငွေစာရင်းတွင် အခွန်ရရှိငွေ ကျပ် ၅၉၄၈ ဘီလျံရှိပြီး ဂျီဒီပီ၏ ၈ ဒသမ ၁၁ ရာခိုင်နှုန်းသာရှိရာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါး လျက်ရှိကြောင်း သိရ

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည် ထောင်စုရသုံးမှန်းခြေ ငွေစာရင်းတွင် အခွန်အကောက်မှ ရရှိငွေကို ကျပ် ၅၉၄၈ ဘီလျံဟု ခန့်မှန်းထားပြီး ဂျီဒီပီ၏ ၈ ဒသမ ၁၁ ရာခိုင်နှုန်းသာ ရှိနေကြောင်းနှင့် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေကြောင်း ဇွန် ၂၉ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် ၂၀၁၄-၂၀၁၅ ဘတ်ဂျက် လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာအား ရှင်းလင်းတင်ပြ ဆွေးနွေးပွဲ အခမ်းအနားမှ သိရသည်။

ပိုက်ဆံခိုး၍ အလုပ်မှထုတ်မှုနှင့် ငွေကြေးလိုအပ်ချက်များကြောင့် အသက် ၈၀ ကျော်အဘိုးအိုအား လူငယ်လေးဦးက သတ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ ပြောကြား

မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဇွန် ၂၇ ရက် ညပိုင်းတွင် အသက် ၈၇ နှစ်အရွယ် အဘိုးအိုတစ်ဦး နေအိမ်ထမင်းစားခန်းအတွင်း လည်ပင်းညှစ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူ လူငယ်လေးဦးမှာ ငွေကြေးလိုအပ်ချက်များကြောင့် သတ်ခဲ့ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ထွေး ပြောပြချက်အရ သိရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် မူဆယ်မြို့နှင့် ကုန်သွယ်ရေးဇုန်တို့တွင် တပ်မတော်နှင့်ရဲ ပူးပေါင်း၍ လုံခြုံရေး တိုးမြှင့်

ရှမ်းပြည်နယ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် မူဆယ်မြို့နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် တပ်မတော်နှင့်ရဲ ပူးပေါင်း၍ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေကြောင်း မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သည် ဇွန် ၂၇ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ၆၀ မမ ဗုံးဆန်ဖြင့် ပစ်ခတ်ခံရပြီး မိနစ်ခြား၍ သုံးကြိမ်တိတိ ပစ်ခတ်ခံရခြင်းဖြစ်ကာ ကုန်စည်ဒိုင်အနီး၊ မြန်မာနိုင်ငံသားများဘဏ် အနီးနှင့် ရဲစခန်းအနီး ရွှေလိပ်ပြာ စားသောက်ဆိုင်တို့ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ယင်းကုန်သွယ်ရေးဇုန် ဒုတိယညွှန်ကြားရေးမှူးထံမှ သိရသည်။

တစ်နိုင်ငံလုံးတွင် ယခုနှစ် ဇန်န၀ါရီမှ ဇွန် ၂၆ ရက်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၁၂၆၇ ဦးရှိပြီး ၄၈ ဦး သေဆုံး

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုနှစ် ဇန်န၀ါရီမှ ဇွန် ၂၆ ရက်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေ ၁၁၂၆၇ ဦး၊ သေဆုံးလူနာ ၄၈ ဦးအထိ ရှိနေသည့်အတွက် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း များပြားနေကြောင်း နေပြည်တော်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ဖြစ်ပွားသူ ၂၃၆၂ ဦး၊ သေဆုံးလူနာ ခုနစ်ဦးရှိကြောင်းနှင့် ရောဂါကြောင့် သေဆုံးနှုန်း အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ဖြစ်ပွားသူ ၁၅၀၈ ဦး၊ သေဆုံးလူနာ ၁၁ ဦးရှိကြောင်း သိရသည်။

Pages