ပြည်တွင်း သတင်းများ

အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်၏ Winner ဆုရှင် အောင်ထက်နှင့် တွေ့ဆုံခြင်း

ယနေ့ အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက အိပ်မက်ဆုံရာ ရာသက်ပန်အစီအစဉ်၏ Winner ဆုရှင် အောင်ထက်ပင် ဖြစ်သည်။ ပြိုင်ပွဲစတင်စဉ်ကတည်းကပင် အပတ်စဉ် Theme အမျိုးမျိုးမှ တေးသီချင်းများကို  Creation များစွာဖြင့် သီဆိုယှဉ်ပြိုင်နိုင်ခဲ့သူတစ်ဦးဖြစ်သည့် ပြိုင်ပွဲဝင်အဆိုရှင် အောင်ထက်သည် ပရိသတ်အားပေးမှု များစွာရရှိထားသူတစ်ဦးလည်း ဖြစ်သည်။ ဂီတလောကအတွင်း ကြာရှည်စွာ လျှောက်လှမ်းခဲ့ပြီး အဆုံးသတ်တွင် အောင်မြင်မှုပန်းတိုင်ကို လှမ်းယူနိုင်ခဲ့သူ အောင်ထက်နှင့် တွေ့ဆုံဖြစ်သည့်အခိုက် မေးမြန်းဖြစ်သမျှမှာ 
 
 

လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ်တထောင်မြို့နယ်တွင် လမ်းဘေးကြော်ငြာဆိုင်းဘုတ်အချို့ ပြိုလဲကျပြီး ကားများ ထိခိုက်ပျက်စီး

ဇူလိုင် ၆ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်များ ပြိုလဲကျကာ ကားများပေါ်သို့ပိခဲ့ပြီး အချို့မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၌ ကမ်းနားလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်းတွင်ရှိသည့် ကြော်ငြာဆိုင်းဘုတ်များမှာ ပြိုလဲကျမှုများဖြစ်ပေါ်ခဲ့ပြီး လမ်းပေါ်ရှိကားများပေါ် ပိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘီအီးဒီ ငါးနှစ်ဝင်ခွင့်အတွက် ဖြေလျှော့မှုများ ပြုလုပ်ပေးထားကြောင်း နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ပြောကြား

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘီအီးဒီ ငါးနှစ်သင်တန်း ၀င်ခွင့်လျှောက်လွှာပါ ကန့်သတ်ချက်များအား ဖြေလျှော့မှုများ ပြုလုပ်ထားကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်တင်အောင်ချစ်က ပြောကြားသည်။

ဇူလိုင် ၆ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၂ မှ ဦးဆလိုင်းခွဲယန်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ဘီအီးဒီ ငါးနှစ် သင်တန်းဝင်ခွင့် လျှောက်လွှာပါ ကန့်သတ်ချက်များအား ပြင်ဆင်သတ်မှတ် ပြောင်းလဲပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းချက်အပေါ်တွင် ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ တရားစွဲဆိုခံရသည့် ဗကသ (အထက်မြန်မာပြည်) ဥက္ကဋ္ဌဟောင်း ကိုသန့်ဇင် အပါအ၀င် ကျောင်းသားပြည်သူ ရှစ်ဦးအား မြင်းခြံအကျဉ်းထောင်၌ ထောင်ဝင်စာတွေ့ခွင့် မရ

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ သပိတ်မှောက် ဆန္ဒပြခဲ့ကြသည့် ဗကသ (အထက်မြန်မာပြည်) ဥက္ကဌဟောင်း ကိုသန့်ဇင် အပါအ၀င် ကျောင်းသားပြည်သူ ရှစ်ဦးအား ယင်းတို့၏ မိသားစုဝင်များက မြင်းခြံအကျဉ်းထောင်သို့ ထောင်ဝင်စာ သွားရောက်တွေ့ဆုံရာတွင် တွေ့ဆုံခွင့် မရရှိခဲ့ကြကြောင်း သိရသည်။

ဇူလိုင် ၆ ရက်က ဖမ်းဆီးခံ ကျောင်းသားပြည်သူများ၏ မိသားစုဝင်များက မြင်းခြံအကျဉ်းထောင်သို့ သွားရောက်ပြီး စားသောက်ဖွယ်ရာများ သွားရောက်ပို့ဆောင်ခဲ့ရာ ထောင်ဝန်ထမ်းများက တောင်ဝင်စာတွေ့ဆုံခွင့် မပြုခဲ့ကြောင်း ယင်းမိသားစုဝင် တစ်ဦးက ပြောကြားသည်။

ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်နေသည့် ဒဂုံစီးတီး အပါအ၀င် စီမံကိန်းများ ဆက်လက်ဆောက်လုပ်တော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီးကိုယ်စား တိုင်းသာသနာရေးမှူးက အကြောင်းပြန်ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဦးပါမောက္ခ မိန့်ကြား

ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်နေသည့် ဒဂုံစီးတီးစီမံကိန်း အပါအ၀င် အခြားစီမံကိန်းများကို ရပ်တန့်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကိုယ်စား ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်က အကြောင်းကြားခဲ့သည်ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ ဦးဆောင်ဆရာတော် ဘဒ္ဒန္တပါမောက္ခက ဇူလိုင် ၆ ရက်တွင် မိန့်ကြားသည်။

အဆိုပါ ပြောကြားချက်ကို ဇူလိုင် ၆ ရက်က ရွှေတိဂုံစေတီတော်အနီးရှိ မင်္ဂလာမဏ္ဍိုင် ကျောင်းတိုက်တွင် ပြုလုပ်သည့် ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းအဝေးတွင် ဦးပါမောက္ခက မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

မဲစာရင်းမှားယွင်းမှုများ အချိန်မီ ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌထံ ပြည်ထောင်စု လွှတ်တော်နာယက သ၀ဏ်လွှာပေးပို့မည်

မဲစာရင်းမှားယွင်းမှုများ အချိန်မီ ပြင်ဆင်ဆောင်ရွက် ပေးနိုင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံသို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သ၀ဏ်လွှာပေးပို့ သွားမည်ဖြစ်ကြောင်း ၎င်း၏ဖေ့ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

ငရုတ်ကောင်းဒေသတွင် လျာထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ရပ်ဆိုင်းသည့်သတင်း မဟုတ်မှန်ဟု ဆို

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေသတွင် လျာထားနေသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ရပ်ဆိုင်းသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီးက ဆိုသည်။

ဖမ်းဆီးခံ ရေပူဆရာတော် လွတ်မြောက်ရေးအတွက် မိုးကုတ်မြို့ခံ ထောင်နှင့်ချီ ဆန္ဒထုတ်ဖော်

သာသနာညှိုးနွမ်းစေမှု၊ တရားမ၀င် ကျောက်မျက်တူးဖော်မှုနှင့် သစ်စုပုံမှုတို့ဖြင့် လူဝတ်လဲ ဖမ်းဆီးခံထားရသော  မိုးကုတ်မြို့ ရေပူကျောင်းဆရာတော် လွတ်မြောက်ရေးအတွက် မိုးကုတ်မြို့ခံများ ထောင်နှင့်ချီ၍ ဇူလိုင် ၆ ရက် နံနက်ပိုင်းက ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုကို ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီက မိုးကုတ်မြို့ အောင်နန်းဘောလုံးကွင်းမှ စတင်ထွက်ခွာပြီး မြို့တွင်းသို့ လှည့်လည်လမ်းလျှောက်ကာ အာဇာနည်ကျောက်တိုင်ကွင်းအထိ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်တွင် ဆန္ဒထုတ်ဖော်မှုကို အဆုံးသတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကော့ကရိတ်မြို့ အောက်ဗိုလ်တဲအနီးတွင် ပစ်ခတ်မှုများ ရှိနေသောကြောင့် မြ၀တီနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေသလို မြို့တွင်းနေ ပြည်သူများ ထိတ်လန့်မှုများ ရှိနေ

ဇူလိုင် ၆ ရက် နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း ကော့ကရိတ်မြို့အထွက် အောက်ဗိုလ်တဲအနီး ကောင်းမှုရွာနှင့် အာရှလမ်းသစ်သွား ကြားလမ်းတွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခြင်းကြောင့် ကော့ကရိတ်မြို့ရှိ စာသင်ကျောင်းများတွင် ကျောင်းသားမိဘများက  စိုးရိမ်စိတ်ဖြင့် လာရောက်ကြိုဆိုကြကြောင်း ကော့ကရိတ်မြို့မှ ကျောင်းသားမိဘ တစ်ဦးက ပြောကြားသည်။

ဇူလိုင် ၆ ရက် ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၁၉၀ ၀န်းကျင်ရှိ

ဇူလိုင် ၆ ရက် ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၁၉၀ ၀န်းကျင်တွင် ရှိနေကြောင်း ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။

ဇူလိုင် ၆ ရက်တွင် ဖြစ်ပေါ်နေသော ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၁၂၅ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေးကျပ် ၁၁၉၀ ၀န်းကျင်၊ ၀ယ်ဈေး ၁၁၈၅ ကျပ် ၀န်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေးကျပ် ၈၈၀ ၀န်းကျင်၊ ၀ယ်ဈေးကျပ် ၈၇၀ ၀န်းကျင်နှင့် ယူရိုတန်ဖိုးမှာ တစ်ယူရိုလျှင် ရောင်းဈေး ကျပ် ၁၃၁၀ ၀န်းကျင်၊ ၀ယ်ဈေး ၁၂၉၅ ကျပ်ဝန်းကျင်တွင် ရှိနေသည်။

သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းတွင် တက္ကသိုလ်ကြိုပို့ယာဉ် အပါအ၀င် ယာဉ်သုံးစီးတိုက်မှု ဖြစ်ပွားရာ တစ်ဦးသေဆုံး

သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်း၊ ၁၃ ဂိတ် ကားမှတ်တိုင်အနီးတွင် ဇူလိုင် ၆ ရက် နံနက် ၈ နာရီ ခွဲခန့်က တက္ကသိုလ်ကြို/ပို့ ယာဉ်အပါအ၀င် ယာဉ်သုံးစီးတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများ တင်ဆောင်လာသော အမှတ် ၁၈၉ ယာဉ်လိုင်းမှ G4/….၊ ဆယ်ဘီးကားတွဲ ယာဉ် 4E/....  နှင့် အမှတ်၁၈၉ ယာဉ်လိုင်းမှ 9E/....  တို့သုံးစီး တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

တရားစီရင်ရေးအား အယုံအကြည်မရှိ၍ တရားရင်ဆိုင်ဖို့ မရှိဟု ဖမ်းဝရမ်း ထုတ်ခံထားရသည့် တကသ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဇေယျာလွင် ပြောကြား

တရားစီရင်ရေးအား အယုံအကြည်မရှိ၍ တရားရင်ဆိုင်ဖို့ မရှိဟု ဇွန် ၃၀ ရက်က ရန်ကုန်မြို့အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် အမှုဖွင့် ဖမ်းဝရမ်း ထုတ်ခံထားရသူ တစ်ဦးဖြစ်သည့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ပြောကြားသည်။

ထောင်ဒဏ် ၁၃ နှစ် ၄ လ ကျခံနေရသော MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် ဆက်လက်ရုံးထုတ်ပြီး တရားလိုအား စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံး အသီးသီးမှ ထောင်ဒဏ် ၁၃ နှစ် လေးလချခံထားရသော ဒီမိုကရေအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ (MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား ဇူလိုင် ၆ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ပုဒ်မ-၄၄၇၊ ပုဒ်မ-၄၂၇ တို့ဖြင့် ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါနေ့တွင် ကိုထင်ကျော်မှ ၎င်းအား တရားစွဲဆိုထားသော တရားလို အမျိုးသားကို တရားခွင်အတွင်း အမှုကိစ္စနှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်းမှု ပြုလုပ်ခဲ့သည်။

ကျန်းမာရေးဦးစီးဌာနတွင် စာရင်းပေးသွင်းထားသည့် ဆေးယဉ်ပါး တီဘီဝေဒနာရှင် ၂၀၀၀ ကျော် ယခုလမှစ၍ ATM စက်များမှတစ်ဆင့် ထောက်ပံ့ငွေ ထုတ်ယူနိုင်မည်

ကျန်းမာရေး ဦးစီးဌာနာတွင် ယခုနှစ် ဇန်န၀ါရီလမှ စတင်ကာ စာရင်းပေးသွင်းထားသည့် ဆေးယဉ်ပါး တီဘီလူနာ ၂၀၀၀ ကျော်သည် ယခုလမှစတင်ကာ ၎င်းတို့ ပုံမှန်ရရှိနေသည့် အထွေထွေ စရိတ်များအတွက် ထောက်ပံ့ငွေများကို ATM စက်များမှတစ်ဆင့် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ပခရီးသွား ဆွဲဆောင်မှု အလားအလာကောင်းသည့် အင်းတော်-ကသာ ဒေသတွင် ဧည့်လမ်းညွှန်သင်တန်း ဖွင့်လှစ်

ပြည်ပခရီးသွားများအား ၀န်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသ ကြီး ကသာမြို့ အမှတ် (၆) ရပ်ကွက် စေတနာခန်းမတွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းကို ဇူလိုင် ၆ ရက် နံနက် ၉ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး ဦတင်ဝင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ်တို့ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် ခြောက်လအတွင်း ပြည်တွင်း၌ လူကုန်ကူးခံရသူ ၂၁၁ ဦး ရှိလာပြီး ၂၀၁၄ ခုနှစ် နှစ်ဝက်ကျော်ကာလ လူကုန်ကူးခံရမှု ပမာဏထက် နှစ်ဆကျော် ပိုများ

၂၀၁၅ ခုနှစ် ဇန်န၀ါရီမှ ဇွန်အတွင်း ပြည်တွင်း၌ လူကုန်ကူးခံရသူ ဦးရေ ၂၁၁ ဦးအထိ ရှိလာခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှ ဇွန်အထိ လူကုန်ကူးခံရသူ ဦးရေ ပမာဏထက် နှစ်ဆကျော် ပိုများလာခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ဌာနချုပ်မှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ လူကုန်ကူးခံရသူ ဦးရေမှာ ၂၀၁၄ ခုနှစ် နှစ်ဝက်ကာလအတွင်း ၉၇ ဦးသာ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ဝက်ကာလ၌ နှစ်ဆကျော် ပမာဏဖြစ်သည့် ၂၁၁ ဦးအထိ ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကာ လူကုန်ကူးခံရသူ အများစုမှာ တရုတ်မယားအဖြစ် အများဆုံး အရောင်းခံနေရကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ မဲစာရင်းနှင့် ပတ်သက်၍ နေပြည်တော်၌ ဆွေးနွေးညှိနှိုင်းမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ဇူလိုင် ၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ မဲစာရင်းနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် NLD ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးထွန်းထွန်းဟိန်၊ ဦးဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်တို့ ပါဝင်မည်ဖြစ်ကြောင်း NLD ဗဟိုမဲစာရင်း စိစစ်ရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ကျောင်းသားများကို အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့် ကြားမှပင် 7 July အခမ်းအနား သမဂ္ဂမြက်ခင်းပြင်၌ ပြုလုပ်မည်

ကျောင်းသားများကို အစိုးရက ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေသည့် ကြားကပင် တကသများက ဦးဆောင်ပြီး ဆဲဗင်းဇူလိုင် အခမ်းအနားကို သမဂ္ဂမြက်ခင်းပြင်၌ ပြုလုပ်သွားမည်ဟု တကသ ကျောင်းသားများထံမှ သိရသည်။

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း၌ မြန်မာ-ထိုင်း နှစ်နိုင်ငံအပြင် ဂျပန်နိုင်ငံ ပါဝင်လာမည့် MOI အား မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုး

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းများတွင် ဂျပန်နိုင်ငံ ပါဝင်လာမည့် Momorandum of Intent (MOI) အား မဲခေါင်-ဂျပန် ထိပ်သီးအစည်းအ၀းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရရှိသည်။

ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌသည် ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း လုပ်ငန်းများတွင် ဂျပန်နိုင်ငံ ပါဝင်လာမည့် Momorandum of Intent (MOI) အား လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်ယူဆောင်သွားခဲ့ပြီး မြန်မာ-လက်ရှိကျင်းပနေသည့် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေး ကျင်းပနေသည့် ဇူလိုင်  ၄ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။

ပဋိပက္ခဆီ မရောက်ဖို့ ပြေလည်မှုဆီ ချဉ်းကပ်ရမည့်ကျပ် ၃၆၀၀ ၀ိရောဓိ

လုပ်ခလစာနှင့် ပတ်သက်၍ အလုပ်သမားများ ၂၀၁၄ ခုနှစ် မေ ၁ ရက်က ဆန္ဒပြကြစဉ် (ဓာတ်ပုံ-ကြည်နိုင်)(အပေါ်)၊ တစ်ရက်ကျပ် ၃၆၀၀ သတ်မှတ်ပါက စက်တင်ဘာတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်ကြမည်ဖြစ်ကြောင်း လက်ထောင်ပြနေသည့် အထည်ချုပ် လုပ်ငန်းရှင်များကို ဇူလိုင် ၂ ရက်က တွေ့ရစဉ် (အောက်)

တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပါက စက်တင်ဘာတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များ လက်ထောင်ဆန္ဒပြုနေစဉ်

လပွတ္တာမြို့နယ် အတွင်းရှိ နေထိုင်စရာ အတည်တကျ မရှိသေးသော နာဂစ်ဒုက္ခသည်များ မဲစာရင်းများ ကြည့်ရှုပြုပြင်ရန် အခက်အခဲများ ဖြစ်ပေါ်

လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာ ၁၃ ရွာတွင် နေထိုင်နေရသည့် နေထိုင်စရာ အတည်တကျ မရှိသေးသော နာဂစ်ဒုက္ခသည်များနှင့် သုံးမိုင်မြို့သစ်တွင် ၀င်ရောက်နေထိုင်နေသည့် နာဂစ်ဒုက္ခသည်များ၏ မဲစာရင်းများ ကြည့်ရှုပြုပြင်ရန်အတွက် အခက်အခဲ ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေး၏ ဖုန်းဆက်သွယ်ပြောဆိုခများ ဆွေသဟာ အစီအစဉ်တွင် တစ်မိနစ် ၂၃ ကျပ်အထိ ဇူလိုင် ၈ ရက်မှ စတင်လျှော့ချမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဖုန်းဆက်သွယ် ပြောဆိုခများကို ဇူလိုင် ၈ ရက်မှ စတင်၍ တစ်မိနစ်လျှင် ၂၃ ကျပ်အထိ MPT ၏ ဆွေသဟာ အစီအစဉ်တွင် လျှော့ချသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ တက္ကသိုလ်ဝင်တန်း မအောင်မြင်သည့် ကျောင်းသားကျောင်းသူများအား ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ တက္ကသိုလ်ဝင်တန်း မအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ ၇၀ ကျော်ကို ဇူလိုင် ၄ ရက်က ကော့မှူးမြို့နယ်ရှိ Ho-spitality and Catering Training Academy(HCTA) ဟိုတယ်လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းကျောင်း၌ တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီး ကျောင်းသားများ၏ ပညာရေးအတွက် အကူအညီပေးမှု လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲတွင် ပါဝင်သည့် ကျောင်းသားကျောင်းသူများ၏ ပြောကြားချက်အရ သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အခမဲ့သင်ကြားပေးသည့် ဟိုတယ်လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းကျောင်းသို့ ယခုနှစ် လျှောက်ထားသူ ၁၈၀ ကျော်အနက် ၁၂၀ ခန့် ရွေးချယ်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ စတင်ဖွင့်လှစ်ခဲ့သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း အခမဲ့ သင်ကြားပေးနေသည့် Hospitality and Catering Training Academy (HCTA) ဟိုတယ်လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းကျောင်းသို့ ယခု ၂၀၁၅ ခုနှစ် သင်တန်းကာလအတွက် လျှောက်ထားသူ ၁၈၀ ကျော်အနက် ၁၂၀ ခန့် ရွေးချယ်သွားမည်ဖြစ်ကြောင်း အဆိုပါ သင်တန်းကျောင်းမှ သိရသည်။

Pages