လူမှုရေးနယ်ပယ်မှ ထင်ရှားမှုအချို့

အိမ်အကူ မိန်းကလေးငယ် နှစ်ဦး နှိပ်စက် ညှဉ်းပန်းခံရမှုနှင့်အတူ ဟိုးလေးတကျော် ဖြစ်ခဲ့သည့် အင်းဝအပ်ချုပ်ဆိုင် အမှု

၂၀၁၆ ခုနှစ်အတွင်း လူအများ စိတ်ဝင်စားကြပြီး ဟိုးလေးတကျော် ဖြစ်ခဲ့သော ထင်ရှားသည့် သတင်းတစ်ပုဒ်မှာ အင်းဝ အပ်ချုပ်ဆိုင်တွင် နှိပ်စက် ညှဉ်းပန်းခံရသော အိမ်အကူ မိန်းကလေးငယ် နှစ်ဦး၏ သတင်းပင် ဖြစ်ပါသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုကို ရိုက်ခတ်သွားခဲ့သည့် ၂၀၁၆ ရေဘေး

၂၀၁၆ ခုနှစ် ဇူလိုင်လ တတိယပတ်မှစ၍ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခု၌ ရေကြီးရေလျှံမှုကြောင့် လူဦးရေသိန်းနှင့်ချီကာ ရေဘေးဒဏ်သင့်ခဲ့ရသည်။

နှစ်ပေါင်း ၄၀ ကျော်အကြာမှာ ပြန်လည် လှုပ်ခတ်ခဲ့သည့် ပုဂံငလျင်နှင့် ပျက်စီး ဆုံးရှုံးမှုများ

ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ရှားခဲ့ပြီး မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

အဆိုပါ ငလျင်သည် သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၄ မိနစ် ၅၅ စက္ကန့်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၂၃ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင် ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ် (ခ်ျ) တာစကေး (၆ ဒသမ ၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှ နယ်ခြားစောင့် ရဲစခန်းသုံးခု အကြမ်းဖက် တိုက်ခိုက်ခံရမှုများ

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်က အကြမ်းဖက်တိုက်ခိုက်သူ အင်အား ၄၀၀ ခန့်က ရခိုင်ပြည်နယ် မောင်တောနယ်စပ်ရှိ ကျီးကန်းပြင်ဌာနချုပ်၊ ငါးခူရနယ်ခြားစောင့် ရဲစခန်း၊ ကိုးတန်ကောက် နယ်ခြားစောင့်ရဲစခန်းကို ညအချိန် အလစ်အငိုက်ရယူ၍ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခဲ့မှုမှာ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဉ်များတွင် အပါအ၀င် ဖြစ်ပါသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှ တိုက်ပွဲများနှင့် အိမ်မပြန်နိုင်ကြသည့် စစ်ဘေးဒုက္ခသည်များ

အရပ်သားအစိုးရသစ် ပေါ်ထွန်းလာသော်လည်း ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဒေသအချို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက် တိုးလာနေဆဲဖြစ်သည်။ အရပ်သား အစိုးရသစ် အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံကို စတင်နိုင်ခဲ့သော်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ၊ နယ်မြေ မငြိမ်သက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိနေသည်။