၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံထားရသူ ၂၂၈ ဦးရှိကြောင်း AAPP အစီရင်ခံစာတွင်ဖော်ပြထား

၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံထားရသူ ၂၂၈ ဦးရှိကြောင်း AAPP အစီရင်ခံစာတွင်ဖော်ပြထား
Published 15 December 2017

၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်ထိ မြန်မာနိုင်ငံအတွင်း၌ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံထားရသူ ၂၂၈ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP ) က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည့်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

AAPP ၏ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွက် နိုင်ငံရေးအကျဉ်းသားပြ လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်း ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း၌ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၂၈ ဦးရှိပြီး ၎င်းတို့အထဲမှ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၄၆ ဦးအကျဉ်းကျခံနေရကြောင်း၊ တက်ကြွလှုပ်ရှားသူ ၄၉ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရကာ ၁၃၃ ဦးသည် ထောင်ပြင်ပမှနေ၍ တရားရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာလအတွင်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၉၄၊ ၂၇၉ (က)၊ ၄၂၇၊ ၄၄၇ တို့အပါအဝင် စွဲချက်ကိုးခုဖြင့် တရားစွဲဆိုခံထားရသော လယ်သမားအရေးလှုပ်ရှားသူတစ်ဦး၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အရပ်သား ရခိုင်တိုင်းရင်းသားတစ်ဦး အမှုဖွင့်ခံထားရပြီး အခြားအရပ်သား ရခိုင်တိုင်းရင်းသားတစ်ဦးမှာလည်း အကြောင်းပြချက်မရှိဘဲ စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း၊ နိုဝင်ဘာလတွင်းတွင် လေကြောင်းပျံသန်းမှုဆိုင်ရာ အက်ဥပဒေ၊ ပုဒ်မ ၁၀ ဖြင့် အမျိုးသားနှစ်ဦးနှင့် တနင်္သာရီဂျာနယ်တို့ တရားစွဲဆိုခြင်းခံခဲ့ကြရကြောင်း၊ လေကြောင်းပျံသန်းမှုဆိုင်ရာ အက်ဥပဒေ၊ ပုဒ်မ ၁၀ ဖြင့် အမျိုးသားနှစ်ဦး ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် အမျိုးသားတစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုဝင်ဘာလအတွင်းတွင် နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများအပေါ် ပို၍တင်းကျပ်သော ကန့်သတ်မှုများ ရှိလာသည်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP ) မှ လေ့လာတွေ့ရှိခဲ့ရကြောင်း၊  မြန်မာနိုင်ငံတွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ အရေးနှင့်ပတ်သက်၍လည်း တိုးတက်မှု တစ်စုံတစ်ရာမရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံသားများကို ၎င်းတို့၏ အခွင့်အရေးများအား ကျင့်သုံးခြင်းမှ ရပ်တန့်စေရန်အတွက် ဖိနှိပ်ထားသောဥပဒေများကို ဆက်လက်အသုံးပြုလျက်ရှိခြင်းသည် တရားဥပဒေစိုးမိုးရေးကို နှောင့်နှေးစေကြောင်း၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် လယ်ယာမြေအခွင့်အရေး လှုပ်ရှားသူများအတွက် ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုများ ပိုမိုများပြားလာခြင်းသည် ၎င်းတို့အား ဆက်လက်ကာကွယ်ပေးမှု မရှိခြင်းကြောင့် ဖြစ်ပြီး ပြည်သူများ၏ ကန့်ကွက်မှုများ ပိုမိုများပြားလာခြင်းသည်လည်း လယ်ယာမြေ အငြင်းပွားမှုများကို ဆက်လက်ဖြေရှင်း မပေးနိုင်ခြင်းတို့ကြောင့်ဖြစ်သည်ကို ညွှန်းဆိုပြသလျက်ရှိကြောင်း ထည့်သွင်းဖော်ပြထားသည်။

နိုင်ငံရေးလှုပ်ရှားမှုများအတွက် ဖမ်းဆီးခံရမှုနှင့် ပြစ်ဒဏ်ချမှတ်ခံရမှု အရေအတွက်သည် ယခုလတွင် လျော့နည်းလာသော်လည်း တရားရင်ဆိုင်ရမှုအရေအတွက်သည် ဆက်လက်၍ တိုးလာနေဆဲဖြစ်ကြောင်း၊ ဖိနှိပ်ထား သောဥပဒေများဖြင့် တရားရင်ဆိုင်နေရစဉ်တွင် များစွာသော နိုင်ငံသားများသည် အာမခံမရရှိဘဲ ဆက်လက်ထိန်းသိမ်းထားခြင်း ခံနေရလျက်ရှိကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

နိုဝင်ဘာလအစီရင်ခံစာတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ လယ်သမားများ၏ လယ်ယာမြေ အခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရခြင်းနှင့် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် နိုင်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးများကို ကန့်သတ်ထားမှုများ ဆက်လက်ရှိနေခြင်းတို့ကို ထည့်သွင်းဖော်ပြထားပြီး နိုင်ငံသားများ၏ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးရန်အတွက် ဖိနှိပ်ထားသောဥပဒေများကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ဖြည့်စွက်ခြင်းကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပါရန်  အစိုးရအား AAPP က တိုက်တွန်းထားသည်။

ယင်းကဲ့သို့ ပြင်ဆင်ဖြည့်စွက်ခြင်းအားဖြင့် အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိနိုင်မည်ဖြစ်ပြီး အစိုးရအား လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်လည်း တိုက်တွန်းတောင်းဆိုထားသည်။

AAPP အနေဖြင့် အကျဉ်းထောင် အတွင်းရှိသော နိုင်ငံရေးအကျဉ်းသားများနှင့် အမှုရင်ဆိုင်နေရသူများ စာရင်းကို ၂၀၁၄ ခုနှစ် သြဂုတ်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ်တွင် အခြေခံ၍ ပြုစုထားကြောင်း သိရသည်။

Most Recent