မည်သည့်စိန်ခေါ်မှုများရှိစေကာမူ သိမ်းဆည်းခံ လယ်ယာမြေပြဿနာများ အမြန်ဆုံးဖြေရှင်းပေးရန် လိုအပ်ပြီး ပထမအကြိမ်လွှတ်တော်၏ အစီရင်ခံစာပါ အချက်များကို ဦးစွာဖြေရှင်းပေးသင့်ကြောင်း NLD ဗဟိုစီးပွားရေးကော်မတီဝင် ဆွေးနွေး

မည်သည့်စိန်ခေါ်မှုများရှိစေကာမူ သိမ်းဆည်းခံ လယ်ယာမြေပြဿနာများ အမြန်ဆုံးဖြေရှင်းပေးရန် လိုအပ်ပြီး ပထမအကြိမ်လွှတ်တော်၏ အစီရင်ခံစာပါအချက်များကို ဦးစွာဖြေရှင်းပေးသင့်ကြောင်း NLD ဗဟိုစီးပွားရေးကော်မတီဝင် ဦးလေးညွန့်က ဆွေးနွေးပြောကြားသည်။

သြဂုတ် ၁၂ ရက်က နေပြည်တော် MICC-2 တွင်ပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ၏ စီးပွားရေးပြုပြင်ပြောင်းလဲရေးဖြစ်စဉ် ကဏ္ဍဆွေးနွေးရာတွင် ဦးလေးညွန့်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိနိုင်ငံတွင် လယ်ယာကဏ္ဍတွင် လုပ်သားများ၏ ကုန်ထုတ်စွမ်းအား၊ မြေအား၏ကုန်ထုတ်စွမ်းအားမှာ ဆက်တိုက်ကျဆင်းနေကာ မြေယာအရည်အသွေးမှာလည်း ကျဆင်းနေကြောင်း၊ ထို့ပြင်စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးခြင်း၊ စိုက်ပျိုးချိန်ပြင်ပတွင် အလုပ်လက်မဲ့ဖြစ်နေခြင်း၊ သီးနှံပေါ်ချိန်တွင် သီးနှံဈေးနှုန်း တွက်ခြေမကိုက်သည့် အခြေအနေဖြစ်ခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းနှင့် ဆည်မြောင်းတာတမံများတွင်လည်း ပြဿနာများရှိနေကြောင်း၊ အဆိုပါအချက်များသည် မြန်မာ့လူ့အဖွဲ့အစည်းကို ဆင်းရဲတွင်းသို့ တွန်းချလိုက်ခြင်းဖြစ်ကြောင်း ဦးလေးညွန့်က ပြောကြားသည်။

“အဲဒီလူတွေဟာ လယ်ယာမဲ့တွေ လယ်ယာလုပ်သားတွေ၊ အဲဒီသူတွေဟာ ပညာရေးလည်း ကောင်းကောင်းမသင်နိုင်ဘူး။ ပြည့်ပြည့်၀၀လည်း မစားနိုင်ဘူး။ နောက်ပိုင်းမှာ ဆင်းရဲတဲ့မျိုးဆက်ကနေ မျိုးဆက်တွေ ဖြစ်လာခဲ့ကြတယ်။ လယ်သိမ်းခံရတဲ့ မိသားစု။ သူတို့ရဲ့ စားဝတ်နေရေး ဘ၀ကြီးတစ်ခုလုံး ပျက်စီးသွားတာ။ သူတို့ဟာလည်း ခုနကလူတွေနဲ့မခြား ဆင်းရဲသွားကြတယ်။ နောက်တစ်ချက်ကတော့ ခုနကျွန်တော်ပြောတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ငါးဧကအောက် လယ်သမားဟာ ၇၅ ရာခိုင်နှုန်းဖြစ်နေပါပြီ။ ဒါကြောင့်မို့လို့ လယ်သမားအငယ်စားလေးတွေဟာလည်း ဘ၀ရပ်တည်ဖို့တောင်ခက်နေပါပြီ။ ခုနအချက်တွေဟာ သူတို့ကို တွန်းချနေတဲ့အချက်တွေပါ။ အဲဒီတော့ ဒီဒုက္ခ၊ ဒီအခက်အခဲတွေကို ခါးစည်းခံပြီးတော့ ကျွန်တော်တို့ စောင့်မျှော်နေကြပါတယ်။ ဘယ်တော့များ ပြင်ပေးမလဲ။ ကူးပြောင်းချိန်တန်ပြီလို့ ကျွန်တော်တို့တွေ ပြောခဲ့ကြတယ်။ အဲဒီအတိုင်းပဲ သူတို့ကလည်း သူတို့ဘ၀လေးတွေ ပြောင်းတော့မှာလားဆိုတဲ့ မျှော်လင့်ချက်တွေ ရှိကြပါတယ်။ ဒီနေ့အထိ ကျွန်တော်တို့ ထိရောက်တဲ့ပြောင်းလဲမှု မဖြစ်ခဲ့ပါဘူး။ ဒီနေ့ကျေးလက်မှာ အားလုံးထိတွေ့နေတဲ့သူတွေ အကုန်သိပါတယ်” ဟု ဦးလေးညွန့်က ပြောကြားသည်။

ထို့ပြင် မည်သည့်စိန်ခေါ်မှုများ၊ မည်သို့အဟန့်အတားများရှိစေကာမူ ရဲရဲဝံ့ဝံ့ပြောင်းလဲမှုများ လုပ်ဆောင်ရန်လိုအပ်ပြီဟု ယူဆကြောင်း၊ ပထမအကြိမ်လွှတ်တော် အစီရင်ခံစာတွင် ဖော်ပြထားသည့်အချက်များကို ဦးစွာဆောင်ရွက်သင့်ကြောင်း ဦးလေးညွန့်က ပြောကြားသည်။

“သိမ်းဆည်းခံထားရတဲ့မြေတွေကို အမြန်ဆုံးဖြေရှင်းပေးပါ။ ဒါလွှတ်တော်မှာလည်း ခဏခဏပြောပါတယ်။ ကျွန်တော်ကတော့ ပထမအကြိမ် ပြည်သူ့လွှတ်တော်က အစီရင်ခံစာမှာ ပြောထားတဲ့ ပြောပြချက်တွေက အတော်ဟာ ပြည့်စုံမှုရှိပါတယ်။ အစီရင်ခံစာငါးခုရှိပါတယ်။ အဲဒီမှာ ပြည့်ပြည့်စုံစုံတွေ ပြောထားပြီးပါပြီ။ အခုနောက်ထပ်လည်း စိစစ်မှုတွေရှိပါတယ်။ အဲဒီတုန်းကဟာတွေကိုပဲ အရင်ဆုံးဖြေရှင်းပေးပါ။ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေရော သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရော။ သိပ်အရေးကြီးပါတယ်။ အဲဒီတော့ ဘယ်လိုဖြေရှင်းပေးရမလဲ။ တပ်မတော်ကပဲသိမ်းသိမ်း နိုင်ငံတော်အစိုးရကပဲသိမ်းသိမ်း ဥပဒေမဲ့ဖြစ်တာကြောင့် လျော်ကြေးပေးရမယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေးကော်မတီဝင် ဦးလေးညွန့်က ပြောကြားသည်။

ထို့ကြောင့် စီးပွားရေးမရေမရာ မသေမချာဖြစ်နေသည့် လယ်ယာမြေကဏ္ဍတွင် အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက်သင့်ပြီဖြစ်ပြီး ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို အမြန်ဆုံးပြင်ဆင်ခြင်း၊ ချေးငွေပေါ်လစီပြင်ဆင်ခြင်းစသည်တို့ကို အမြန်ဆုံးပြုလုပ်ရန် လိုအပ်ပြီဖြစ်ကြောင်းနှင့် တိရစ္ဆာန်အစာစက်ရုံ ၂၆ ရုံရှိသည့်အနက် စက်ရုံ ၂၀ ရပ်နားထားသည်မှာလည်း တိုင်းပြည်အတွက် များစွာနစ်နာသည့်အတွက် ပြန်လည်စိစစ်၍ မည်သို့ဆက်လက်ဆောင်ရွက်မည်ကို စဉ်းစားဆောင်ရွက်သင့်ကြောင်းလည်း ဦးလေးညွန့်က ပြောကြားသည်။

Writer – ငြိမ်းဇော်လင်း