ခံယူချက် စိတ်ဓာတ်ပြောင်းလဲမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မည်ဖြစ်ကြောင်းနှင့် ခိုင်မာသည့် အနာဂတ်ပိုင်ဆိုင်မည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ပြောကြား

သြဂုတ် ၁၂ ရက်က နေပြည်တော် MICC- 2 တွင် ပြုလုပ်သည့် သုံးသပ်ဆွေးနွေးပွဲကို တွေ့ရစဉ်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရန်အတွက် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ခံယူချက်စိတ်ဓာတ်ပြောင်းလဲရန် လိုအပ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦးမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

သြဂုတ် ၁၂ ရက်က နေပြည်တော် MICC- 2 တွင် ပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ၏ Transition from war to peace ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ဒေါက်တာ ဆလိုင်းလျန်မှုန်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး ကိစ္စဆောင်ရွက်ရာတွင် နှစ်ပေါင်း ၇၀ နီးပါးကြာမြင့်ပြီဖြစ်သည့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပြည်ထောင်စုခိုင်မာ ရန်ထူထောင်ရေး ရည်ရွယ်၍ဆောင်ရွက်နေပြီး နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်နေချိန်တွင် ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

အဆိုပါ စိန်ခေါ်မှုတွင် တစ်ခုမှာ တိုင်းရင်းသားလူမျိုးဘက်မှလာသည့် စိန်ခေါ်မှုဖြစ်ကြောင်း၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးနိုင်သည့် ပြည်ထောင်စုထူထောင်နိုင်မည်ဆိုပါက တိုင်းရင်းသားများလို လားချက်ပန်းတိုင်ရောက်ပြီဟု ပြောလေ့ရှိသော်လည်း ထိုသို့ရရှိဖို့အတွက် တိုင်းရင်းသားခေါင်းဆောင်များ၊ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ အနေဖြင့် အဆိုပါအချက်များရရန်အတွက် နှစ်ပေါင်း ၇၀ ကြာပြီဖြစ်သည့် ပြည်တွင်းစစ်သမိုင်းအရ ဗမာလူမျိုးများကို ယုံကြည်၍မရကြောင်း၊ အစိုးရကိုယုံကြည်၍ မရကြောင်း၊ တပ်မတော်ကို ယုံကြည်၍မရကြောင်း၊ ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေးမရှိပါက မရနိုင်ဟု ယုံကြည်နေကြကြောင်း၊ ထိုသို့ဖြစ် ရခြင်းမှာ သံသယ၊ မယုံကြည်မှုနှင့် အကြောက်တရားတို့အပေါ် မူတည်၍ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

“အဲဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်ကနေ လက်နက်ကိုင်တော်လှန်ရေး မလိုလားဘဲနဲ့ ပြည်တွင်းစစ်ဆင်နွှဲခြင်းကို မလိုလားဘဲနဲ့ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေး၊ ကျွန်တော်တို့ လိုချင်တဲ့ ပြည်ထောင်စုစနစ်၊ ကျွန်တော်တို့လိုချင်တဲ့ အမျိုးသားတန်းတူရေး ကိုရရှိဖို့ နည်းလမ်းရှိပါတယ်။ အဲဒီနည်းလမ်းက နိုင်ငံရေးဆွေးနွေးပွဲ နည်းလမ်းဖြစ်တယ်ဆိုတာ ပြသနိုင်ဖို့ လိုပါတယ်။ အဲဒီလိုပြသဖို့ လိုအပ်သလို ဒီတိုင်းပြည်မှာ အများဆုံးဖြတ်တဲ့ ဗမာလူမျိုးတွေကလည်း ဒါကိုပြသပေးဖို့ လိုပါတယ်။ တိုင်းရင်းသားတွေကတော့ လက်နက်ကိုင်တော်လှန်ရေးမရှိဘူးဆိုရင် ယုံကြည်မှုမရှိဘူး။ လက်နက်ကိုင်အဖွဲ့ မရှိဘူးဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေ စီမရနိုင်ဘူးလို့ ထင်နေကြတယ်။ ဖက်ဒရယ်မရနိုင်ဘူးလို့ ထင်နေကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်မလဲ။ ဗမာလူမျိုးအများစုက ကိုယ့်ကိုယ်ကိုယ် မေးခွန်းမေးပြီးတော့ ကျွန်တော်တို့နဲ့အတူတကွ ဖြေပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု  ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။

ထို့အတူ ဒုတိယစိန်ခေါ်ချက်မှာ အစိုးရနှင့် တပ်မတော်ဘက်မှလာသည့် စိန်ခေါ်ချက်ဖြစ်ပြီး တို့တာဝန်အရေးသုံးပါးကို အစိုးရနှင့်တပ်မတော်ကသာ လုပ်ဆောင်နိုင်သည်ဟု ခံယူထားခြင်းဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦးမှ ဒုတိယဥက္ကဋ္ဌက ဆိုသည်။

“ကျွန်တော်တို့ အတွေ့အကြုံအရ ပြောမယ်ဆိုရင် ဒီတိုင်းပြည်မှာ ပြည်ထောင်စုမပြိုကွဲရေးကို ငါတို့သာလျှင်လုပ်နိုင်တယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ငါတို့သာလျှင် လုပ်နိုင်တယ်။ ငါတို့မရှိရင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှု မရှိနိုင်ဘူးဆိုတဲ့ ငါတို့ ငါတို့ငါတို့ဆိုတဲ့ အတွေးအခေါ်က လွှမ်းမိုးနေတယ်လို့ ကျွန်တော်တို့က ခံစားနေရပါတယ်။ ငါတို့ငါတို့ ငါတို့ ဆိုတာလည်းပဲ ကျွန်တော်တို့ လက်နက်ကိုင် တော်လှန်ရေးမရှိဘူးဆိုရင် မဖြစ်ဘူးဆိုတဲ့ အကြောက်တရားလို အတူတူပဲဖြစ်ပါတယ်။ စိုးရိမ်စိတ်ကြောင့် ပေါ်လာတာဖြစ်ပါတယ်။ သံသယစိတ်ကြောင့် ပေါ်လာတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒါကို၊ အစိုးရနဲ့ တပ်မတော်ကလည်းပဲ ကျွန်တော်တို့ဘက်က ကျော်လွှားဖို့ လိုသလို ဒီငါတို့ ငါတို့ငါတို့ဆိုတဲ့ဟာကို ကျော်လွှားပြီးတော့ ကျွန်တော်တို့ အတူတကွပူးပေါင်း ဆောင်ရွက်ကြရအောင်ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ဒီပြည်တွင်းစစ်ကို ချဉ်းကပ်ဖို့ လိုပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

ထိုသို့ ငါတို့ဆိုသည့် ခံယူချက်မှ ကျွန်တော်တို့အတူတကွဆိုသည့် ခံစားချက်မျိုးရှိပါက တိုင်းပြည်ရှိ နိုင်ငံသားအားလုံးကို မူလအခွင့်အရေးအားလုံး၊ ပြည်သူလူထုတစ်ရပ်လုံး ခံစားသင့်ခံစားထိုက်သည့် ဒီမိုကရေစီအခွင့်အရေးအားလုံး၊ တိုင်းရင်းသားလူမျိုးအားလုံး၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးအားလုံး မပေးရဲစရာ အကြောင်းမရှိကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။

“ကျွန်တော်တို့အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ပြီးတော့ အလုပ်လုပ်ရမယ်ဆိုတဲ့ ခံစားချက်သာရှိမယ်ဆိုရင် ပြည်ထောင်စုနဲ့ ပြည်နယ်ကြားမှာ အာဏာမခွဲဝေရဲ စရာအကြောင်း မရှိပါဘူး။ အာဏာ ခွဲဝေရဲရမယ်။ ထိုနည်းလည်းကောင်း ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အားလုံးကိုလည်း ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မပေးရဲ စရာမရှိပါဘူး။ ပြည်ထောင်စုအဖွဲ့ ၀င်ပြည်နယ်အားလုံးက မိမိတို့ပြည်နယ်ကံကြမ္မာကို ဖန်တီးနိုင်ဖို့အတွက်၊ စီမံခန့်ခွဲနိုင်ဖို့အတွက် သူတို့မှာလိုအပ်တဲ့ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ မပေးရဲစရာအကြောင်း မရှိပါဘူး။ အဲဒါကြောင့် ငါတို့ကနေ ကျွန်တော်တို့အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်ရမယ်ဆိုတဲ့ အပိုင်းကို ကျွန်တော်တို့အားလုံးက ချဉ်းကပ်ဖို့ လိုပါမယ်။ ဒီပြည်ထောင်စုကြီးဟာ ပင်လုံစာချုပ်အရ တိုင်းရင်းသားလူမျိုးပေါင်းစုံက ပူးပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ပြည်ထောင်စုပိုင်နက် နယ်နိမိတ်အားလုံး အချုပ်အခြာအာဏာ အားလုံးဟာ ကျွန်တော်တို့အားလုံး အတူတကွပိုင်ဆိုင်ထားတဲ့ ဘုံပိုင်ဆိုင်မှု ဖြစ်ပါတယ်။ ဒီဘုံပိုင်ဆိုင်မှုကို ကျွန်တော်တို့ အနေနဲ့အတူတကွ တာဝန်ယူ၊ တာဝန်ခံပြီး ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ၊ ပြည်ထောင်စုမပြိုကွဲရေးစသည့်စသည့် တာဝန်အားလုံးကို လက်တွဲပြီးတော့ တာဝန်ယူတာဝန်ခံကြတဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ကြတဲ့ စနစ်မျိုးကို ကျွန်တော်တို့ ထူထောင်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးကို ဖန်တီးနိုင်မယ်ဆိုရင် ကျွန်တော်တို့အားလုံးရဲ့ အနာဂတ်ဟာ အာမခံချက်ရှိတဲ့အနာဂတ် ဖြစ်မှာဖြစ်ပါတယ်” ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။