YBS ယာဉ်များပေါ်တွင် လက်ကိုင်ဖုန်းများ လိုက်လံခိုးယူသည့် တရားခံပြေး ခါးပိုက်နှိုက်အား ဖမ်းဆီးရမိ

YBS ယာဉ်များပေါ်တွင် လက်ကိုင်ဖုန်းများ လိုက်လံခိုးယူသည့် တရားခံပြေး ခါးပိုက်နှိုက်အား ဖမ်းဆီးရမိ
Published 17 August 2017

YBS ယာဉ်များပေါ်တွင် လက်ကိုင်ဖုန်းများ လိုက်လံခိုးယူနေသည့် တရားခံပြေးလည်းဖြစ်သူ ခါးပိုက်နှိုက်တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သြဂုတ် ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

သြဂုတ် ၉ ရက် ညနေ ၄ နာရီခန့်တွင် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့မရဲစခန်း (ပ)၁၀၃၅/  ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အမှုမှ တရားခံပြေးပြစ်သူ အောင်ငြိမ်းချမ်း (ခ)ငြိမ်းချမ်း (ခ) အောင်သူအား အင်းစိန်မြို့နယ် ကမ်းနားလမ်းတွင် ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတရားခံပြေးကို ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၇ ခုနှစ် မေလအတွင်းက YBS (၆) ယာဉ်လိုင်းပေါ်တွင် စီးနင်းလိုက်ပါလာသူ အမျိုးသားတစ်ဦးထံမှ  Cool- pad အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးအား လည်းကောင်း၊ YBS (၄၁) ယာဉ်လိုင်းပေါ်တွင် စီးနင်းလိုက်ပါလာသူ အမျိုးသားတစ်ဦးထံမှ Samsung အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးအားလည်းကောင်း၊ YBS (၆) ယာဉ်လိုင်းပေါ်တွင် စီးနင်းလိုက်ပါလာသူ အမျိုးသမီးတစ်ဦးထံမှ Huawei အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးအားလည်းကောင်း၊ YBS (၆၇) ယာဉ်လိုင်းပေါ်တွင် စီးနင်းလိုက်ပါလာသူ အမျိုးသမီးတစ်ဦးထံမှ Oppo အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးအားလည်းကောင်း၊ YBS (၆) ယာဉ်လိုင်းပေါ်တွင် စီးနင်းလိုက်ပါလာသူ အမျိုးသားတစ်ဦးထံမှ  Cool- pad အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးအားလည်းကောင်း အသီးသီးနှိုက်ယူကာ ရောင်းချထားသည်ဟု  ပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent