မန္တလေးမြို့တွင် တောင်းရမ်းသည့်ကလေး ၂၅ ဦးအား မိဘထံ ပြန်လည်အပ်နှံပြီး ၁၅ ဦးကို လူမှုဝန်ထမ်း ဦးစီးဌာနတွင် ထိန်းသိမ်းစောင့်ရှောက်

မန္တလေးမြို့တွင် တောင်းရမ်းသည့်ကလေး ၂၅ ဦးအား မိဘထံ ပြန်လည်အပ်နှံပြီး ၁၅ ဦးကို လူမှုဝန်ထမ်း ဦးစီးဌာနတွင် ထိန်းသိမ်းစောင့်ရှောက်
Published 17 August 2017

လူမှုဝန်ထမ်း ဦးစီးဌာနတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်

မန္တလေးမြို့တွင် တောင်းရမ်းသည့် ကလေး ၂၅ ဦးအား မိဘလက်သို့ ပြန်လည်အပ်နှံပြီး ၁၅ ဦးကို လူမှုဝန်ထမ်း ဦးစီးဌာနတွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သြဂုတ် ၁၆ ရက်က အဆိုပါဌာနတွင် ရှင်းလင်းပွဲပြုလုပ် ပြောကြားချက်အရ သိရသည်။

သြဂုတ် ၁၂ ရက်မှစ၍ မန္တလေးမြို့ရှိ အဓိက လမ်းမကြီးများနှင့် လူသွားလာမှု များပြားသော လမ်းများပေါ်တွင် ကလေးသူငယ်များကို တောင်းရမ်းခိုင်းသည့် နောက်ကွယ်မှ လူကြီးခြောက်ဦးနှင့် ကိုယ်တိုင်တောင်းရမ်းသူ နှစ်ဦး စုစုပေါင်း ရှစ်ဦးကို စည်ပင်သာယာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မြို့နယ်တရားရုံး အသီးသီးတွင် ကလေးသူငယ် ပုဒ်မ ၆၆ (ဂ) ဖြင့် တရားစွဲဆိုခဲ့ရာ အလုပ်နှင့် ထောင်ဒဏ်ခြောက်လ အသီးသီး ချမှတ်ခဲ့သည်။

ထိုသို့ နောက်ကွယ်မှ စေခိုင်းသူ လူကြီးများကို တရားစွဲဆို ထောင်ဒဏ်ချမှတ်ပြီးနောက် ထိန်းသိမ်းထားသည့် ကလေးသူငယ်များကို မိဘအုပ်ထိန်းသူများထံသို့ ခံဝန်လက်မှတ်ထိုး ပြန်လည်အပ်နှံမှုများ ပြုလုပ်ခဲ့ရာ ၂၅ ဦးကိုမူ အပ်နှံခဲ့ပြီးသော်လည်း ၁၅ ဦးမှာမူ လာရောက်ခေါ်ယူခြင်း မရှိသဖြင့် လူမှုဝန်ထမ်း ဦးစီးဌာနတွင် ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း သိရသည်။

“အခုလို တောင်းရမ်းစားသောက်တဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ သေချာအစီအစဉ် ဆွဲခဲ့တာပါ။ မိဘတွေကို ခံဝန်နဲ့ ပြန်အပ်ခဲ့ပေမယ့် နောက်တစ်ကြိမ် ခိုင်းစေနေတာကို ထပ်မံတွေ့ရှိခဲ့မယ်ရင်တော့ အမှုဖွင့် တရားစွဲဆိုရမှာပါ။ မိဘအုပ်ထိန်းသူ လာမခေါ်တဲ့ ကလေးတွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဆောင်ရွက်စီစဉ်ပေးရမှာပါ” ဟု လူမှုဝန်ထမ်း ဦးစီးဌာန တိုင်းညွှန်မှူး ဦးကျော်ဝင်းက ပြောကြားသည်။

မန္တလေးမြို့ရှိ အဓိက လမ်းမကြီးများဖြစ်သော ၂၆ ဘီလမ်း (ကျုံးတောင်ဘက်)၊ ၇၈ လမ်း x လမ်း ၃၀ ဘူတာကြီး အနီးတစ်ဝိုက်၊ ၈၂ လမ်း ဘုရားကြီး အရှေ့မုခ်အနီး စသည့်လမ်းဆုံး လမ်းခွများ၊ လူစည်ကားရာ နေရာများတွင် ကလေးသူငယ်များကို တောင်းရမ်းစေခိုင်းသည့် လူကြီးများ၊ ကိုယ်တိုင်တောင်းရမ်းသည့်သူ စုစုပေါင်း ၅၇ ဦးအား ဖမ်းဆီးကာ ရှစ်ဦးကို တရားစွဲဆို ထောင်ချခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent