မြဝတီမြို့ ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ကုသ နေသူများအနက် H1N1 သံသယရှိသူ သုံးဦး၏ နှာခေါင်းတို့ဖတ်များကို ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပေးပို့ထားကြောင်း သိရ

မြဝတီမြို့ ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ကုသ နေသူများအနက် H1N1 သံသယရှိသူ သုံးဦး၏ နှာခေါင်းတို့ဖတ်များကို ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပေးပို့ထားကြောင်း သိရ
Published 17 August 2017

မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးအား သြဂုတ် ၁၆ ရက်က တွေ့ရစဉ်

မြဝတီမြို့ ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ကုသ နေသူများအနက် H1N1 သံသယရှိသူ သုံးဦး၏ နှာခေါင်းတို့ဖတ်များကို ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန NHL သို့ ပေးပို့ထားကြောင်း သိရသည်။

သြဂုတ် ၁၄ ရက်တွင် အသက်ကိုးလအရွယ် ကလေးငယ်တစ်ဦး ပြင်ထန်အဆုတ်ရောင် ရောဂါကြောင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသ လာခဲ့ရာ မြဝတီပြည်သူ့ ဆေးရုံကြီးမှ RDT ကရိယာဖြင့် စစ်ဆေးချက်အရ တုတ်ကွေးဗိုင်းရပ် A အမျိုးအစား တွေ့ရှိသည့်အတွက် လတ်တလာ မြန်မာနိုင်ငံမှာ ဖြစ်နေသည့် H1N1 ဟုတ်မဟုတ် သိရှိနိုင်ရန် NHL ဆိုသည့် ရန်ကုန်အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ထားသည်ဟု ခရိုင်ဆေးရုံအုပ်ကြီးက ပြောကြားသည်။

“မြဝတီမြို့ အမှတ်(၄) ရပ်ကွက် ကျောက်လုံးကြီးဘက်က ကိုးလအရွယ် မကေသွယ်စိုးဆိုတဲ့ ကလေးမလေးတစ်ဦး အပြင်းအထန် အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံကို တက်ရောက် ကုသခဲ့တယ်။ ကျွန်မတို့ကလည်း H1N1 ရောဂါရှိ မရှိ RDT ကိရိယာနဲ့ စစ်ပါတယ်။ အဲဒီလိုစစ်တဲ့အခါမှာ တုပ်ကွေးဗိုင်းရပ်စ် A,B,C ဆိုပြီး သုံးမျိုးရှိတဲ့ထဲက A ဗိုင်းရပ်စ်ပိုး အမျိုးအစားရှိကြောင်း အဖြေထွက်ပါတယ်။ အဲဒီ A မှာကလည်း H1N1 ကော၊ H3N2 နဲ့ H2N2 လည်း ပါဝင်ကြပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာဖြစ်နေတဲ့ H1N1 ဟုတ် မဟုတ်ကိုတော့ ဒီမှာ RDT ကိရိယာနဲ့ စစ်လို့ အဖြေမထွက်ပါဘူး။ ဒီတော့ Positive ဆိုပေ မဲ့  RDT ဆိုတဲ့ ရန်ကုန်မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကို နှာခေါင်းတို့ဖတ်များ ပို့ပေးလိုက်ပါတယ်။ အဖြေကတော့ မရသေးပါဘူး။ ၃၊ ၄ ရက်လောက် စောင့်ရမှာ ဖြစ်ပါတယ်။ အဲဒီက တိကျတဲ့အဖြေ ရပြီဆိုရင် သတင်းထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်” ဟု မြဝတီခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက သြဂုတ် ၁၆ ရက်က ပြောကြားသည်။

ထို့ပြင်ကလေး၏ မိသားစုခြောက်ဦးကိုလည်း သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်သလို နေအိမ်ပတ်ဝန်းကျင်များကိုပါ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ကလးမိခင်နှင့် အစ်ကိုဖြစ်သူအား RDT ကရိယာဖြင့် စစ်ဆေးရာတွင် တုတ်ကွေးဗိုင်းရက်စ် A,B,C သုံးမျိုးထဲက A အမျိုးအစား Positive ဖြစ်သည့်အတွက် ၎င်းတို့နှစ်ဦး၏ နှာခေါင်းတို့ဖတ်များကို NHL သို့ ထပ်မံပေးပို့ထားကြောင်း ဆေးရုံအုပ်ကြီးက ပြောကြားသည်။

“ကလေးအမေနဲ့ သူ့အစ်ကို မိုးထက်အောင်မှာတော့ RDT ကိရိယာနဲ့စစ်ဆေးမှုကြောင့် A,B,C သုံးမျိုးထဲက A အမျိုးအစား တွေ့ရှိပြီး Positive ဖြစ်တဲ့အတွက် ကလေးအမေနဲ့ သူ့အစ်ကိုတို့ရဲ့ နှာခေါင်းတို့ဖတ်များကို NHL ကိုထပ်မံပေးပို့ ထားပါတယ်။ လောလောဆယ်တော့ သူတို့သားမိ သုံးယောက်ကို မြဝတီဆေးရုံကြီးမှာ သီးသန့်ခန်းနဲ့ထားပြီး ကုသပေးနေပါတယ်။ အခြေအနေလည်း ကောင်းကြပါတယ်။ ဆိုးဆိုးရွားရွားဖြစ်တာ မတွေ့ရပါဘူး။ အဓိက ပြောချင်တာကတော့ ပြည်သူတွေအားလုံးအနေနဲ့ မိမိတို့အိမ်မှာသော် လည်းကောင်း၊ အနီးပတ်ဝန်းကျင်မှာ သော်လည်းကောင်း ဖျားနာတာဖြစ်ပြီဆိုတာနဲ့ ဆေးရုံကိုချက်ချင်း လာရောက်ပြီး ကုသစေချင်ပါတယ်။ ချက်ချင်းလာလို့ကတော့ H1N1 ရောဂါဖြစ်နေပါစေ ကုသမဲ့ဆေးဝါးတွေ အစုံရှိတာကြောင့် ဘာမှစိုးရိမ်စရာ မရှိဘဲ ပျောက်ကင်းမှာ ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ အချိန်လွန်မှ ဆေးရုံရောက်လာရင်တော့ နောက်ကျသွားတာနဲ့အမျှ အသက်အန္တရာယ် စိုးရိမ်ရမှာ ဖြစ်ပါတယ်” ဟု မြဝတီခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက ဖြည့်စွက်ပြောကြားသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် သံသယ လူနာ ၁၁ ဦအား ယနေ့အထိ RDT Test ပြုလုပ်စစ်ဆေးခဲ့ရာတွင် ရာသီတုတ်ကွေး Positive ဖြစ်သူခြောက်ဦးရှိပြီး ၎င်းတို့အထဲ မှ မယွန်းပပလှိုင် အသက်လေးနှစ်သည် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန NHL သို့ ပေးပို့စစ်ဆေးရာ မယွန်းပပလှိုင်သည် သေဆုံးပြီးနောက် H1N1 Positive ဖြစ်ကြောင်း အတည်ပြုစာ ရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent