MCL ဘိလပ်မြေစက်ရုံ၌ တည်ဆောက်ထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှာ ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားသော ဓာတ်အားပေးစက်ရုံဖြစ်ဟုဆို

MCL ဘိလပ်မြေစက်ရုံ၌ တည်ဆောက်ထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှာ ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားသော ဓာတ်အားပေးစက်ရုံဖြစ်ဟုဆို
Published 17 August 2017

MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေး သုံးစွဲမှုအတွက် ဇူလိုင် ၂၁ ရက်က မော်လမြိုင်မြို့ပေါ်၌ ဆန္ဒထုတ်ဖော်နေစဉ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသအတွင်း တည်ဆောက်ထားသည့် MCL ဘိလပ်မြေစက်ရုံ၌ တည်ဆောက်ထားသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားသော ဓာတ်အားပေးစက်ရုံ ဖြစ်ကြောင်း၊ မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူ၏ ပြောကြားချက်အရ သိရသည်။

“MCL ဘိလပ်မြေစက်ရုံမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂၀ မဂ္ဂါဝပ် နှစ်လုံးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီကနေ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်မှာ ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို အချက်အလက်တွေ မေးမြန်းခဲ့ပါတယ်။ သြဂုတ် ၁၅ ရက်မှာ မွန်ပြည်နယ် လွှတ်တော်ကို ပြန်စာ ပြန်ဝင်လာပါတယ်။ ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြန်စာမှာ ဒီလျှပ်စစ်ဓာတ်အား စက်ရုံ ၂၀ မဂ္ဂါဝပ် နှစ်ရုံက တည်ဆောက်ထားခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ညှိနှိုင်းမှုတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ပြည်ထောင်စုအဆင့်ကနေ ဒီလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခွင့် ရယူခဲ့ပြီး တည်ဆောက်ခဲ့ခြင်း မဟုတ်ကြောင်းကို ပြန်ပို့လာပါတယ်။ တစ်နည်းအားဖြင့် MCL ဘိလပ်မြေစက်ရုံမှာ တည်ဆောက်ထားတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံက ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်” ဟု ဦးအောင်ကျော်သူက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဒီကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံက ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြန်ကြားစာအရတော့ တရားမဝင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စက်ရုံတည်ဆောက်တဲ့ ကာလနဲ့ စမ်းသပ်လည်ပတ်တဲ့ ကာလက ကျော်လွန်သွားပြီ။ အခုအချိန်မှာက တရားဝင် ဈေးကွက်ထဲကို ဖြန့်ဖြူးနေတဲ့အချိန် ရောက်နေပြီ။ လက်ရှိမှာ မြန်မာပြည်အနှံ့မှာ MCL ကနေ သူ့ရဲ့ကုန်ပစ္စည်းကို Promotion တွေ လုပ်နေတာတွေ တွေ့ရတယ်။ ကြော်ငြာတွေလည်း တွေ့ရတယ်။ ဈေးကွက်ထဲမှာလည်း ကုန်ပစ္စည်းတွေ တွေ့နေရပါတယ်။ ဒါပေမဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနဲ့ပတ်သက်ပြီး တရားဝင်ခွင့်ပြုမိန့် တစ်စုံတစ်ရာ ရယူထားခြင်း မရှိဘူးဆိုတာ ပြည်ထောင်စု ဝန်ကြီးဌာနက ပြန်ကြားစာမှာ ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်” ဟု ပြောကြားသည်။

“ကျွန်တော်တို့ကော်မတီအနေနဲ့ကတော့ ဒီ MCLဘိလပ်မြေစက်ရုံမှာ ဥပဒေနဲ့အညီ ဆောင်ရွက်ထားခြင်းမရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနဲ့ ပတ်သက်ရင်တော့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေရဲ့ စီမံခန့်ခွဲမှု ဖြစ်နေပါတယ်။ အခုလို ဥပဒေနဲ့ အညီဆောင်ရွက်ထားခြင်း မရှိတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရကိုရော၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ကိုပါ တိုက်တွန်းစာတွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် အကောင်အထည်ဖော်တဲ့ စီမံကိန်း အားလုံးနီးပါးမှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားမှတ်ချက်တွေ ပေးရတာ ဖြစ်ပါတယ်။ ဒီကို ကိစ္စမျိုးတွေ ပြည်နယ်အစိုးရအနေနဲ့ သိရှိမှသာ နောင်ဖြစ်လာမယ့် ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းလို့ရမှာ ဖြစ်ပါတယ်” ဟု ဦးအောင်ကျော်သူက ပြောကြားသည်။

“လက်ရှိ ကုမ္ပဏီဘက်က ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ ဥပဒေနဲ့အညီ လုပ်ဖို့ရယ်၊ အဓိက, ကတော့ ဒေသခံတွေအတွက် ဘယ်လောက်အကျိုးရှိမလဲ။ ဒေသမှာ ဘယ်လောက်ဖွံ့ဖြိုးမှု ဖြစ်သွားလဲပေါ့။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ရင် ဒေသ ရဲ့ဖွံ့ဖြိုးမှု၊ လူနေမှု အဆင့်အတန်းတွေမြင့်အောင် ဘယ်လိုလုပ်ဆောင်ပေးမယ်လို့ပြောကြပေမယ့် အမှန်တကယ် စီမံကိန်းတွေ အကောင်အထည် ဖော်ပြီးလို့ရှိရင် ဒေသခံတွေရဲ့ လူနေမှုဘဝတွေက သိသာထင်ရှားစွာ မြင့်လာတယ်ဆိုတာ မတွေ့ရပါဘူး။ နောက်ပြီး ကျွန်တော်တို့ပြည်နယ်အတွက် ရသင့်ရထိုက်တဲ့ အကျိုးအမြတ်တွေလည်း သူတို့ပြောသလောက် မရခဲ့ဘူး။ ဒါတွေက လက်တွေ့ဖြစ်နေတာတွေပါ။ အဲဒီအတွက်ကြောင့် ဒါတွေအားလုံးကို ပြန်လည်သုံးသပ်ပြီးတော့မှ ပြည်ထောင်စုအဆင့်က ဆောင်ရွက်ရမယ့် ကိစ္စတွေကို ပြည်ထောင်စုအဆင့်ကို အသိပေး အကြောင်းကြားတာမျိုး၊ ပြည်နယ်အဆင့်က ဆောင်ရွက်ရမယ့် ကိစ္စတွေကို ပြည်နယ်အစိုးရအဖွဲ့ကို အကြောင်းကြားတာမျိုးတွေ ကျွန်တော်တို့ တောက်လျှောက် လုပ်နေရမှာပါ။ လာမယ့်လွှတ်တော် အစည်းအဝေးမှာလည်း MCL ဘိလပ်မြေစက်ရုံမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ထားမှုနဲ့ပတ်သက်ပြီး လိုအပ်သလို မေးခွန်းတွေ၊ အဆိုတွေ တင်သွင်းသွားဖို့ ရှိပါတယ်” ဟု ဦးအောင်ကျော်သူက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကလည်း “ပြည်နယ်ကိုလာပြီး ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ဝင်လာတာကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ ကြိုဆိုဖို့လည်း လိုပါတယ်။ သို့သော် အဲဒီရင်းနှီးမြှုပ်နှံမှုတွေက တကယ်ပဲ ဥပဒေကြောင်းအရ အလုပ်လုပ်သလား။ တကယ့်ရည်ရွယ်ချက်အတိုင်း အလုပ်လုပ်ခဲ့သလားဆိုတာ ကျွန်တော်တို့ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။ MCL ကို ကြည့်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု အပိုင်းဆိုင်ရာက OK တယ်။ ဒါပေမဲ့ အလုပ်လုပ်ပုံ အဆင့်ဆင့်က တော်တော်လေးကို ပွင့်လင်းမြင်သာမှု အားနည်းခဲ့ပါတယ်။ မနှစ်ကတည်းက MCL ကိစ္စကို လွှတ်တော်မှာ အစီရင်ခံတာ တင်ကတည်းက အဲဒီအချိန်က လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လွှတ်တော်မှာ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌအဖြစ် အစီရင်ခံစာ တင်တဲ့အခါမှာ ကျွန်တော် ထောက်ပြခဲ့တာ ရှိပါတယ်။ အခုအချိန်အထိကို MCL အနေနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့ လျှပ်စစ်ဥပဒေအတိုင်း ခွင့်ပြုချက်ရယူခဲ့ခြင်း မရှိဘူး။ ခွင့်ပြုချက်ရယူခဲ့ခြင်း မရှိဘဲနဲ့ စက်ရုံကဘာဖြစ်လို့ လည်ပတ်နေတာလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

၎င်းကဆက်လက်ပြီး “တစ်ခုတော့ရှိတယ်။ စမ်းသပ်လည်ပတ်တာတို့ ဘာတို့ဆိုရင်တော့ တစ်မျိုးပေါ့။ အခုအချိန်က စမ်းသပ်လည်ပတ်ချိန် လွန်ပြီးတော့ စီးပွားဖြစ် ကုန်ထုတ်လုပ်ငန်းအဖြစ် လုပ်ကိုင်နေပြီး ဖြစ်တဲ့အချိန် ဖြစ်နေပြီ။ တစ်ဖက်မှာလည်း လူထုက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနဲ့ပတ်သက်ပြီး ကန့်ကွက်မှုတွေ ရှိနေတယ်။ ဒီ ဘိလပ်မြေထုတ်လုပ်တဲ့ စက်ရုံတစ်ခုလုံးကို ကန့်ကွက်တာ မဟုတ်ဘူး။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို လက်မခံတာ ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ မွန်ပြည်နယ် လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီကနေ ဒီစက်ရုံနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ဂဃနဏ သိဖို့အတွက်ကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနကို မေးမြန်းသင့်တယ်ဆိုပြီး စာပေးပို့ခဲ့တယ်။ ပြည်ထောင်စုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကနေ ပြီးတော့လည်း ဒီလျှပ်စစ်ဓာတ်အားပေး စက်ရုံနဲ့ ပတ်သက်ပြီး သူတို့ထံကို MCL က လာရောက် ညှိနှိုင်းခဲ့တယ်။ သို့သော် ဥပဒေကြောင်းအရ တရားဝင် ခွင့်ပြုချက်ရယူခဲ့ခြင်းမျိုး မရှိခဲ့ဘူးဆိုတာ အကြောင်းပြန်ကြားစာထဲမှာ တွေ့ရပါတယ်” ဟု ပြောကြားသည်။

မော်လမြိုင် ဘိလပ်မြေစက်ရုံ (MCL – Mawlamyine Cement Limited) သည် MCL ၏ ခွင့်ပြုချက် (၅၇၄/၂၀၁၃) အရ၊ Pacific Link Cement Industries Ltd နှင့် Saim Cement Group (SCG) တို့က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ ၂၀၁၄ ခုနှစ်တွင် ကျိုက်မရောမြို့နယ်၌  စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီမှ စတင်၍ စီးပွားဖြစ် တစ်နေ့တန်ငါးထောင် ထုတ်လုပ်ခဲ့ကြောင်း၊ စက်ရုံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ကျောက်မီးသွေးမှ ထုတ်ယူသုံးစွဲနေမှုအား ဒေသခံရွာသားများ သိရှိရသည့် အချိန်မှစ၍ လက်မှတ်ရေးထိုး ကန့်ကွက်ခြင်း၊ NO COAL စတစ်ကာကမ်ပိန်းလုပ်ခြင်း၊ ဆိုင်းဘုတ်ထောင်ခြင်း၊ ကျိုက်မရော ဘုရားကြီးတွင် ဆုတောင်းခြင်း၊ ကျိုက်မရောရှိ ဘိလပ်မြေစက်ရုံအနီး ကျေးရွာလူထု ၂၀၀၀ ခန့်ဖြင့် ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခြင်းကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်ခဲ့သော်လည်း အစိုးရအဖွဲ့၏ လျစ်လျူရှုမှုကို ခံရသည်ဆိုကာ ငါးလခန့်အကြာတွင် ဇူလိုင် ၂၁ ရက်က မော်လမြိုင်မြို့ ပေါ်တွင် အင်အား ၁၀၀၀ ကျော်ဖြင့် ဒုတိယအကြိမ် ဆက်လက် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent