ပျောက်ဆုံးနေသော ၁၃ နှစ်အရွယ်မိန်းကလေးကို ရှာဖွေပေးမည်ဟုဆိုကာ ခိုးယူပေါင်းသင်းသည့်အမျိုးသားအား ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

ပျောက်ဆုံးနေသော ၁၃ နှစ်အရွယ်မိန်းကလေးကို ရှာဖွေပေးမည်ဟုဆိုကာ ခိုးယူပေါင်းသင်းသည့်အမျိုးသားအား ထောင်ဒဏ် အနှစ် ၂၀ ချမှတ်
Published 18 August 2017

ပျောက်ဆုံးနေသည့် ၁၃ နှစ်အရွယ် မိန်းကလေးကို ရှာဖွေပေးမည်ဟုဆိုကာ ခိုးယူပေါင်းသင်းသည့် အမျိုးသားအား အရှေ့ပိုင်း ခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ကျခံ စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသို့အမိန့်ချမှတ်ရာတွင် ကျူးလွန်သူ ဝင်းထွဋ် (၃၁ နှစ်) အား ရာဇသက်ကြီးဥပဒေ ပုဒ်မ ၃၆၃ အရ ထောင်ဒဏ်ခုနစ်နှစ်၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်နှစ်ရပ်လုံးကို တပေါင်းတည်းကျခံရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် မတ် ၉ ရက် ည ၆ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက်နေ အမှုမှ တရားလို၏ သမီး မ.....(၁၃ နှစ် ၁၀ လ) သည် နေအိမ်မှ ပျောက်ဆုံးသွားသဖြင့် တရားလိုက လိုက်လံရှာဖွေခဲ့ကြောင်း၊ လမ်းတွင် ဝင်းထွဋ် (၃၁ နှစ်) နှင့်တွေ့ဆုံသဖြင့်ပြောပြခဲ့ရာ ဝင်းထွဋ်က လိုက်ရှာဖွေပေးမည်ဟုပြောခဲ့ပြီး ည ၁၀ နာရီခန့်တွင် ဝင်းထွဋ်က မ.....(၁၃ နှစ်) အား တွေ့ရှိကြောင်း ဖုန်းဆက်ပြောသဖြင့် လိုက်သွားခဲ့ရာ မ....နှင့် ဝင်းထွဋ်တို့အား မတွေ့ခဲ့ရကြောင်း သိရသည်။

ထို့နောက် မတ် ၁၀ ရက်တွင် မ.....က မန္တလေးမြို့တွင် ရောက်ရှိနေသည်ဟု မိခင်ထံ ဖုန်းဆက်ပြောကြားခဲ့ကြောင်း၊ မတ် ၁၃ ရက်တွင် မ.....မှာ နေအိမ်သို့ ပြန်ရောက်လာသဖြင့် မေးမြန်းရာ မတ် ၉ ရက် ညနေတွင် သူငယ်ချင်းနေအိမ်သို့သွားရန် အိမ်မှထွက်ခဲ့စဉ် ကျန်းမာရေးမှတ်တိုင်၌ ဝင်းထွဋ်နှင့် တွေ့ဆုံခဲ့ကြောင်း၊ ထို့နောက် ဝင်းထွဋ်သည် ၎င်းအား ဆိုင်ကယ်ဖြင့်ခေါ်ဆောင်ပြီး မြောက်ဒဂုံမြို့နယ်ရှိ တည်းခိုခန်း၌ သားမယားပြုကျင့်ခဲ့ကြောင်း၊ ည ၁၁ နာရီခန့်တွင် ပြန်ရောက်လာပြီး တောင်ငူမြို့နှင့် စစ်ကိုင်းမြို့သို့ခေါ်ဆောင်ကာ တည်းခိုခန်း၌ ညအိပ်တည်းခိုပြီး သားမယားအဖြစ် ဆက်ဆံနေထိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဝင်းထွဋ်က အမရပူရမြို့ရှိ ၎င်း၏ မိဘများနေအိမ်သို့ခေါ်ဆောင်သွားကြောင်း၊ အဆိုပါနေအိမ်၌ မ.....က အိမ်ပြန်ပို့ပေးရန် ငိုယိုတောင်းပန်ခဲ့သဖြင့် အိမ်သို့လိုက်ပို့ပေးကြောင်း မ.....၏ပြောပြချက်အရ သိရသဖြင့် ရဲစခန်းတွင် တိုင်တန်းခဲ့သောအမှု ဖြစ်သည်။

Most Read

Most Recent