ဥရုမြစ်ရေ တက်မှုကြောင့် ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တော ကားလမ်း ရေကျော်သဖြင့် ယာဉ်လိုင်းများ ယာယီရပ်နား

ဥရုမြစ်ရေ တက်မှုကြောင့် ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တော ကားလမ်း ရေကျော်သဖြင့် ယာဉ်လိုင်းများ ယာယီရပ်နား
Published 18 August 2017

နမ့်တောကျေးရွာအနီးရှိ အောက်တောင်ပေါ်တံတား ရေနစ်မြုပ်နေစဉ်

ဥရုမြစ်ရေ မြင့်တက်မှုကြောင့် ဟုမ္မလင်းမြို့နယ်ရှိ ဟုမ္မလင်း- နောင်ပိုအောင်- နမ့်တောကားလမ်း ရေကျော်ပြီး ကားလိုင်းများ ယာယီရပ်နားထားရကြောင်း သိရသည်။

ဥရုမြစ်ရေသည် ဟုမ္မလင်းမြို့နယ်တွင် သြဂုတ် ၁၄ ရက်မှ စ၍ မြင့်တက်ခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ဟုမ္မလင်း- နောင်ပိုအောင်- နမ့်တောကားလမ်းကိုပါ ရေလွှမ်းမိုးခဲ့သဖြင့် ကားများပြေးဆွဲခြင်း ယာယီ ရပ်နားခဲ့ရပြီး လတ်တလောတွင် လူများ၊ ဆိုင်ကယ်များဖြင့်ပါ ဖြတ်ကူးသွားလာ၍ မရကြောင်း သိရသည်။

“မနေ့ကနေ့လယ် နောက်ပိုင်းကစပြီး ကူးလို့ မရတော့ဘူး။ ဟုမ္မလင်းနဲ့ နောင်ပိုအောင်ကြားမှာ ရေကျော်တဲ့နေရာ ရှိပေမယ့် နောင်ပိုအောင်အထိတော့ သွားလို့ရသေးတယ်။ နောင်ပိုအောင် ဟိုဘက် နမ့်တောအထိကြတော့ သွားလို့မရတော့ဘူး။ နောင်ပိုအောင် အလွန် နောင်ပိုအောင်နဲ့ နန်စကားကြားမှာ တစ်နေရာ၊ နန်စကားနဲ့ နောင်တောကြားမှာ တစ်နေရာနဲ့ ခေါင့်ငိုးနဲ့ နောင်ခမ်းကြားမှာ တစ်နေရာ သုံးနေရာ ရှိတယ်။ ရေက ခါးလယ်လောက်ကို ကျော်နေတာ။ ကားနဲ့ ဖြတ်လို့ မရတော့ဘူး။ လူရော ဆိုင်ကယ်ပါ သွားလို့ မရတော့ဘူး။ အရင်နှစ်ကလည်း ရေကျော်ပေမယ့် အခုလောက် မများဘူး။ ဒီနှစ်ကျတော့ ဥရုရေရော မြစ်ရေပါ ဆုံသွားတော့ ရေက ဆက်သလို ဖြစ်သွားတာ”ဟု ဟုမ္မလင်း- နောင်ပိုအောင် နမ့်တောကားဂိတ်မှ ဂိတ်မှူး ဦးအောင်မှတ်က ပြောကြားသည်။

လတ်တလောတွင် ဟုမ္မလင်း- နောင်ပိုအောင်- နမ့်တောကားလမ်း ရေကျော်နေပြီး ဟုမ္မလင်းမှ နမ့်တောသို့ ကား၊ ဆိုင်ကယ်များဖြင့် သွားလာ၍ မရသော်လည်း ဥရုမြစ်အတွင်း ရေကြောင်းဖြင့် သွားလာခွင့်ကိုမူ ခွင့်ပြုထားကြောင်း သိရသည်။

“ဟုမ္မလင်း- နမ့်တော စက်လှေလိုင်းတွေ မပိတ်ထားပါဘူး။ ချင်းတွင်းတစ်ကြောကို ပိတ်ထားပေမယ့် ဥရုတစ်လျှောက်ကိုတော့ သွားခွင့်ပြုထားပါတယ်။ လိုင်းတိုလေးတွေပါ ပိတ်လိုက်ရင် ဒီအနီးအနားက ရွာငယ်လေး တွေ အကုန်လုံး သွားလာရခက်ကုန်မှာ ဖြစ်လို့ပါ” ဟု ဟုမ္မလင်းမြို့နယ် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲကြီးကြပ်ရေးကော်မတီရုံးက ပြောကြားသည်။

 

Most Read

Most Recent