ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၄ ဦးအား မြဝတီမြို့သို့ ပြန်လည်ပို့ဆောင်

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၁၄ ဦးအား မြဝတီမြို့သို့ ပြန်လည်ပို့ဆောင်
Published 19 August 2017

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ လူသားလုံခြုံရေးဌာနမှ ဂေဟာများတွင် စောင့်ရှောက်ထားသည့် မြန်မာနိုင်ငံသား ၁၄ ဦးအား ထိုင်းတာဝန်ရှိသူများက သြဂုတ် ၁၈ ရက် နံနက်က မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တာဝန်ရှိသူများက လွှဲပြောင်းပေးသည့် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦးကို မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ဓိဋ္ဌာန်အောင်ဘုရား အနီးရှိ ယာယီစောင့်ရှောက်ရေးဂေဟာ၌ မြဝတီခရိုင် တာဝန်ရှိသူများက လက်ခံခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား ၁၄ ဦးအား မြဝတီ၊ ခရိုင်၊ မြို့နယ်မှ အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ မြို့နယ်ဦးစီးဌာန၊ အလုပ်သမားဦးစီး အရာရှိတို့က လက်ခံခဲ့သည်။

ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသားများမှာ ချင်းပြည်နယ် ပလက်ဝနှင့် မင်းတပ်မှ ၁၁ ဦး၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ နှစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှ တစ်ဦး စုစုပေါင်း ၁၄ ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က လာရောက်ကြိုဆိုကာ မွန်ပြည်နယ် မော်လမြိုင်မြို့ လူငယ်စောင့်ရှောက်ရေး သင်တန်းကျောင်းသို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိသည်။

“မော်လမြိုင်မြို့သို့ ခေါ်ဆောင်သွားပြီး လူငယ်သင်တန်းကျောင်းမှာ ယာယီစောင့်ရှောက်ထားမှာ ဖြစ်ပါတယ်။ ပြီးတော့ မော်လမြိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုနဲ့ တာဝန်ရှိသူတွေက လိုအပ်တဲ့စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ပြီးတော့ မှတ်ပုံတင်မရှိသူတွေကို လိုအပ်တဲ့ကူညီမှုတွေ ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် လူမှုဝန်ထမ်းရုံးများရဲ့ ဦးဆောင်မှုနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ NGO၊ INGO များရဲ့ ပူးပေါင်းမှုနဲ့ မိဘရပ်ထံကို ပြန်လည် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။

ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးပြီး လုပ်ခလစာ နည်းပါးခြင်းတို့ကြောင့် ထိုင်းနိုင်ငံသို့ အထောက်အထားဖြင့်သွားသူများရှိပြီး အထောက်အထားမဲ့ သွားရောက်သူများမှာလည်း လူကုန်ကူးခံရသူများ မကြာခဏရှိကြောင်း သိရသည်။

Most Read

Most Recent