တရားမဝင် တင်သွင်းသော အလှကုန်များတွင် တားမြစ်ဓာတုပစ္စည်းများကို တစ်မျိုးချင်းသာမက နှစ်မျိုးရော အသုံးပြုကြောင်း စစ်ဆေးတွေ့ရှိ၍ တင်သွင်းရောင်းချခွင့်တားမြစ်

တရားမဝင် တင်သွင်းသော အလှကုန်များတွင် တားမြစ်ဓာတုပစ္စည်းများကို တစ်မျိုးချင်းသာမက နှစ်မျိုးရော အသုံးပြုကြောင်း စစ်ဆေးတွေ့ရှိ၍ တင်သွင်းရောင်းချခွင့်တားမြစ်
Published 19 August 2017

တားမြစ်ဓာတုပစ္စည်းများ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် အလှကုန်ပစ္စည်းများအား တွေ့ရစဉ်

အိမ်နီးချင်းနိုင်ငံအချို့က တရားမဝင် တင်သွင်းသော အလှကုန်ပစ္စည်းများတွင် တားမြစ်ဓာတုပစ္စည်းများကို တစ်မျိုးချင်း သာမက နှစ်မျိုးရော အသုံးပြုကြောင်း စစ်ဆေး တွေ့ရှိသဖြင့် တင်သွင်းဖြန့်ဖြူးရောင်းချ ခွင့်တားမြစ်ထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

တားမြစ်ဓာတုပစ္စည်း တစ်မျိုးထက်ပို အသုံးပြုခဲ့သော အလှကုန်ပစ္စည်းများမှာ ထိုင်းဘာသာဖြင့် ဖော်ပြထားသည့် Dr.YANHEE Cosmetic Set တွင် တားမြစ်ဓာတုပစ္စည်း Mercury (+), Hydroquinone များ အသုံးပြုထားကြောင်းနှင့် တရုတ်ဘာသာဖြင့် ဖော်ပြထားသည့် QIANLI Acarus Removed & Spots Removing Cream တွင် တားမြစ်ဓာတုပစ္စည်း Mercury (+), Metronidazole (+) များ အသုံးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ပြင် တရုတ်ဘာသာဖြင့် ဖော်ပြထားသော JIAOU 12 Day's Whitening Despeckle Treatment (Day Cream+ Night Cream)၊ Zenith Ventures Sdn. Bhd. Malaysia ထုတ် Itemulawak Day & Night Cream (Beauty Whitening Cream)၊ ထိုင်းဘာသာဖြင့် ဖော်ပြထားသော MEYYONG Seaweed Extra Whitening & Face Lift၊ Guangzhou Qianya Cosmetics Co.Ltd. China ထုတ် ANGKOR Cucumber Nano Whitening and Anti Wrinkle Package (Day Cream+ Night Cream) များတွင် တားမြစ်ဓာတုပစ္စည်း Mercury (+) များ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် သုံးစွဲရန်မသင့်ကြောင်း အသိပေးထားသည်။

အဆိပ်သင့်ဓာတုပစ္စည်း Mercury (+) ပြဒါးသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူကွက်အနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူး ရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကား ဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အလှကုန်ပစ္စည်း မှတ်တမ်းတင် လက်မှတ်ပေါင်း ၇၀၀၀ ကျော် ထုတ်ပေးထားပြီး ယခုနှစ် ပထမသုံးလအတွင်း မှတ်ပုံတင်လက်မှတ်ပေါင်း ၄၈၆ ခု ထပ်မံထုတ်ပေးထားကြောင်းနှင့် အလှကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်း၍ဖြစ်စေ၊ ပြည်တွင်းထုတ် အလှကုန်ပစ္စည်းများအား ကိုယ်စားလှယ်ယူ၍ဖြစ်စေ မိမိဖြန့်ချိမည့် အလှကုန်ပစ္စည်းများအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင် လက်မှတ်လျှောက်ထားရန် လိုအပ်ကြောင်း ဆေးပစ္စည်း/ အလှကုန်ဌာနခွဲမှ သိရသည်။

Most Read

Most Recent