ရန်ကုန်တိုင်းဒေသကြီးတွင် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်သူ ၃၃၅ ဦးရှိပြီး H1N1 ပိုးတွေ့လူနာ ၈၂ ဦးနှင့် သေဆုံးသူ ခုနစ်ဦးရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်သူ ၃၃၅ ဦးရှိပြီး H1N1 ပိုးတွေ့လူနာ ၈၂ ဦးနှင့် သေဆုံးသူ ခုနစ်ဦးရှိ
Published 20 August 2017

 

H1N1 ရောဂါ ကာကွယ်သည့်အနေဖြင့် နှာခေါင်းစည်းတပ်၍ သွားလာနေကြသူများအား ရန်ကုန်မြို့လယ်တွင် တွေ့ရစဉ်

သြဂုတ် ၁၈ ရက်အထိ ရရှိသည့်အချက်အလက်အရ ရန်ကုန်တိုင်းဒေသကြီးတွင် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်သူ ၃၃၅ ဦးရှိပြီး ယင်းတို့အနက် H1N1 ပိုးတွေ့ ဓာတ်ခွဲအတည်ပြုလူနာ ၈၂ ဦးနှင့် သေဆုံးသူခုနစ်ဦးရှိကြောင်း တရားဝင်ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

သြဂုတ် ၁၈ ရက်အထိ အထူးကုဆေးရုံ (ဝေဘာဂီ) တွင် ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာဦးရေလေးဦးရှိပြီး သြဂုတ် ၁၇ ရက်တွင် ဆေးရုံဆင်းလူနာမရှိကြောင်းနှင့် ရောဂါဖြစ်ပွားမှုနှုန်းအများဆုံး တိုင်းဒေသကြီး/ ပြည်နယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရောဂါကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အထူးဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

သြဂုတ် ၁၇ ရက်မှ သြဂုတ် ၁၈ ရက်အထိ သံသယလူနာ ၂၂ ဦးအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ H1N1 ပိုးတွေ့လူနာငါးဦး တွေ့ရှိခဲ့ကြောင်း၊ ဇူလိုင်၂၁ ရက်မှ သြဂုတ် ၁၈ ရက်အထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်း ၇၄၇ ဦးအနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း ၂၈၂ ဦးရှိခဲ့ပြီး သြဂုတ်၁၈ရက်အထိ တစ်နိုင်ငံလုံး၌ သေဆုံးသူစုစုပေါင်း ၂၉ ဦးရှိကြောင်း H1N1 ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၂၆) တွင် ဖော်ပြချက်အရ သိရသည်။

သြဂုတ် ၁၈ ရက်အထိ အထူးကုဆေးရုံ (ဝေဘာဂီ)တွင် H1N1 ပိုးတွေ့အတွင်းလူနာလေးဦး၊ အခြားတိုင်းဒေသကြီး/ပြည်နယ် ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့အတွင်း လူနာ ၄၆ ဦးစုစုပေါင်း ၅၀ ဆက်လက်ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်းနှင့် H1N1 ပိုးတွေ့ရှိသော်လည်း ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အခြားရောဂါအခံများကြောင့် သေဆုံးသူစုစုပေါင်း ၁၉ ဦးရှိကြောင်းလည်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Flu Net Website တွင်ဖော်ပြချက်အရ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လ ပထမပတ်အထိ ခုနစ်လတာကာလအတွင်း အရှေ့တောင်အာရှဒေသနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ၏ သတင်းပေးပို့ချက်အရ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေမှာ တရုတ်နိုင်ငံတွင် ၁၂၀၆၀၊ အိန္ဒိယနိုင်ငံတွင် ၁၃၁၈ ဦး၊ နီပေါနိုင်ငံတွင် ၄၈၀၊ သီရိလင်္ကာနိုင်ငံတွင် ၃၇၃၊ မော်ဒိုက်နိုင်ငံတွင် ၂၈၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်၂၇၄ ဦး၊ မြန်မာတွင် ၁၃၆ ဦး၊ ထိုင်းနိုင်ငံတွင် ၁၀၉ ဦး၊ မလေးရှားနိုင်ငံတွင် ၅၉ ဦး၊ ဘူတန်နိုင်ငံတွင် ၄၈ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံတွင် နှစ်ဦးဖြစ်ပွားခဲ့ကြောင်းနှင့် ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေမှာ မြန်မာနိုင်ငံတွင်သာမက နယ်နိမိတ်ချင်း ထိစပ်နေသောနိုင်ငံများနှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအနက် အများစုတွင် အမျိုးအစားတူရာ သီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားနေသည့် ကာလဖြစ်ကြောင်း သိရသည်။

Most Read

Most Recent