ဧရာဝတီမြစ်ရေသည် မန္တလေးနှင့် စစ်ကိုင်းတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်

ဧရာဝတီမြစ်ရေသည် မန္တလေးနှင့် စစ်ကိုင်းတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်
Published 20 August 2017

စစ်ကိုင်းမြို့ ချင်းစုရပ်တွင် ရေကြီးနေသည်ကို သြဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)

ဧရာဝတီမြစ် မန္တလေးမြို့ရေအမှတ်မှာ ယနေ့ သြဂုတ် ၁၉ ရက် မွန်းလွဲပိုင်း တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ်သို့ ရောက်ရှိသည်အထိ မြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

သြဂုတ် ၁၉ ရက် နံနက်ပိုင်း တိုင်းထွာချက်အရ မန္တလေးမြို့ မြစ်ရေအမှတ်မှာ ၁၂၄၅ စင်တီမီတာရှိပြီး မွန်းလွဲပိုင်း တိုင်းထွာချက်အရ ၁၀ စင်တီမီတာ ထပ်မံမြင့်တက်လာကာ ၁၂၅၅ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ နာရီပိုင်းအတွင်း စိုးရိမ်ရေအမှတ်ဖြစ်သော ၁၂၆၀ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

“အထက်ပိုင်း သပိတ်ကျင်းက စိုးရိမ်ရေမှတ်ကို ကျော်သွားပြီး မြင့်တက်မှုက တန့်နေတယ်။ မန္တလေးရေအမှတ်က မနေ့က ၁၂၁၀ စင်တီမီတာကနေ ဒီနေ့ စင်တီမီတာ ၅၀ လောက်နီးနီး တက်လာတယ်။ နေ့လယ်ပိုင်း တိုင်းထွာချက်အရ ၁၂၅၅ စင်တီမီတာ ဖြစ်တာကြောင့် ဒီညနေလောက်မှာ စိုးရိမ်ရေအမှတ် အထက်ကို ရောက်နိုင်ပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန မန္တလေးရုံးခွဲမှ လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းဇော်က ပြောကြားသည်။

ဧရာဝတီမြစ်ရေမှာ လက်ရှိတွင် သပိတ်ကျင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိခဲ့ပြီးနောက် သုံးရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် နောက်တစ်ရက်အတွင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးမြို့များတွင် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်များသို့ ရောက်ရှိနိုင်ကြောင်း မိုး/ဇလဌာနမှ အသိပေး ထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း အများအပြား မြင့်တက်မှု ဖြစ်ပေါ်ခဲ့သော်လည်း မန္တလေးမြို့၏ စိုးရိမ်ရေအမှတ်အောက် နှစ်ပေခန့်အထိသာ မြင့်တက်ခဲ့ရာ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိသည်အထိ မြင့်တက်မှု မရှိသေးဘဲ လက်ရှိမြင့်တက်မှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဒုဋ္ဌဝတီမြစ်ရေမှာလည်း မြင့်တက်မှု ဖြစ်ပေါ်လျက်ရှိပြီး ယနေ့ တိုင်းတာချက်အရ ဒုဋ္ဌဝတီမြစ် မြစ်ငယ်မြို့ ရေအမှတ်မှာ ၈၅၆ စင်တီမီတာသို့ ရောက်ရှိလျက်ရှိပြီး စိုးရိမ်ရေမှတ်ဖြစ်သော ၈၇၀ စင်တီမီတာသို့ တစ်ရက်အတွင်း ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်။

Most Read

Most Recent