လုံခြုံရေး၊ ပြည်ထဲရေးနှင့် ပတ်သက်သည့် သတင်းများ ပြည်နယ်အစိုးရအဖွဲ့ ရရှိမှု နောက်ကျသဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ရန် ခက်ခဲကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ စည်ပင်ဝန်ကြီး ပြောကြား

လုံခြုံရေး၊ ပြည်ထဲရေးနှင့် ပတ်သက်သည့် သတင်းများ ပြည်နယ်အစိုးရအဖွဲ့ ရရှိမှု နောက်ကျသဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ရန် ခက်ခဲကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ စည်ပင်ဝန်ကြီး ပြောကြား
Published 20 August 2017

မောင်တောနယ်စပ်သို့ အစိုးရအဖွဲ့ တာဝန်ရှိသူများ သြဂုတ် ၁၄ ရက်က လာရောက်စဉ် လုံခြုံရေးဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး)

လုံခြုံရေး၊ ပြည်ထဲရေးနှင့် ပတ်သက်သည့် သတင်းများ ပြည်နယ်အစိုးရအဖွဲ့ ရရှိမှု နောက်ကျသဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရန် ခက်ခဲကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ စည်ပင်ဝန်ကြီးက ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ စည်ပင်ဝန်ကြီး ဦးမင်းအောင်က “ပြည်နယ်အစိုးရရဲ့ ပြန်ကြားရေး တာဝန်ယူထားတဲ့ လူတစ်ယောက် အနေနဲ့ ကျွန်တော်တို့ သတင်းကို လူ့အခွင့်အရေးအရ ဖြစ်တဲ့ သတင်း ပြည်သူတွေကို ချက်ချင်းပေးချင်ပေမယ့် ကျွန်တော်တို့ အခက်အခဲက ဘာရှိသလဲဆိုရင် သတင်းတွေကို ပုပ်ဆွေးပြီးမှ ရတယ်။ ဆိုလိုချင်တာက မနေ့ကဖြစ်တဲ့ သတင်းကို ဒီကနေ့မှ ဖတ်ရတယ်။ ဒီလို အခက်အခဲဟာ ကျွန်တော်တို့မှာ ကြုံနေရတယ်။ တကယ့်နယ်စပ်နဲ့ ပတ်သက်တဲ့ ကိစ္စ၊ ပြည်ထဲရေးနဲ့ ပတ်သက်တဲ့ ကိစ္စ ဒီလိုကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ရဲ့ အခက်အခဲက ခုနကဖြစ်စဉ် ဖြစ်တဲ့ကိစ္စတွေကို ချက်ချင်း မသိခဲ့ရတဲ့ အနေအထားမှာ ကျွန်တော်တို့က ပြည်သူတွေကို သတင်းချပြဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒါဟာ ပြည်နယ်ပြန်ကြားရေးရဲ့ ခက်ခဲမှု ဖြစ်ပါတယ်” ဟု ပြောကြားသည်။

သြဂုတ် ၁၉ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြုလုပ်သည့် ပြည်နယ်အစိုးရ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် သတင်းမီဒီယာနှီးနှောဖလှယ်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ်သည် တစ်ကမ္ဘာလုံးက အာရုံစိုက်သည့်ဒေသ ဖြစ်နေသည့်အတွက် သတင်းပြန်ကြားရေးပိုင်းကို အလေးထား ဆောင်ရွက်နေကြောင်း၊ ပြည်နယ်နှင့် တိုင်း ၁၄ ခုတွင် ရခိုင်ပြည်နယ်သည် ပြန်ကြားရေးပိုင်းတွင် ပထမ၊ ဒုတိယ အနေအထားတွင် ရှိနေကြောင်း ဝန်ကြီးက ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေထဲမှာကို ကျွန်တော်တို့ ရခိုင်ပြည်နယ်က အင်မတန် ခက်ခဲတဲ့ အခြေအနေထဲမှာ ဖြတ်သန်းရတဲ့အခါ နိုင်ငံရေး ဖြတ်သန်းမှု၊ နိုင်ငံရဲ့ ဖွံ့ဖြိုးရေး၊ လူမှုရေး၊ ဒီဖြတ်သန်းမှုတွေမှာ အခက်အခဲဆိုတာ တစ်နိုင်ငံလုံး အတိုင်းမှာဆိုရင် ကျွန်တော်တို့ ပြည်နယ်က ခက်ခဲမှု အကြီးကြီး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကလည်း အာရုံစိုက်တဲ့ အနေအထား ဖြစ်ပါတယ်။ ဆိုတော့ ဒီလို အခက်အခဲကြားထဲကပဲ တစ်နိုင်ငံလုံး ပြည်နယ်နှင့်တိုင်း ၁၄ ခုစလုံးရဲ့ သတင်းနဲ့ ပြန်ကြားရေးထဲမှာ ဆိုလို့ရှိရင် ကျွန်တော်တို့ ပြည်နယ်ဟာ အစိုးရအဖွဲ့က ဂျာနယ်ထုတ်ဝေနိုင်မှုမှာ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ် နှစ်ခုပဲ ရှိပါတယ်။ ဝက်ဘ်ဆိုက်တွေ ထူထောင်နိုင်တဲ့ အနေအထားမှာ ပြန်ကြားရေးပိုင်းမှာ၊ ဦးဆောင်လုပ်နေတဲ့ အထဲမှာ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေထဲမှာနဲ့ စာလို့ရှိရင် ရခိုင်ပြည်နယ်ဟာ ပထမ၊ ဒုတိယမှာ လိုက်ပြီးတော့ ဖော်ဆောင်နေတဲ့အကြောင်း ပြောချင်ပါတယ်” ဟု စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောကြားသည်။

အထူးသဖြင့် မောင်တောခရိုင်နှင့် ပတ်သက်လျှင် ဖွဲ့စည်းပုံ အကျပ်အတည်းကြောင့်၊ အထူးလုံခြုံရေး သတင်းဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိမှုပိုင်းတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များထက် နောက်ကျကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သစ်တော၊ သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

“မောင်တောခရိုင်နဲ့ ပတ်သက်လာလို့ရှိရင် ဒီဒေသက နိုင်ငံတကာကလည်း စိတ်ဝင်စားတယ်။ အထူးတလည်ဖြစ်တဲ့ အတွက်ကြောင့် ဒီနေရာမှာ ကျွန်တော်တို့ အစိုးရရဲ့ အားနည်းချက်က ဘာလဲလို့ဆိုရင် ဖွဲ့စည်းပုံ အကျပ်အတည်း ပြဿနာပါ။ လုံခြုံရေး သတင်းတွေကို လုံခြုံရေး ဌာနတွေက သူတို့ ဆိုက်တွေကို တင်ပြပြီးမှ ခုနက စည်ပင်ဝန်ကြီး ပြောခဲ့သလို လုံခြုံရေးသတင်း၊ အထူးလုံခြုံရေး သတင်းတွေကို ကျွန်တော်တို့ အစိုးရဆီကို ပို့တာဟာ တပ်ပိုင်းဆိုင်ရာထက် နောက်ကျပါတယ်။ မောင်တောခရိုင်ကလွဲပြီး ကျန်တဲ့မြို့နယ်တွေက သတင်းတွေ ဆိုလို့ရှိရင် ကျွန်တော်တို့ သိတာနဲ့ ချက်ချင်း ရှင်းရှင်းလင်းလင်း ဖြေကြားပါတယ်။ မောင်တောသတင်းဟာ ဖွဲ့စည်းပုံ အကျပ်အတည်းကြောင့်၊ အထူးလုံခြုံရေးသတင်း ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ လက်နက်ကိုင်အ ဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ ဆိုလို့ရှိရင် ကျွန်တော်တို့ အစိုးရ အဖွဲ့က သတင်းရယူမှုဟာ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့တွေထက် နောက်ကျပါတယ်” ဟု ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

မောင်တောနယ်စပ်တွင် ဖြစ်ပျက်နေသည့် သတင်းများကို နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက နေ့စဉ် သတင်းထုတ်ပြန်နေသည် ဆိုသော်လည်း မြေပြင်အခြေအနေ သတင်းများကို သတင်းထောက်များက ရယူရာတွင် များစွာ အခက်အခဲ ရင်ဆိုင်နေရကြောင်း၊ နယ်စပ်သတင်းများကို ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်မှု အားနည်းချက်များကို ဝေဖန်မှုများ ပေါ်ထွက်လျက်ရှိသည်။

သြဂုတ် ၁၉ ရက်က ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနများနှင့် သတင်းသမားများ၏ ထုတ်ပြန်ကြေညာချက်တွင် ရခိုင်ပြည်နယ် အစိုးရထံမှ သတင်းရယူရာတွင် လိုအပ်သည့် သတင်းအချက်အလက်များကို ထိထိရောက်ရောက် ဖြေကြားပေးနိုင်မည့် မီဒီယာတာဝန်ခံ တစ်ဦးကို သတ်သတ်မှတ်မှတ် ခန့်အပ်ပေးရန် တောင်းဆိုသည့် အချက်တစ်ချက် ပါဝင်သည်။