မြဝတီမြို့တွင် H1N1 သံသယလူနာတစ်ဦး ထပ်မံတွေ့ရှိ

မြဝတီမြို့တွင် H1N1 သံသယလူနာတစ်ဦး ထပ်မံတွေ့ရှိ
Published 20 August 2017

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် H1N1 ကိုယ်ဝန်ဆောင် သံသယလူနာတစ်ဦး ထပ်မံတွေ့ရှိ၍ နှာခေါင်းတို့ဖတ်များကို ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာန NHL သို့ ပေးပို့ထားကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ( ၃) ရပ်ကွက်၊ ကရင်စာပေရုံး အနီးတွင် ကိုယ်ဝန်ဆောင် လူနာတစ်ဦး သံသယလူနာအဖြစ် ထပ်မံတွေ့ရှိခဲ့သဖြင့် ၎င်းလူနာ၏ နှာခေါင်းနှင့် အာခံတွင်း အရည်များကို  NHL အမျိုးသား ဓာတ်ခွဲဌာနသို့ ထပ်မံပေးပို့ထားပြီး အဖြေမရသေးကြောင်းနှင့် အဆိုပါ လူနာအား ဆေးရုံကြီးတွင် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကာ ပြည်သူများ အနေဖြင့် စိုးရိမ်မှု လွန်ကဲရန်မလိုဘဲ ကျန်းမာရေးဌာနမှ လမ်းညွှန်ချက်များကို လိုက်နာနေထိုင်ကြဖို့ လိုအပ်ကြောင်း မြဝတီခရိုင်ဆေးရုံကြီး ဒေါက်တာ သီတာစိုးက ပြောကြားသည်။

ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းခန်းမ၌ သြဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်က ပြုလုပ်သည့် ပြည်သူလူထုနှင့် တွေ့ဆုံပြီး ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့တွင် သြဂုတ် ၁၄ ရက်က H1N1 သံသယလူနာ သုံးဦး တွေ့ရှိခဲ့ပြီး အမျိုးသားဓာတ်ခွဲဌာန၏ ပြန်ကြားချက်အရ နှစ်ဦးမှာ H1N1 Positive ဟု အဖြေရရှိခဲ့ပြီး မြဝတီဆေးရုံကြီးတွင် လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ လူနာနှစ်ဦးစလုံး စိုးရိမ်စရာ မရှိဘဲ အခြေအနေ ကောင်းမွန်နေသည်။

Most Read

Most Recent