ဧရာဝဏ်-ရတနာ အိမ်ရာစီမံကိန်းများအနက် အဆောက်အအုံ ၁၁ လုံးကို ပြည်ထောင်စုဘတ်ဂျက်မှ ဆောင်ရွက်ရန်နှင့် ကျန် ၁၈ လုံးအား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်

ဧရာဝဏ်-ရတနာ အိမ်ရာစီမံကိန်းများအနက် အဆောက်အအုံ ၁၁ လုံးကို ပြည်ထောင်စုဘတ်ဂျက်မှ ဆောင်ရွက်ရန်နှင့် ကျန် ၁၈ လုံးအား ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်
Published 21 August 2017

ဧရာဝဏ်-ရတနာအိမ်ရာစီမံကိန်းများကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းများအနက် အဆောက်အအုံ ၁၁ လုံးကို ပြည်ထောင်စုဘတ်ဂျက် လှည့်ပတ်ရန်ပုံငွေများမှ ကျခံဆောင်ရွက်ရန်နှင့် ကျန် ၁၈ လုံးကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရာတွင် လိုအပ်သော အခြေခံအဆောက်အအုံများကို ဖြည့်တင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လက်ရှိ ဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ရန် စီစဉ်ထားမှုများအရ သိရသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်  ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းလုပ်ဆောင်နေသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းမှာ ငွေကြေးအခက်အခဲကြောင့် ရပ်ဆိုင်းနေပြီး အဆိုပါအခြေအနေကို အစိုးရအဖွဲ့မှ ကူညီစေလိုကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌက ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေသို့ တင်ပြထားသည်။

“အရှေ့ဘက်မှာ ဒုတိယသမ္မတကြီးတို့ဆောက်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ Investor  တွေ လိုပြီးတော့၊ အစကလည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆောက်တာပါ။ အခုက Investment တွေလိုနေပြီး ပိုက်ဆံလည်း မရှိတဲ့အတွက်ကြောင့်မို့ ရပ်ဆိုင်းနေပါတယ်။ အဲဒါကိုလည်း အလေးအနက် စဉ်းစားပြီးတော့ ကျွန်တော်တို့နဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ဒီကဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ဝိုင်းလုပ်နေကြတာပါ။  အဲဒါကိုလည်း ပိုပြီး မြန်ဆန်သွက်လက်ဖို့အတွက် စဉ်းစားပေးပါလို့ တင်ပြလိုပါတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် အဆိုပါ အိမ်ရာစီမံကိန်း နှစ်ခုအား စတင်ရေးဆွဲခဲ့စဉ်က တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမြင့်အိမ်ရာ အိမ်ရာစီမံကိန်းအဖြစ်သာ လုပ်ဆောင်ရန် စီစဉ်ခဲ့ ခြင်းဖြစ်ပြီး တန်ဖိုးနည်းအိမ်ရာ ရာခိုင်နှုန်း ၃၀ နှင့် တန်ဖိုးမြင့်အိမ်ရာ ရာခိုင်နှုန်း ၇၀ ပါဝင်မည်ဖြစ်ကြောင်းနှင့် စီမံကိန်းအား သုံးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်မည်ဖြစ်ကာ ၁၀ နှစ်မှ နှစ် ၃၀ အထိ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး လစဉ် ကျပ် ၈၈၀၀၀ ရရှိသူ၏ ဝင်ငွေအပေါ် ရာခိုင်နှုန်း ၃၀ ကနဦးပေးချေကာ ကျန်ငွေကို လစဉ် အရစ်ကျပေးသွင်းရမည့်နှုန်းထားဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၂၀၁၂  ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ရှင်းလင်းပြောကြားခဲ့ဖူးသည်။

ထို့နောက် စီမံကိန်းစတင်ခဲ့ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များကို စီမံကိန်း လုပ်ကိုင်ခွင့်ပေးအပ်ခဲ့ပြီး Origional Group Co.Ltd အပါအဝင် Developer လေးဦးခန့်ကို ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်း လုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။ ထိုသို့ ချထားပေးပြီးနောက် တန်ဖိုးနည်းအိမ်ရာဆိုသည့် စကားလုံးအစား တန်ဖိုးမျှတအိမ်ရာဟုဆိုကာ အသွင်ပြောင်းလဲလိုက်ပြီး တစ်ခန်းလျှင် ကျပ် သိန်း ၂၀၀ ခန့်ကျသင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုသို့ တန်ဖိုးနည်းဟုဆိုကာ ဆောက်လုပ်ခဲ့သည့် စီမံကိန်းမှာ ကျပ်သိန်း ၂၀၀ အထိ ဖြစ်လာမည်ဆိုသဖြင့် ရန်ကုန်မြို့တွင်းရှိ တာမွေ၊ ကျောက်မြောင်း၊ သင်္ဃန်းကျွန်း အစရှိသည့် မြို့တွင်းနှင့်နီးကပ်သည့် တိုက်ခန်းများမှာ ရာခိုင်နှုန်း ၅၀ ခန့် ရုတ်တရက် တန်ဖိုးမြင့်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ကျပ်သိန်း ၂၅၀ ဝန်းကျင်သာရှိသည့် တိုက်ခန်းများမှာ ကျပ်သိန်း ၃၅၀ ဝန်းကျင်အထိ ခုန်တက်ခဲ့သည်။

အဆိုပါ အိမ်ရာစီမံကိန်းနှစ်ခုကို၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က မြေဧက ၂၂၀ ၌ စတင် ဆောက်လုပ်ခဲ့ပြီး ဧရာဝဏ်-ရတနာ တန်ဖိုးသင့် အိမ်ရာစီမံကိန်း၌ ၂၄ ခန်းတွဲ ၁၈ ထပ် အဆောက်အအုံ ၄၉ လုံးပါဝင်ပြီး အခန်းပေါင်း ၁၆၆၉၆ ခန်းပါဝင်သည်။ အခန်းများကို အကျယ်အဝန်း 600 sqft မှစ၍ ဆောက်လုပ်ခြင်းဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ပူးပေါင်းမှုဖြင့် ကနဦးတွင် ၁၈ ထပ် အဆောက်အအုံခြောက်လုံး ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အထပ်မြင့်ဖြစ်သည့်အတွက် ဘိုးတိုင်များရိုက်ရခြင်း၊ ဓာတ်လှေကားများ တပ်ဆင်ရခြင်း စသည့် အခြေအနေများမှာ ကုန်ကျစရိတ်အား မြင့်မားစေခဲ့ကြောင်း အဆိုပါ စီမံကိန်းနှစ်ခုကို လုပ်ဆောင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အဆိုပါ အိမ်ရာစီမံကိန်းများမှာ မြို့ပြင်နေရာတွင် ရှိနေခြင်း၊ တစ်ပေပတ်လည် ကျပ် တစ်သိန်းဖြစ်နေခြင်း အစရှိသည့် အခြေအနေများကြောင့် စိတ်ဝင်စားမှု နည်းပါးနေခြင်းကြောင့် ရပ်ဆိုင်းနေရခြင်း ဖြစ်နိုင်ကြောင်းနှင့် အဆိုပါ အခြေအနေအပေါ် ဆက်လက်တင်ပြ ပေးမည်ဖြစ်ကြောင်း ဒုတိယသမ္မတနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက တုံ့ပြန် ပြောကြားသည်။

Most Read

Most Recent