H1N1 ရောဂါဖြင့် လူသေဆုံးမှု ဖြစ်ပွားခဲ့သော်လည်း ပေါင်းတည်မြို့၌ မြတ်စွယ်တော် လှည့်လည်ပူဇော်ခံ ပွဲတော် ကျင်းပမည်

H1N1 ရောဂါဖြင့် လူသေဆုံးမှု ဖြစ်ပွားခဲ့သော်လည်း ပေါင်းတည်မြို့၌ မြတ်စွယ်တော် လှည့်လည်ပူဇော်ခံ ပွဲတော် ကျင်းပမည်
Published 21 August 2017

 ယခုနှစ် မြတ်စွယ်တော်ပွဲတော်သို့ လာရောက်ကြသည့် ဈေးဆိုင်ခန်းများကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်း)

ရာသီတုပ်ကွေး H1N1 ရောဂါဖြင့် လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင် ပေါင်းတည်မြို့တွင် မြတ်စွယ်တော် လှည့်လည်ပူဇော်ခံပွဲတော်အား နှစ်စဉ်ကျင်းပသကဲ့သို့ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပေါင်းတည် မြတ်စွယ်တော် လှည့်လည်ပူဇော်ပွဲမှာ မြန်မာနိုင်ငံတွင် အထင်ကရပွဲတော် တစ်ခုဖြစ်ပြီး ဆင်များဖြင့် လှည့်လည်သည့် ပွဲတော်ဖြစ်ကာ သြဂုတ် ၁၂ ရက်က ပေါင်းတည်မြို့နယ် ကျွဲတဲကျေးရွာတွင်နေ ထိုင်သူ အသက်(၄၃ )နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ပြီး H1N1 ဖြင့် သေဆုံးသူဖြစ်ကြောင်း ကျန်းမာရေးဌာနက အတည်ပြုထားခြင်းကြောင့် မကြာမီ ပွဲတော်ကျင်းပမည့်အပေါ် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရန် စည်းဝေးနေသော်လည်း ဒေသခံအချို့မှာ စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း မြို့ခံများက ပြောကြားသည်။

“ဘုရားပွဲကတော့ နှစ်တိုင်းလုပ်နေကျဆိုတော့ ဒေသခံတွေအနေနဲ့ ဖြစ်စေချင်တာပေါ့။ အရေးကြီးတာက H1N1 ဖြစ်နေတဲ့ အခါကျတော့ လုံခြုံရေး စီမံချက်ကတော့ အများကြီးလုပ်ဖို့ လိုအပ်မယ်လေ။ ကျန်းမာရေးဌာန တွေအနေနဲ့ မလုံလောက်ဘူးဆိုရင် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲ။ လုံခြုံရေးစီမံချက်ကို တိတိကျကျလုပ်ဖို့ လိုမယ်လို့မြင်တယ်” ဟု မြို့ခံကိုမိုးလှိုင်က ပြောကြားသည်။

ဘုရားဂေါပကအဖွဲ့များ အနေဖြင့်လည်း ကျန်းမာရေး အဖွဲ့များနှင့် တိုင်ပင်ကာ အသိပညာပေး ဆိုင်းဘုတ်များ ထောင်ခြင်း၊ နှာခေါင်းစည်းများ ဝေငှခြင်း၊ တစ်ရှူးများ ဝေငှခြင်းတို့ ပြုလုပ်ရန်ရှိပြီး အများစိုးရိမ်သလို ဆိုးဆိုးရွားရွားဖြစ်မည် မဟုတ်သလို နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်၍ ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

“နိုင်ငံတော် သတင်းစာတွေမှာပါတဲ့ အတိုင်းပဲလေ။ တစ်နိုင်ငံလုံး မစိုးရိမ်ရတဲ့အပိုင်း။ ကပ်ရောဂါမဟုတ်ဘူး။ များသောအားဖြင့် ကိုယ်ခံအားနည်းတဲ့သူတွေ၊ နဂိုရောဂါအခံရှိတဲ့သူတွေ အဖြစ်များတယ်။ ကျွန်တော်တို့က လည်း ဒါနဲ့ပတ်သက်ပြီး စီစဉ်ပြီးဆောင်ရွက် ထားတဲ့အတွက် စိုးရိမ်စရာမလိုဘူး။ ဒီနှစ် ကတော့ကျင်းပခွင့်က ထစ်ငေါ့ထစ်ငေါ့ ဖြစ်တယ်ဆိုတဲ့အပိုင်းမှာ တရားဝင်စာကို စောင့်ရတယ်။ ဟိုတုန်းကတော့ တရားဝင်စာကို လမ်းကြောင်းက သွားတာကသွားတာပဲ။ လုပ်နေကျလုပ်ငန်းက ပုံမှန်လုပ်နေတာပဲ။ တစ်ခါမှလည်း အထစ်အငေါ့ မရှိခဲ့ဘူး။ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တော့ သတိထားလုပ်တဲ့ သဘောပဲ။ အခုခေတ်ကတော့ သဘောကျတဲ့ လူလည်းရှိတယ်။ သဘောမကျတဲ့လူလည်း ရှိတယ်။ ထောက်ခံတဲ့သူလည်းရှိတယ်။ မထောက်ခံတဲ့သူလည်းရှိတယ်။ ကျွန်တော်တို့ကတော့ ထောက်ခံသူများလို့ ကျင်းပတာပါ” ဟု သကျမုနိ မိုဃ်းကောင်းဘုရားကြီး မြတ်စွယ်တော် အခမ်းအနားစီစဉ်မှုအဖွဲ့ ဒုဥက္ကဋ္ဌဦးကျော်ဦးက ပြောကြားသည်။

မြတ်စွယ်တော် လှည့်လည်ပူဇော်ပွဲအား တော်သလင်းလဆန်း ၁၂  ရက်မှ လပြည့်နေ့အထိ (စက်တာဘာ၂ ရက်မှ ၅ ရက်) ကျင်းပလေ့ရှိပြီး မြတ်စွယ်တော် လှည့်လည်ရာတွင် ဆင်များ၊ ဒေဝါဝင်းရာဇာဝင်း၊ ဘုရားနိပါတ်တော် ဇာတ်သရုပ်ဖော်ထားသည့် နွားလှည်းယာဉ်များ၊ ယိမ်းကားများဖြင့် စည်ကားစွာ ကျင်းပလေ့ရှိကြောင်း သိရသည်။