ဧရာဝတီနှင့် ဒုဋ္ဌဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိလာသဖြင့် အင်းဝမြို့ဟောင်းအတွင်း ရေစတင်နစ်မြုပ်

ဧရာဝတီနှင့် ဒုဋ္ဌဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိလာသဖြင့် အင်းဝမြို့ဟောင်းအတွင်း ရေစတင်နစ်မြုပ်
Published 21 August 2017

စစ်ကိုင်းမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် ဧရာဝတီမြစ်ရေ ဖုံးလွှမ်းမှု ဖြစ်ပွားနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရန်ပိုင်)

ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေမှာ သြဂုတ် ၂၀ ရက်တွင် မန္တလေးမြို့နှင့် မြစ်ငယ်မြို့တို့တွင် စိုးရိမ်ရေမှတ်များ အထက်သို့ ကျော်လွန်ရောက်ရှိ လာခဲ့သဖြင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းသို့ ရေစတင် ဝင်ရောက်လျက်ရှိပြီး နေအိမ်အချို့ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အတွင်းရှိ အင်းဝမြို့ဟောင်းတွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေတို့မှာ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိလာသောကြောင့် အင်းဝရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း မြစ်ရေများ စတင်ဝင်ရောက်လျက်ရှိပြီး နေအိမ်အချို့ ရေနစ်မြုပ်မှု ဖြစ်ပွားနေသည့်အပြင် ဆင်ကျုံးခံတပ်အနီးရှိ အင်းဝမြို့ဟောင်း၏ အပြင်မြို့ရိုး ကျိုးပေါက်မည် စိုးရိမ်ရသဖြင့် သဲအိတ်များဖြင့် ကာရံမှုများ ပြုလုပ်ထားရကြောင်း သိရသည်။

“ဒီနှစ် ရေတက်လာတာက အရင်နှစ်တွေနဲ့မတူဘူး။ ခါတိုင်း ခုလိုအချိန် မြစ်ရေတက်မယ်ဆိုရင် တဖြည်းဖြည်းချင်း တက်လာတာ။ ဒီနှစ်က ထူးခြားတယ်။ မနေ့က မြို့ရိုးနားအထိ ရေမရှိသေးဘူး။ မနက်မှာတော့ ရေကဒူးဆစ်အထက် ရောက်နေပြီ။ ရေတက်တာ မြန်တယ်။ အင်းဝနန်းတွင်းထဲကလည်း လမ်းတွေက အခုလို မိုးတွင်းမှာ ပိုဆိုးနေတော့ ခရီးသွားတွေ သွားရတာ အဆင်မပြေဘူး။ ရေက ဒုဋ္ဌဝတီကလည်း တိုးနေတယ်။ ဧရာဝတီကလည်း ဆက်တိုးနေတယ်ဆိုတော့ ရေက ရက်ပိုင်းအတွင်း မြန်မြန်တော့ ပြန်မကျနိုင်သေးဘူး” ဟု အင်းဝမြို့ဟောင်း ဥတည်ရပ်ကွက်မှ ဒေသခံ ကိုမင်းမင်းက ဆိုသည်။

လက်ရှိတွင် ဧရာဝတီနှင့် ဒုဋ္ဌဝတီမြစ် နှစ်စင်းဆုံရာ နေရာဖြစ်သည့် အင်းဝမြို့ဟောင်း အတွင်းရှိ အရှေ့ဘက်မြို့ရိုး အနီးအထိ ရေဝင်နစ်မြုပ်လျက်ရှိပြီး နေအိမ်အချို့လည်း ရေစတင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဆင်ကျုံးခံတပ်အနီးရှိ အပြင်မြို့ရိုးမှာ ဧရာဝတီမြစ်ရေ ဝင်ရောက်နေခြင်းကြောင့် မြို့ရိုးမကျိုးပေါက် စေရန်အတွက် သဲအိတ်များဖြင့် ထပ်မံကာရံမှုများ ပြုလုပ်ထားကြောင်း သိရသည်။ အဆိုပါ အပြင်မြို့ရိုးမှာ ၂၀၁၆ ခုနှစ်က ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိချိန်က မြို့ရိုးကျိုးပေါက်မှု ဖြစ်ပွားခဲ့သဖြင့် ထပ်မံပြုပြင်မှု ပြုလုပ်ထားရကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သြဂုတ် ၂၀ ရက် နံနက်ပိုင်းက ထုတ်ပြန်ရာတွင် ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၂၆၀ စင်တီမီတာဖြစ်ပြီး လက်ရှိရေမှတ်မှာ ၁၂၈၀ စင် တီမီတာသို့ ရောက်ရှိနေပြီး နောက် ၂၄ နာရီ အတွင်း ၃၅ စင်တီမီတာ ဆက်လက်တိုးလာမည် ဖြစ်ကြောင်း၊ စစ်ကိုင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၁၅၀ စင်တီမီတာရှိရာ လက်ရှိတွင် ၁၁၆၆ စင်တီမီတာသို့ လည်းကောင်း နောက် ၂၄ နာရီအတွင်း ၃၂ စင်တီမီတာသို့ ထပ်မံရောက်ရှိနိုင်ကြောင်း၊ ဒုဋ္ဌဝတီမြစ်ရေမှာ မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၈၇၀ စင်တီမီတာရှိရာ လက်ရှိတွင် ၈၈၄ စင် တီမီတာသို့ ရောက်ရှိနေပြီးနောက် ၂၄ နာရီ အတွင်း ၃၇ စင်တီမီတာသို့ ထပ်မံရောက်ရှိ နိုင်ကြောင်းနှင့် ဧရာဝတီနှင့် ဒုဋ္ဌဝတီမြစ်ရေတို့မှာ အဆိုပါမြို့များ၏ စိုးရိမ်ရေမှတ်များ အထက်တွင် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ သြဂုတ် ၂၀ ရက်က ထုတ်ပြန်ချက်များအရ သိရသည်။

အလားတူ စစ်ကိုင်းမြို့ အနိမ့်ပိုင်းရပ်ကွက် အချို့၌လည်း ဧရာဝတီမြစ်ရေ ဝင်ရောက်ကာ စစ်ကိုင်း-မင်းကွန်း ကားလမ်း (အောက်လမ်း) ရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၏ စိုးရိမ်ရေမှတ် ၁၁၅၀ စင်တီမီတာကို ကျော်လွန်ခဲ့သဖြင့် စစ်ကိုင်းမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သော ဧမြဝတီ၊ ချင်းစု၊ ဘော်ဂါ၊ အုတ်စက်၊ ထုံးဘို၊ လင်းဇင်း၊ တကောင်း စသည့်ရပ်ကွက်များတွင် ရေဝင်မှုဖြစ်ပွားကာ စစ်ကိုင်း-မင်းကွန်းကားလမ်း (အောက်လမ်း) ရှင်ဖြူရှင်လှ ဘုရားအနီး ရေကျော်မှု ဖြစ်ပွားခဲ့သည်။

“နှစ်စဉ် ဒီလပိုင်းရောက်ရင် ရေဝင်နေကျပါ။ ရေဝင်တာ ငါးရက်လောက်ရှိပါပြီ။ ဒီနှစ်က ပုံမှန်ထက် ငါးဆလောက် မြစ်ရေမြင့်တက်လာတော့ စိုးရိမ်ရေအမှတ်ကို ကျော်လွန်သွားတာ။ ဧမြဝတီရပ်ကွက်မှာ မြစ်ရေတက်မှုကြောင့် ရွှေ့ပြောင်းအိမ်ထောင်စု ၁၄၂ စုရှိပါတယ်။ လူမှုဝန်ထမ်းကနေ ဆန်၊ သောက်ရေသန့် ထောက်ပံ့ကူညီ ပေးထားပါတယ်။ ရေက တိုးတာလည်းမြန်တယ်။ ကျတာလည်း မြန်မှာပါ။ သိပ်မကြာနိုင်ပါဘူး။ ရက်ပိုင်းအတွင်း ပြန်ကျသွားမှာပါ” ဟု ဧမြဝတီရပ်ကွက်မှ ဦးစိုးအောင်က ပြောကြားသည်။

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်း-မင်းကွန်းကားလမ်း (အောက်လမ်း) ရှင်ဖြူရှင်လှဘုရားအနီး ရေကျော်မှုကြောင့် ခရီးသွားယာဉ်များ သွားလာမရတော့ဘဲ မင်း ကွန်းဒေသသို့ သွားရောက်သောခရီးသွား ယာဉ်များမှာ အပေါ်လမ်းမှ သွားလာနေရ ကြောင်းသိရပြီး အဆိုပါအပေါ်လမ်းသည် လမ်းကျဉ်းသောကြောင့် အဆင်းအတက်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များ ခက်ခဲစွာသွားလာနေရပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“မနေ့ကစပြီး ကားလမ်းရေကျော်သွားတာ။ သုံးနှစ်ကို တစ်ကြိမ်လောက် ရေကျော်တယ်။ ခုက နှစ်နှစ်ဆက်တိုက် ရေကျော်သွားတယ်။ အပေါ်လမ်းကကျဉ်းတော့ လမ်းပိတ်ဆို့မှုတော့ ဖြစ်တာပေါ့။ ယာဉ်အန္တရာယ်မဖြစ်အောင် သတိထား သွားလာနေရတယ်” ဟု စစ်ကိုင်းမြို့ ဝါးချက်ရွာတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၏ စိုးရိမ်ရေအမှတ် ၁၁၅၀ စင်တီမီတာကို ကျော်လွန်ကာ သြဂုတ် ၂၀ ရက် တိုင်းထွာချက်အရ ၁၁၆၈ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

Most Read

Most Recent