၂၀၁၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများနှင့် ၂၀၁၆/၂၀၁၇ ခုနှစ် ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထပ်ဆင့်ချီးကျူး ဂုဏ်ပြု

၂၀၁၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများနှင့် ၂၀၁၆/၂၀၁၇ ခုနှစ် ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထပ်ဆင့်ချီးကျူး ဂုဏ်ပြု
Published 21 August 2017

၂၀၁၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ ထပ်ဆင့်ချီးကျူး ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို တွေ့ရစဉ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ၂၀၁၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် ၂၀၁၆/၂၀၁၇ ခုနှစ်ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထပ်ဆင့်ချီးကျူး ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို သြဂုတ်  ၂၀ ရက်က ရွှေတိဂုံစေတီတော် ဘုရားရင်ပြင်တော်ရှိ၊ ချမ်းသာကြီး ဘုရားတန်ဆောင်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများအား နေပြည်တော်တွင် နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပြီးဖြစ်ရာ အဆိုပါ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထပ်ဆင့်ချီးကျူးဂုဏ်ပြု ပူဇော်ခြင်းဖြစ်သည်။

အခမ်းအနား အစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာကြသော လူပုဂ္ဂိုလ်များက နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရ ဌဂုရုတိုင်းလုံး ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်တို့ က ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဦးစီးကျင်းပသော ၂၀၁၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား ထပ်ဆင့်ချီးကျူး ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား၌ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဆရာတော် ဘုရားကြီးများနှင့် ၂၀၁၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်းခံရသော ဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများအား စုံလင်စွာ ဖူးမြင်ရပါသည့်အတွက် ပူဇော်သင့်၊ ပူဇော်ထိုက်သော ပုဂ္ဂိုလ်များအား ဂုဏ်ပြုပူဇော်ချီးမြှင့်ခွင့် ရရှိပါသဖြင့် ကောင်းမြတ်သော မင်္ဂလာအပေါင်းဖြင့် ပြည့်စုံရပါကြောင်း၊ ဗုဒ္ဓဘာသာနိုင်ငံ အသီးသီးရှိ မင်းအစိုးရ အဆက်ဆက်တို့က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်း ခဲ့ကြပါကြောင်း၊ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အတွင်း၌လည်း ခေတ်အဆက်ဆက် သာသနာတော်ကို ကြည်ညိုတော်မူကြသော မင်းအစိုးရအဆက်ဆက်တို့က သာသနာတော်တွင် ထူးခြားထင်ရှားသော ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြကြောင်း၊ ယခုအခါ ယခင်က ဆက်ကပ်ခဲ့သည့် ဘွဲ့တံဆိပ်တော် နှစ်မျိုးအပြင် စုစုပေါင်းဘွဲ့တံဆိပ်တော် ၂၃ မျိုးတို့ကို ပြည်တွင်းရှိ သာသနဥသျှောင် ဆရာတော်ကြီးများသာမက၊ ပြည်ပရှိ ထေရဝါဒ ဗုဒ္ဓသာသာတော်ပြု ဆရာတော်ကြီးများကိုပါ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ စဉ်ဆက်မပြတ် ဆက်ကပ်လှူဒါန်း လျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ရရှိခဲ့ကြသည့် ဆရာတော်ကြီးများနှင့် သီလရှင် ဆရာကြီးများအား နေပြည်တော်တွင် နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ဆက်ကပ်အပ်နှင်းခဲ့ပြီး ဖြစ်သော်လည်း မင်္ဂလာတရားတော်နှင့်အညီ သံဃိကဒါနကုသိုလ် မင်္ဂလာပွားစေရန် ရည်သန်၍ ယခုကဲ့သို့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဇေယျာလူမှု ထူးချွန်ဆု၊ နိုင်ငံ့စွမ်းဆောင်ဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေး စေတမာန်ဆုရ ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလ၏ လမ်းညွှန်သြဝါဒနှင့်အညီ ထပ်မံချီးကျူးပူဇော်ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များ စုစုပေါင်း ၄၀ ကျော် ရရှိခဲ့ပါကြောင်း၊ အဆိုပါဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများအား ရန်ကုန်တိုင်းဒေသကြီး သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၏ သြဝါဒနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်စည်းရုံးမှုဖြင့် စေတနာရှင် ပြည်သူပြည်သားများ ထပ်ဆင့်ပူဇော် ချီးကျူးခွင့် ရရှိပါသဖြင့် အတိုင်းမသိ ဝမ်းမြောက်ကြည်နူး ဂုဏ်ထူးများ ရရှိပါကြောင်း” လျှောက်ထားလွှာအား ဖတ်ကြားပူဇော်ခဲ့သည်။

ထို့နောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်သာသနနုဂ္ဂဟဘွဲ့ရ လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်း ခဲ့ကြသည်။

ဆက်လက်၍ မင်္ဂလာပိုဒ်စုံရတု သီကျူးပူဇော်ခြင်း၊ အလှူတော်ငွေများ ပေးအပ်လှူဒါန်းခြင်း၊ တိပိဋကတ်ယော ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာကြားခြင်းနှင့် ရေစက်သွန်းချ အမျှဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ၊ သီလရှင် ဆရာကြီးများအား ဆွမ်းဆန်စိမ်း ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ လွှတ်တော်၊ ဌာနဆိုင်ရာ အဖွဲ့ အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ ရာနှင့်ချီ၍ တက်ရောက်ပူဇော် ခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent