ကဆုန်းကျေးရွာဒေသရှိ ကေအိုင်အေတပ်မဟာ (၂) လက်အောက်ခံ ရင်း(၁၁) နယ်မြေကို ကန့်သတ်နယ်မြေအဖြစ် ကေအိုင်အို ကြေညာကြောင်း သိရ

ကဆုန်းကျေးရွာဒေသရှိ ကေအိုင်အေတပ်မဟာ (၂) လက်အောက်ခံ ရင်း(၁၁) နယ်မြေကို ကန့်သတ်နယ်မြေအဖြစ် ကေအိုင်အို ကြေညာကြောင်း သိရ
Published 21 August 2017

 

ကဆုန်းကျေးရွာဒေသရှိ ကေအိုင်အေ တပ်မဟာ (၂)လက်အောက်ခံ ရင်း ၁၁ နယ် မြေကို ကန့်သတ်နယ်မြေအဖြစ် ကေအိုင်အိုက သြဂုတ် ၁၈ ရက်က ကြေညာခဲ့ကြောင်း သတင်းရရှိသည်။ ကေအိုင်အေတပ်မဟာ (၂) လက်အောက်ခံ ရင်း ၁၁ နယ်မြေမှာ နမ္မမြို့မြောက်ဘက်တောင်ကြောနှင့် မြစ်ကြီးနားမြို့ အနောက်တောင်ဘက်ခြမ်းတွင် တည်ရှိနေပြီး စစ်ရေး၊ နိုင်ငံရေး တင်းမာချိန်ဖြစ်သဖြင့် သစ်ခုတ်ခြင်း၊ တောလည်ခြင်း၊ ငါးဖမ်းခြင်းများ လုံးဝမပြုလုပ်ရန် တားမြစ်လိုက်ကြောင်း ဖော်ပြထားသည်။

ကန့်သတ်သည့်နယ်မြေမှာ နန့်ခမ်းချောင်းရိုး တစ်လျှောက်မှ ခမွတ်ချောင်း၊ ဖော်ကျန်ကုန်းအထိ၊ ဖော်ကျန်ကုန်းမှ နမ္မတီးချောင်း၊ ရှန်ခချောင်း၊ မိုင်ဇော်ခက်၊ ပိတောက်တောင်အထိ၊ ပိတောက်တောင်မှ လက်ထောက်ချောင်း၊ ရီတောင်ချောင်း၊ ဝရောင်တောင်အထိ၊ ဝရောင်တောင်မှ တာရိုးယာန်၊ ဂျောင်ဒေါ့၊ ရှလဲန်ခက်၊ ဖုန်အင်ချောင်းအထိ တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း ဖော်ပြထားပြီး နယ်မြေအတွင်း ဖြစ်လာသည့် ပြဿနာများကို လုံး၀ တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

မြစ်ကြီးနားမြို့ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးမှ ဦးဒေါင်ခါးက “ကေအိုင်အိုထဲက အရပ်ဘက်အုပ်ချုပ်ရေးဘက်က ထုတ်ပြန်တာပါ။ ကဆုန်းဒေသခံတွေအတွက် နေရပ်ပြန်ဖို့ အနှောင့်အယှက် မဖြစ်နိုင်ပါဘူး။ ကေအိုင်အိုက ကချင်လူထုရဲ ဆုံးဖြတ်ချက် ဆန္ဒကိုလေးစားပြီးလုပ်နေတော့ ဒါတွေကို ညှိနှိုင်း တာဝန်ယူသွားမှာပါ။ အခုဖြစ်သွားတာက ကဆုန်းမှာဖြစ်သွားတဲ့ အတွေ့အကြုံအရပေါ့။ အစိုးရဘက်က နေ့ချင်းညချင်း ဝင်ရောက်လာတဲ့ကိစ္စကြောင့်ပါ။ တပ်ဘက်မလာတော့ဘူး ပြောတာလည်း ယုံကြည်ဖို့ခက်ပါတယ်။လက်တွေ့အပေါ်မှာပဲ ကြည့်ရမှာပါ။ကဆုန်းကျေးရွာအတွင်း ကေအိုင်အေမနေဖို့ တပ်မတော်ဘက်က တောင်းဆိုတာကတော့ သဘာဝမကျပါဘူး” ဟု ပြောကြားသည်။

Most Read

Most Recent