ဝန်ကြီးချုပ်အချို့အား တိုင်ကြားမှုများ ရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များအား တိုင်ကြားမှု ၂၀၀ ကျော်အနက် ၂၀ ကျော်ကို သတိပေးပြစ်ဒဏ်မှစ၍ ပါတီတာဝန်ရပ်ဆိုင်းသည်အထိ အရေးယူမှုရှိခဲ့ဟု ဆို

ဝန်ကြီးချုပ်အချို့အား တိုင်ကြားမှုများ ရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များအား တိုင်ကြားမှု ၂၀၀ ကျော်အနက် ၂၀ ကျော်ကို သတိပေးပြစ်ဒဏ်မှစ၍ ပါတီတာဝန်ရပ်ဆိုင်းသည်အထိ အရေးယူမှုရှိခဲ့ဟု ဆို
Published 21 August 2017

 

လွှတ်တော်ကိုယ်စားလှယ်များအား တိုင်ကြားမှု ၂၀၀ ကျော်ရှိခဲ့ပြီး ၂၀ ကျော်ကို သတိပေးပြစ်ဒဏ်မှစ၍ ပါတီတာဝန်ရပ်ဆိုင်းသည်အထိ အရေးယူမှုရှိခဲ့ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထိုသို့ တိုင်ကြားမှုများတွင် ပြည်သူလူထုအား မောက်မာစွာဆက်ဆံခြင်း၊ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း ဆက်ဆံရာတွင် ပြေပြစ်မှုမရှိခြင်း၊ အလုပ်အမှုဆောင်အဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊ ပါတီ၏မူဝါဒ၊ ညွှန်ကြားချက်များကို မလိုက်နာခြင်း စသည်တို့ပါဝင်ကြောင်းနှင့် တိုင်ကြားစာများ နှင့် ပတ်သက်၍ ပါတီတွင်း စည်းမျဉ်းစည်းကမ်းများနှင့်သာ အရေးယူခြင်းဖြစ်ပြီး ဥပဒေ ကြောင်းအရ ပတ်သက်မှုရှိလာပါက ပါဝင် ဆောင်ရွက်ခြင်း မရှိကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ အရေးယူမှုမျိုးကလည်း ပါတီတွင်း အရေးယူမှုမျိုးပါ။ သတိပေးတာကနေ စမယ်။ ဒဏ်ငွေ ပေးဆောင်ခိုင်းတာတွေ၊ နောက်ဆုံး ကျွန်တော်တို့ကပါတီက ထုတ်ပယ်တဲ့အထိ ဒါပါတီစည်းကမ်းအရပဲ အရေးယူတာပါ။ ဥပဒေအရ ငြိစွန်းရင် ဥပဒေအရပဲ ဆက်လုပ်ဆောင်ဖို့ တစ်ခါတည်း ညွှန်ကြားလိုက်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထိုသို့အရေးယူဆောင်ရွက်ရာတွင် ပါတီမှ သတိပေးပြစ်ဒဏ်မှစ၍ ပါတီတာဝန် ရပ်ဆိုင်းခြင်းများ လက်ရှိအချိန်အထိ ပြုလုပ်ခဲ့ပြီး အချို့ကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် စီစဉ်လျက်ရှိကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်အချို့ကိုလည်း ဥပဒေမဲ့လုပ်ဆောင်မှုများ ရှိသည်ဟုဆိုကာ တိုင်ကြားချက်များရှိပြီး လက်ရှိအချိန်အထိ အရေးယူနိုင်သည့်ပြစ်မှု ထင်ရှားတွေ့ရှိခြင်း မရှိကြောင်းလည်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကယားပြည်နယ်နှင့် ချောင်းဆုံမြို့နယ် ပါတီအမှုဆောင်အဖွဲ့များ ပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်းနှင့် လူငယ်ဖွဲ့စည်းရေး ကိစ္စများကို ယခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ လူငယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အသက် ၃၀ အထိသာ ခွင့်ပြုရန်သတ်မှတ်ထားကြောင်းလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။

“ကယားပြည်နယ်ကပြန်ဖွဲ့မယ်။ ဥက္ကဋ္ဌက ဦးသောင်းဌေး၊ ဒုဥက္ကဋ္ဌက နန်းထွေးသူ လွှတ်တော်ကိုယ်စားလှယ်၊ ဦးသောင်းဌေးကတော့ အစကတည်းက EC ထဲမှာပါတာ။ အတွင်းရေးမှူးကတော့ ဒေါက်တာအောင်ကျော်ဌေး၊ ကျန်တဲ့ EC တွေကတော့ အကုန်တူတူပဲ” ဟု ဦးဝင်းထိန်က ပြောကြားသည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်းရှိ လစ်လပ်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရန် ပျက်ကွက်မှုကြောင့် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေး၍ ပြည်နယ် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူကို ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ထိုသို့ ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်။

Most Recent