ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အကျဉ်းသား ၁၀၀၀ ဆံ့သည့် ထောင်သုံးခု မကြာမီဖွင့်လှစ်မည်

ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အကျဉ်းသား ၁၀၀၀ ဆံ့သည့် ထောင်သုံးခု မကြာမီဖွင့်လှစ်မည်
Published 21 August 2017

ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အကျဉ်းသား ၁၀၀၀ ဆံ့သည့် အကျဉ်းထောင်သုံးခုကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သြဂုတ် ၂၀ ရက်တွင် မြန်မာနိုင်ငံအကျဉ်းဦးစီးဌာနမှ စုံစမ်းသိရသည်။

အဆိုပါ ဖွင့်လှစ်မည့်အကျဉ်းထောင်သုံးခုမှာ ပဲခူးတိုင်းဒေသကြီးရှိ ဒိုက်ဦးမြို့နယ်တွင် လည်းကောင်း၊ မွန်ပြည်နယ်ရှိ ကျိုက်မရောမြို့နယ်တွင် လည်းကောင်း၊ ကချင်ပြည်နယ်ရှိ မိုးညှင်းမြို့နယ်တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီးတွင်လည်း အကျဉ်းသား ၁၀၀၀ ဆံ့သည့် ထောင်တစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါထောင်အား ၂၀၁၇ ခုနှစ်အတွင်း၌ အပြီး တည်ဆောက်သွားမည်ဟု သိရသည်။

ယင်းကဲ့သို့ အကျဉ်းထောင်များအား တိုး ချဲ့ဆောက်လုပ်နေသော်လည်း NLD အစိုးရလက်ထက်တွင် အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် တရားရင်ဆိုင်နေရဆဲ နိုင်ငံရေး အကျဉ်းသားများ ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လကုန်အထိ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၂၅ ဦးရှိသည့်အနက် နိုင်ငံရေးအကျဉ်းသား ၃၅ ဦး အကျဉ်းကျခံနေရပြီး ကျန်တရားရင်ဆိုင်နေရသူ ၁၈၆ ဦးတွင် ၅၀ မှာ အကျဉ်းထောင်အတွင်းမှ တရားရင်ဆိုင်နေရကြောင်း AAPP (နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ) ၏ သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်သည့် လစဉ်အစီရင်ခံစာမှ သိရသည်။

Most Read

Most Recent