ရန်ကုန်မြို့ တိုက်ကြီးမြို့နယ် အတွင်းရှိ ရပ်ကွက်တစ်ခုတွင် ကျန်းမာရေး ချို့ယွင်း၍ လုပ်ကိုင်မစားသောက် နိုင်တော့သည့် မိသားစုနှစ်စုအား ပတ်ဝန်းကျင်က အလှူခံ ကျွေးမွေးနေရ

ရန်ကုန်မြို့ တိုက်ကြီးမြို့နယ် အတွင်းရှိ ရပ်ကွက်တစ်ခုတွင် ကျန်းမာရေး ချို့ယွင်း၍ လုပ်ကိုင်မစားသောက် နိုင်တော့သည့် မိသားစုနှစ်စုအား ပတ်ဝန်းကျင်က အလှူခံ ကျွေးမွေးနေရ
Published 21 August 2017

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်းရှိ ရှမ်းစုရပ်ကွက်၊ ပြည်တော်သာအပိုင်းရှိ စိုက်ပျိုးရေးခြံများတွင် ခြံစောင့်အဖြစ် နေထိုင်သော မိသားစုနှစ်စုသည် ကျန်းမာရေးချို့ယွင်း၍ လုပ်ကိုင်မစားသောက် နိုင်သောကြောင့် ပတ်ဝန်းကျင်က အလှူခံကျွေးမွေး စောင့်ရှောက်ထားရကြောင်း သိရသည်။

အဆိုပါ မိသားစုနှစ်စုတွင် တစ်စုသည် အသက် ၇၀ ခန့်ရှိ အဘိုးအိုတစ်ဦးနှင့် မီးဖွားထားပြီး အာဟာရမပြည့်ဝ၍ ကျန်းမာရေးချို့ယွင်းနေသည့် သမီးဖြစ်သူ မဖြူဖြူတို့မိသားစု ဖြစ်ကြပြီး ကျန်တစ်စုသည် လင်မယား နှစ်ယောက်စလုံး ကျန်းမာရေး ချို့ယွင်းနေသည့်အပြင် ကလေးငယ် လေးယောက်ရှိသည့် ကိုပိုင်စိုးတင့်နှင့် မအေးအေးနွယ် မိသားစုတို့ ဖြစ်ကြောင်း အလှူခံကျွေးမွေးရာတွင် ပါဝင်ခဲ့သည့် ဒေါ်သဲမာချိုက ပြောကြားသည်။

“ကိုယ်ပိုင်ယာပိုင်တော့ မရှိကြဘူးပေါ့။ သူတို့က ခြံစောင့်နေကြတာ။ ယောက်ျားက ပထမတစ်ခါ တီဘီဖြစ်တယ်။ အစိုးရကပေးတဲ့ ဆေးတွေဘာတွေနဲ့ သက်သာသွားတယ် ဆိုပါတော့။ အခုတစ်ခါ ဆေးယဉ်ပါး တီဘီဆိုပြီး ထပ်ဖြစ်တယ်။ ရောဂါဖြစ်နေလို့ အာဟာရစားဖို့ ဆိုတာကလည်း အမျိုးသမီးကလည်း မွေးခါနီး ဖွားခါနီး ဖြစ်နေတဲ့ အချိန်ဆိုတော့ သူလည်း ခြေထောက်တွေ ရောင်တယ်။ ကျန်းမာရေး မကောင်းဘူး။ လိုက်ပြီးအကူညီတောင်း အစ်မတို့ကလည်း အကူညီပေးတယ်။ တို့တွေကလည်း ရှိတဲ့သူတွေ မဟုတ်တော့ ဖူလုံမှု မရှိဘူးပေါ့။ ဒီကလေးတွေရဲ့ကျန်းမာရေးတွေအတွက် မဖြစ်သင့်ဘဲ ဖြစ်သွားမှာတွေကို မလိုချင်လို့ မရှက်မရွံ့ဘဲ ၅၀ ဖြစ်ဖြစ် ၁၀၀ ဖြစ်ဖြစ် ထောက်ပံ့ကြေးလေးပေ့ါနော်။ သူတို့မိသားစု စားဝတ်နေရေးရော ဆေးထိုးဆေးသောက်ဖို့ အာဟာရအတွက် အကူအညီပေးကြပါဆိုပြီး လိုက်လုပ်တော့ ပေးတော့ ပေးကြတာပေ့ါနော်။ ကလေးလေးယောက်ကို နှစ်ယောက်က သူတို့စာသွားသင်တဲ့ ဘုန်းကြီးကျောင်းက ကျွေးတယ်ပေ့ါနော်။ နောက်မိသားစု တစ်စုကတော့ ကောင်မလေးက မီးဖွားထားတော့ အာဟာရကလည်း မရှိတော့ မွေးထားတော့ ကလေးကလည်း မသန်စွမ်းလေးလိုပဲ။ သူကလည်း အဖေအိုကြီးနဲ့နေတော့ စားဝတ်နေရေးက ချို့တဲ့ပြန်ရော။ ကိုယ်ပိုင်နေကြတာလည်း မဟုတ်တော့ အဆင်မပြေဘူး” ဟု ၎င်းက ပြောကြားသည်။

မဖြူဖြူတို့ မိသားစုသည် လက်ရှိအချိန်တွင် ဖခင်ဖြစ်သူ အဘိုးအိုက ထင်းခြောက်များကို တတ်နိုင်သမျှ ရှာဖွေကာ ရသည့်ဈေးဖြင့် ရောင်းချနေရခြင်းကြောင့် လုံလောက်မှုမရှိကြောင်း သိရပြီး ကိုပိုင်စိုးတင့်နှင့် မအေးအေးနွယ်တို့ မိသားစုသည် လင်မယားနှစ်ယောက်စလုံး ကျန်းမာရေးချို့ယွင်းနေသဖြင့် လုပ်ကိုင် စားသောက်နိုင်ခြင်း မရှိသောကြောင့် ပတ်ဝန်းကျင်ကို အကူအညီ တောင်းရခြင်းဖြစ်ကြောင်း မအေးအေးနွယ်က ပြောကြားသည်။

“အစ်မအမျိုးသားကလည်း အရင်တုန်းကတော့ အလုပ်လုပ်ပါတယ်။ နေထိုင်မကောင်းဖြစ်တော့ သူလည်း မလုပ်နိုင်တော့ဘူး။ သူမလုပ်နိုင်တော့ ကျွန်မလည်း ခြံထဲက ရတာလေးတွေကို ဈေးရောင်းပါသေးတယ်။ နောက်ပိုင်း ကိုယ်ဝန်ကလည်း ရင့်လာတယ်။ ခြေထောက်တွေလည်း ရောင်လာတာရှိတယ်။ နေမကောင်းတော့ လုံးဝမလုပ်နိုင်တော့ဘူး။ ခြံပိုင်ရှင်ကတော့ ကူညီပေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဆေးဖိုးနဲ့ စားသောက်ဖို့ အတွက်က ဘယ်လိုမှ အဆင်မပြေဘူး။ ဟိုတလောက မသဲမာချိုတို့ အလှူခံပေးတဲ့ ဆန်လေးပြည်လောက်ရယ် ငါးခြောက်နှစ်ထုပ်ရယ် ပိုက်ဆံ ၁၈၀၀ ရယ်ရတယ်။ ဒီလိုစားရတာပေ့ါ” ဟု ၎င်းက ပြေကြားသည်။

လက်ရှိအချိန်တွင် ကူညီဆောင်ရွက်ပေးသူများ အနေဖြင့်လည်း စားဝတ်နေရေး တစ်ဖက်ဖြင့် ကူညီပေးနေရခြင်း ဖြစ်သောကြောင့် ပြည့်စုံလုံလောက်မှု မရှိကြောင်း သိရပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များ အနေဖြင့် လာရောက်ကူညီပေးမည် ဆိုပါက ၀၉၂၅၂၆၀၈၅၉၉ (မသဲမာချို)၊ ၀၉၂၅၄၉၁၅၃၅၂ (ကိုကျော်ကြီး) ထံသို့ ဆက်သွယ် ကူညီပေးရန် ဆန္ဒရှိကြောင်း သိရသည်။

 

Most Read

Most Recent