International

ဗြိတိန်ဘုရင်မ အလစ်ဇဘတ် အသက် ၉၁ နှစ်ပြည့် မွေးနေ့ အခမ်းအနားဆင်နွှဲ

ဗြိတိန်ဘုရင်မ ဒုတိယမြောက် အလစ်ဇဘတ်သည် ဧပြီ ၂၁ ရက်တွင် အသက် ၉၁ နှစ်ပြည့်မြောက်ခဲ့ပြီး ကမ္ဘာ့ထီးနန်းစိုးစံမှုအရှည်ကြာဆုံး ဘုရင်မသည် လူငယ်မျိုးဆက်များထံ နန်းတော်တာဝန်များ လွှဲပေးရန်အတွက် လုပ်ဆောင်နေကြောင်း သိရသည်။ လန်ဒန်ရှိ Tower Bridge တွင် သေနတ်ပစ်ဖောက် ဂုဏ်ပြုမှုနှင့် Hyde Park တို့တွင် ဘုရင်မ၏ မွေးနေ့အထိမ်းအမှတ်ကို ကျင်းပမည်ဖြစ်ရာ အလစ်ဇဘတ်၏ အသက် ၉၀ ပြည့် မွေးနေ့ အခမ်းအနားကဲ့သို့မဟုတ်ဘဲ ခပ်မှိန်မှိန်သာ ကျင်းပမည့် လက္ခဏာဖြစ်သည်။

ပိတ်ပင်ခံရသော်လည်း ဘန်ကောက်၏ လမ်းဘေးဈေးဆိုင်ယဉ်ကျေးမှု ရှင်သန်နိုင်မည်ဟု ထိုင်းခရီးသွားလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြောကြား

လမ်းဘေးဈေးဆိုင်များအား ပိတ်ပင်မှု ရှိသော်လည်း ဘန်ကောက်၏ လမ်းဘေးဆိုင်ယဉ်ကျေးမှုသည် ယင်းဖိနှိပ်မှုကို ရှင်သန်ကျော်လွှားနိုင်မည်ဟု ထိုင်းခရီးသွားလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌက ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ အများပြည်သူအား လမ်းလျှောက်ရန် စင်္ကြံနေရာ ပြန်ပေးရန်အတွက် ဘန်ကောက်၏ လမ်းဘေးဈေးဆိုင်များအားလုံးကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ အာဏာပိုင်အဖွဲ့ ယခုသီတင်းပတ်တွင် ကြေညာခဲ့သည်။

ရုရှားနှင့် အမေရိကန် အာကာသယာဉ်မှူးနှစ်ဦး အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ထွက်ခွာ

အမေရိကန်နှင့် ရုရှား အာကာသယာဉ်မှူးနှစ်ဦးသည် ကာဇက်စတန်ရှိ ဗိုက်ကိုနော အာကာသစခန်းမှနေ၍ ဧပြီ ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ထွက်ခွာသွားခဲ့ပြီး ဆယ်စုနှစ် တစ်ခုကျော်အတွင်း ပထမဆုံးသော အာကာသယာဉ်မှူး နှစ်ဦးပါ အာကာသယာဉ် လွှတ်တင်မှု ဖြစ်ခဲ့သည်။

အမေရိကန်-ဆော်ဒီ မဟာမိတ်ဆက်ဆံရေးကို ပြန်အားကောင်းစေရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဆော်ဒီသို့ ရောက်ရှိ

အမေရိကန်နှင့် ဆော်ဒီအာရေဗျအစိုးရတို့၏ မဟာမိတ်ဆက်ဆံရေး ပြန်လည်အားကောင်းလာစေရန်အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမာတစ်သည် ဧပြီ ၁၉ ရက်က ဆော်ဒီသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုနှစ်နိုင်ငံစလုံးသည် အီရန်ကို ရန်သူဟု သတ်မှတ်ကာ အီရန်၏ လုပ်ရပ်များသည် ဒေသတွင်း၌ မတည်မငြိမ်ဖြစ်စေသည်ဟု ရှုမြင်ကြသည်။

ပြင်းထန်သည့် ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဆီးရီးယား အရပ်သားများအား ကယ်ဆယ်နေရာ ရွှေ့ပြောင်းရေး ပြန်လည်စတင်

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြင်းထန်သည့် ဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အရပ်သားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရေး လုပ်ငန်းကို ပြန်လည်စတင်ခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က အတည်ပြု ပြောကြားခဲ့သည်။

အစိုးရထိန်းချုပ်ထားသော ဖူအာနှင့် ကာဖရာယာမြို့များမှ ယာဉ်တန်းကြီးသည် အလက်ပိုမြို့ပြင်ရှိ သူပုန်တို့ ထိန်းချုပ်ထားသော ကြားခံစခန်း ရာရှီဒင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။