Local

ရခိုင်ပြည်နယ်အတွင်းနှင့် တနင်္သာရီတိုင်း ထားဝယ်ဒေသအနှံ့တွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်

ရခိုင်ပြည်နယ်အတွင်းနှင့် တနင်္သာရီတိုင်း ထားဝယ်ဒေသအနှံ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး ခရီးသွားလာမှုပြတ်တောက်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်းရှိ မြစ်ချောင်းများတွင် ရေကြီးနေသဖြင့် အမြန်ရေယာဉ်လိုင်းများနှင့် ပြည်တွင်းရေကြောင်းသင်္ဘောများအားလုံး ရပ်နားထားကြောင်း သတင်းရရှိသည်။

မြ၀တီဒေါနတောင်ကျော်လမ်းသစ်တွင် တောင်ပြိုကျမှုကြောင့် နေ့ဝက်ခန့်လမ်းပိတ်ခဲ့ပြီး ကားအစီးရေ ၂၀၀ ခန့်ပိတ်မိ

မြန်မာ - ထိုင်းနယ်စပ်ကုန်သွယ်မှု ကောင်းမွန်လာစေရန် ဖောက်လုပ်နေသော မြ၀တီ - ကော့ကရိတ် ဒေါနတောင်ပတ် ဒုတိယလမ်းသစ်အလယ်တောင်နေရာတွင် ဇွန် ၂၅ ရက် ညပိုင်းက တစ်ညလုံးမိုးရွာသွန်းမှုကြောင့် တောင်ပြိုကျကာ လမ်းပေါ်ပိတ်ဆို့နေခြင်းကြောင့် ဇွန် ၂၆ ရက်တွင် နေ့ဝက်ခန့်လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။

တရားဝင်ဖွင့်လှစ်တော့မည့် မြ၀တီ- ကော့ကရိတ်လမ်းသစ်အား ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်နှင့် ကုန်တင်ယာဉ်များ နေ့စဉ်ရာနှင့်ချီ၍ သွားလာလျက်ရှိကာ တောင်ပြိုကျမှုကြောင့် လမ်းဟောင်းမှသွားလာခြင်းမရှိဘဲ  မော်တော်ယာဉ် အစီး ၂၀၀ ခန့် စောင့်ဆိုင်းနေရသည်ဟုဆိုသည်။

၂၀၀၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ရွှေတိဂုံစေတီတော်၌ ၀တ်ပြုဆုတောင်းသူ ဒေါ်နော်အုန်းလှအား ဒဂုံမြို့နယ်တရားရုံးက ထောင်ဒဏ်ခြောက်လချမှတ်

၂၀၀၇ ခုနှစ်အတွင်း နေအိမ်အကျယ်ချုပ်ကျခံနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ရွှေတိဂုံစေတီတော်ပေါ်၌ ၀တ်ပြုဆုတောင်းမှုနှင့်ပတ်သက်၍ ဒေါ်နော်အုန်းလှအား ဒဂုံမြို့နယ်တရားရုံးက ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ထောင်ဒဏ်ခြောက်လချမှတ်ခဲ့ကြောင်း သိရသည်။

မိုးတွင်းကာလ လျှပ်စစ်မီးမကြာခဏပြတ်တောက်ရခြင်းမှာ ဓာတ်အားလိုင်းများအား အလိုအလျောက်စနစ်ဖြင့် ဖြတ်တောက်ခြင်းဖြစ်ကြောင်းသိရ

မိုးရွာတိုင်း(သို့) လေတိုက်တိုင်း မကြာခဏ လျှပ်စစ်မီးဖြတ်တောက်ရသည့်အကြောင်းအရင်းမှာ လျှပ်စစ်ဓာတ်အားလိုင်းအား ၀န်ထမ်းများမှ ဖြတ်တောက်သည်မဟုတ်ဘဲ ဓာတ်အားခွဲရုံတွင်ရှိသည် Automatic အလိုအလျောက်ဖြတ်တောက်သည့် အာရုံခံပစ္စည်းဖြင့် ဖြတ်တောက်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထွေထွေမန်နေဂျာတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံရှိ မြစ်ကြီးများအတွင်း ဓာတုအဆိပ်သင့်ပစ္စည်းများ ပျော်ဝင်လာမှုကြောင့် ရေညစ်ညမ်းမှုများဖြစ်ပေါ်နေ

မြန်မာနိုင်ငံရှိ မြစ်ကြီးများအတွင်း ဓာတုအဆိပ်သင့်ပစ္စည်းများ ပျော်ဝင်လာမှုကြောင့် ရေညစ်ညမ်းမှုများဖြစ်ပေါ်နေပြီး ထိန်းသိမ်းမှုများပြုလုပ်ရန် လိုအပ်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ပြောကြားသည်။